Breaking News

အမေရိကန်သမ္မတဟောင်း Trump ကို New York တရားရုံးတော်က ရာဇ၀တ်မှုတွင် အပြစ်ရှိကြောင်း သမိုင်းတွင်မည့် ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ

အမေရိကန်သမ္မတဟောင်း Trump ကို New York တရားရုံးတော်က ရာဇ၀တ်မှုတွင် အပြစ်ရှိကြောင်း သမိုင်းတွင်မည့် ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ

နိုင်ငံတကာ သာဂိ
(မိုးမခ) မေ ၃၀၊ ၂၀၂၄

NPR News, သတင်းထောက် - Ximena Bustillo & Andrea Bernstein သတင်းကို ပြန်ရေးသည်။

အမေရိကန်သမ္မတဟောင်း Donald Trump ဟာ Manhattan ရာဇ၀တ်တရားရုံးမှာ နှုတ်ပိတ်ခ ငွေကြေးလာဘ် ထိုးခဲ့ကြောင်း စွပ်စွဲခံရသည့်တရားစီရင်မှုအတွက် တရားရုံးမှာ ကြာသပတေးနေ့ကရုံးတက်ခဲ့ပြီး New Yorkers မှ ဂျူရီလူကြီးများက သူ့ကို ရာဇ၀တ်မှု ၃၄ ခုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

နယူးယော့ခ် - သမ္မတဟောင်း Donald Trump သည် 2016 ရွေးကောက်ပွဲ ရလဒ်အပေါ် လွှမ်းမိုးရန် အတု အယောင် စီးပွားရေးငွေကြေးမှတ်တမ်း ၃၄ မှု ဖြင့် လိမ်ညာခဲ့သည်အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ လက်ရှိတွင် ထရန့်သည် ၂၀၂၄ သမ္မတလောင်းအဖြစ် ရစ်ပတ်ဘလစ်ကန်ပါတီကိုယ်စားပြုဝင်ပြိုင်ရန် ဆက်ကြိုးစားနေချိန်မှာ အပြစ်ရှိကြောင်းဆုံးဖြတ်ခံရသသည့် သမိုင်းဝင်အဖြစ်အပျက် ဖြစ်သည်။

အမေရိကန်သမ္မတဟောင်း သို့မဟုတ် လက်ရှိသမ္မတတစ်ဦးအား ရာဇ၀တ်မှုဆိုင်ရာစွဲချက်များဖြင့် ပထမဆုံးအကြိမ် အပြစ်ရှိကြောင်းဆုံးဖြတ်ခံရခြင်းမှာ အမေရိကန်သမိုင်းတွင်ပထမဦးဆုံး ဖြစ်သည်။

2016 ပြိုင်ပွဲတွင် အနိုင်ရရှိရေးအတွက် မတော်သြဇာများ အသုံးချရန်၊ အပြာကားရုပ်ရှင်သရုပ်ဆောင် Stormy Daniels အား နှုတ်ပိတ်လျှို့ဝှက်ငွေ $130,000 ပေးချေမှုအား ဖုံးကွယ်ရန် Trump သည် ငွေကြေးလွှဲပြောင်းမှု မှတ်တမ်းများကို အတုအယောင်ပြုလုပ်ခဲ့ကြောင်း နယူးယောက် တရားသူကြီး ၁၂ ဦးက တညီတညွတ်တည်း အမှုထင်ရှားသည်ဟု ဆုံးဖြတ်ကြောင်း ယနေ့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

စီရင်ချက်တွေကိုဖတ်ပြီးချိန်မှာတော့ Trump ဟာ ဆိတ်ဆိတ်နေပြီး ငြိမ်နေခဲ့ပါတယ်။ သို့သော် သမ္မတဟောင်းက တရားခွင်အပြင်ဘက်တွင် သတင်းထောက်များကို ဒေါသတကြီးနဲ့ တုံ့ပြန် ချေပပြောဆိုခဲ့ပြီး ၎င်းအား "လိမ်လည်၍ အရှက်ကွဲစေသော တရားစီရင်မှု" ဟု ခေါ်ဆိုကာ "စစ်မှန်သော စီရင်ချက်" ကို ရွေးကောက်ပွဲနေ့တွင် ပြန်ဆိုမည်ဟု ပြောကြားခဲ့သည်။ Trump ၏ဥပဒေရေးရာအဖွဲ့က ၎င်းသည် ပြစ်ဒဏ်ကို အယူခံဝင်မည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

New York တရားသူကြီး Juan Merchan သည် ရီပတ်ဘလစ်ကန် ပါတီ၏သမ္မတလောင်းအမည် အတည်ပြုမည့် ပါတီအမျိုးသားညီလာခံ မစတင်မီလေးရက်အလိုတွင် ဇူလိုင် ၁၁ ရက်၌ ပြစ်ဒဏ်မည်သို့ ချမည်ကို ထုတ်ပြန်မည် ဖြစ်သည်။ Trump သည် အမှုတခုစီအတွက် ငွေဒဏ် ၅ ထောင်နဲ့အထက်၊ အမြင့်ဆုံးထောင်ဒဏ် ၄ နှစ်အထိချမှတ်ခံရသော်လည်း သမ္မတဟောင်းအတွက် သက်ညှာသောစဉ်းစားမှုရှိနိုင်မည်ဟု အထင်ပေးကြသည်။

အဓိက ဂျူရီများ၏ အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ရေးအတွက် သက်သေပြရန် လိုအပ်သည့်အရာမှာ Trump သည် ရာဇ၀တ်မှုများ ပြုလုပ်ရန်အတွက် မှတ်တမ်းများကို အတုအယောင်ပြုလုပ်ခြင်းဖြစ်သည်။ ဤကိစ္စတွင် New York ရွေးကောက်ပွဲဥပဒေအား ချိုးဖောက်ခြင်းသည် "မည်သူမဆို ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးရန် သို့မဟုတ် တားဆီးရန် ပူးပေါင်းကြံစည်သူ နှစ်ဦး သို့မဟုတ် ထိုထက်မကသော ပုဂ္ဂိုလ်များက ကြိုတင် ကြံစည် ကျူးလွန်ကြခြင်းသည်ရာဇ၀တ်မှုဖြစ်စေသည်။ တရားမ၀င်နည်းလမ်းဖြင့် ပြည်သူ့ရွေးကောက်ပွဲ လှုပ်ရှားမှု အက်ဥပဒေအား ချိုးဖောက်ခြင်း၊ ငွေကြေးများ ပေးခြင်း၊ ရယူခြင်း သို့မဟုတ် အခြားသော လုပ်ငန်းမှတ်တမ်းများကို အတုအယောင် ပြုလုပ်ခြင်း ရှိ၊ မရှိ ဂျူရီလူကြီးများက ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

2015 ခုနှစ် သြဂုတ်လတွင် Trump သည် ၎င်း၏သမ္မတလောင်းလျာထားမှုကို ကြေညာပြီး နှစ်လအကြာတွင် National Enquirer tabloid ၏ထုတ်ဝေသူ David Pecker သည် Trump Tower တွင် Trump နှင့် Cohen နှင့်တွေ့ဆုံခဲ့ကြောင်း Pecker နှင့် Cohen ၏ထွက်ဆိုချက်များအရ သိရသည်။
ထိုအစည်းအဝေးတွင် Pecker က Trump မဲဆွယ်စည်းရုံးရေး၏ "မျက်စိနှင့်နား" ဖြစ်မည်ဟုသဘောတူကြောင်းသက်သေခံခဲ့သည်။ သူ့အလုပ်မှာ ထရန့်ကို ထိခိုက်စေမည့် သတင်းဆိုးများကို အတိတ်လှန်ခြင်းများကို ငွေပေးပြီးဝယ်ယူ နှုတ်ပိတ်ခြင်း၊ အမျိုးသမီးများထံမှ စွပ်စွဲမှုများကို တိမ်မြုပ်အောင် လုပ်စေခြင်းကို တာဝန်ယူခဲ့သည်။
တစ်ချိန်တည်းတွင် Trump ၏ ပြိုင်ဘက်များအကြောင်း အပျက်သဘောဆောင်သည့် သတင်းများကို ထုတ်ဝေရန်ဖြစ်သည်။ ဤသို့သော် အိုးမည်းသုတ်မည့် ဇာတ်လမ်းများထဲမှ အချို့ကို မထုတ်ဝေမီ အတည်ပြုချက်ရယူရန် Trump နှင့် Cohen တို့ထံ ပေးပို့ခဲ့သည်ဟု Pecker က ပြောကြားခဲ့သည်။
နောက်နှစ်တွင် Pecker က ၎င်းသည် ဤအခန်းကဏ္ဍကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ထွက်ဆိုချက်ကို Daniels နှင့် Playboy မော်ဒယ်ဟောင်း Karen McDougal တို့ကို ကိုယ်စားပြုသည့် ရှေ့နေ Keith Davidson မှ အတည်ပြုခဲ့သည်။ ဇွန်လ 2016 ခန့်တွင် McDougal သည် Trump နှင့် တစ်နှစ်ကြာ လျို့ဝှက်ဆက်ဆံရေးအကြောင်းသူမ၏ဇာတ်လမ်းကို လူသိရှင်ကြားထုတ်ရန်စဉ်းစားခဲ့သည်။ သို့သော် Pecker သည် Trump မှ ငွေပြန်ပေးမည်ဟုမျှော်လင့်ချက်ဖြင့် ထိုဇာတ်လမ်းအတွက် နှုတ်ပိတ်ငွေကြေး ပေးခဲ့သည်။

ထရမ့်မှာ အပြစ်ရှိကြောင်း စီရင်ချက်သည် လာမည့်သမ္မတရွေးကောက်ပွဲအတွက် သက်ရောက်မှု အနည်းငယ်သာ ရှိနိုင်သည်ဟု စစ်တမ်းက တွေ့ရှိခဲ့သည်။ Trump သည် ၎င်း၏ 2024 မဲဆွယ်စည်းရုံးမှုကို ထိခိုက်စေသည့် “ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်ခြင်း” စွပ်စွဲမှုများ တရားရင်ဆိုင်နေရသည့် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်များကို အဆက်မပြတ် ပြန်လှန် ပြစ်တင်ဝေဖန်နေဆဲ ဖြစ်သည်။

ထိုဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက် သမ္မတဘိုင်ဒင်၏ ရွေးကောက်ပွဲအောင်နိုင် ေရးအဖွဲ့က ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ “ဒီနေ့နယူးယောက် တရားရုံးဆုံးဖြတ်ချက်မှာ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာကို သက်သေပြလိုက်တာ ဖြစ်တယ်” ထုတ်ပြန်သည်။ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ် တိုင်လာက “ဒေါ်နယ်ထရန့်ကို တရားရုံးက အပြစ်ရှိတယ်လို့ ဘယ်လိုဆုံးဖြတ်သည်ဖြစ်စေကာမူ သူ၏ ရစ်ပတ်ဘလစ်ကန်ပါတီကတော့ ထရန့်ကိုသမ္မတလောင်းအဖြစ် ဇွတ်တင်ကြမှာပဲ။ သည်လိုလူမျိုးကို သမ္မတအဖြစ်ကနေ တား ဆီးနိုင်ဖို့က ပြည်သူ့မဲဆန္ဒတွေနဲ့သာ အပြတ်အသတ် ဆုံးဖြတ်ပေးလိုက်မှ ဖြစ်မယ်” လို့ ပြောကြားလိုက်သည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar