Breaking News

ဝင်းတင့်ထွန်း - ကျွန်းပြန် ဦးတင်အောင် (သို့မဟုတ်) ၄၈၂၈ အေဖိုး

Photo- Credit

ကျွန်းပြန် ဦးတင်အောင် (သို့မဟုတ်) ၄၈၂၈ အေဖိုး
ဝင်းတင့်ထွန်း
(မိုးမခ) မေ ၃၁၊ ၂၀၂၄


( ၁ )

ကိုကိုးကျွန်းပြန်တွေထဲမှာ တိုက်တိုက်ဆိုင်ဆိုင် အမည်တူ ‘ ဦးတင်အောင်’ က နှစ်ယောက် ရှိပါတယ်။  တဦးက ဆရာဗန်းမော်တင်အောင်၊ တဦးက  ‘ပဲခူးဦးတင်အောင်’ (ခေါ်) အန်ကယ်ကြီး (ခေါ်) ခေါင်းဖြူဦးတင်အောင်။
တကယ်တော့ ဆရာဗန်းမော်တင်အောင်ကလဲ  ကလောင်နာမည် ခံယူတော့သာ ‘ဗန်းမော်တင်အောင်’ လို့ခံယူခဲ့ပေမဲ့ ဇာတိအမှန်က ပဲခူးသား၊ ခေါင်းဖြူကိုတင်အောင်ကလဲ ပဲခူးသား။

ကျွန်းပြန်တွေထဲမှာ  ‘ခေါင်းဖြူကိုတင်အောင်’  ‘ ရကသကိုတင်အောင်’ လို့ပဲ ခေါ်ဝေါ်အသိအမှတ် ပြုထားကြတဲ့ ဒီ ကိုကိုးကျွန်းပြန်ကိုတင်အောင်ကို  ကျွန်တော်ကတော့ ‘အစ်ကိုကြီး’ လို့ပဲ ခေါ်လေ့ရှိပါတယ်။ ရန်ကုန်နိုင်ငံရေးလောကမှာ  ကျွန်တော်က ‘အစ်ကိုကြီး’ တပ်ပြီး ခေါ်လေ့ရှိသူတော်တော်များများထဲမှာ ဒီ ‘ကိုတင်အောင်’ လဲ တယောက် အပါအဝင်ဖြစ်ပါတယ်။ ဥပမာအားဖြင့် - ကျွန်းပြန်တွေထဲကဆိုရင်.. အစ်ကိုကြီးကိုလှချို၊ အစ်ကိုကြီးကိုလှတင်အောင်၊ အစ်ကိုကြီးကိုအောင်ဝင်း၊ အစ်ကိုကြီးကိုမြစိန်။ ကျွန်းပြန်မဟုတ်သူတွေထဲကဆိုရင် အစ်ကိုကြီးကိုလှရွှေ (အောင်သာ-ပီသုံးလုံး)၊ အစ်ကိုကြီးကိုအောင်သူ (မြင်းခြံ)၊ အစ်ကိုကြီးကိုတင်မောင်ဝင်း စသဖြင့် စသဖြင့်။ 

အစ်ကိုကြီးကိုတင်အောင်ကိုတော့ သူ့ကွယ်ရာမှာ ကျွန်တော်တို့တော်တော်များများက ‘ခေါင်းဖြူကြီး’ လို့ပဲ ခေါ်လေ့ရှိပါတယ်။ သူက အဲသလို ကင်ပွန်းတပ်ရလောက်အောင်လဲ ငယ်ငယ် ရွယ်ရွယ်ကတည်းက ခေါင်းက တခေါင်းလုံး ဖြူနေခဲ့သူ မဟုတ်လား။နောက်တော့ လက်မောင်းပေါ်က အမွှေးတွေရော၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေပါ ဖြူ ဖြူလာတာ တွေ့ရပါလေတယ်။ ဒီအချိန်မှာ အင်မတန်ဟာသဖေါက်တတ်၊ အရွှန်းအသောပြောတတ်လွန်းတဲ့၊ ကျွန်းပြန်တယောက်လဲဖြစ်တဲ့ အစ်ကိုကြီး ကိုလှတင်အောင်ကဆိုရင် “ ဒို့ ကိုတင်အောင်က ခေါင်းတင် ဖြူတာမဟုတ်ဘူးကွ၊ လက်မွှေးပါ ဖြူတာ၊ လက်မွှေးပါ ဖြူတာ..” လို့တောင် နောက်စစဆိုတာ ကြားရဖူးပြီး၊ အစ်ကိုကြီးကိုတင်အောင်က  “ ဟေ့လူ..ကိုလှတင်အောင်၊ လက်မွှေးပါ ဖြူတာကို ပီပီသသပြောပါဗျ၊ လက်မွှေး.. လက်မွှေး..လို့-” ဆိုပြီး ပြုံးစစနဲ့ တုံ့ပြန်တဲ့အတွက်၊ ကိုလှတင်အောင်က  “ ခင်ဗျားကလဲ ကျွန်တော်တို့ဗမာစကားမှာ မန်ကျီးပင်ကို- မကျီးပင်၊ ပုသိမ်ကို- ပသိမ် ၊ ခင်ဗျားတို့ပဲခူးကို -ပဂိုး လို့တောင် ပြောကြဆိုကြတာပဲဗျာ။ လက်မွှေးကိုလဲ လမွှေးလို့ပြောတာ မလွန်ပါဘူးဗျာ-” လို့ပြောရင်း၊ သဘောကျစွာ တဟဲဟဲနဲ့ရယ်မောတဲ့အခါ ကျွန်တော်တို့အားလုံးလဲ ပြုံးခဲ့ကြရဖူးပါတယ်။

အစ်ကိုကြီးကိုတင်အောင်ကို စတင်တွေ့ဖူးတာကလဲ အဲဒီကိုလှတင်အောင်ရဲ့အိမ်မှာဖြစ်ပြီး၊ ကျွန်တော့်ကို စတင်မိတ်ဆက်ပေးလေသူက ဦးလေးဦးဖေတင် ( မြင်းခြံ ) ဖြစ်ပါတယ်။ ဦးဖေတင်ကိုတော့ ကျွန်တော်က ‘ဦးလေး’ လို့ခေါ်လေ့ရှိပြီး၊ ဦးလေးဦးဖေတင်ဟာလဲ အစ်ကိုကြီးကိုတင်အောင်တို့ ကိုလှတင်အောင်တို့လို  ကျွန်းပြန်တဦး ဖြစ်ပါတယ်။
ဦးဖေတင်ကိုကျတော့ သူတို့က “ ဝိဇ္ဖာကြီး” လို့ခေါ်ကြတာ သတိထားမိလိုက်ပါတယ်။ ဦးလေးဦးဖေတင်နဲ့ကျွန်တော်ဟာ အင်းစိန်ထောင်ထဲမှာလဲ အတူနေရဖူးသလို၊ သာယာဝတီထောင်ကို ပြောင်းရတော့လဲ အတူနေရဖူးသူဖြစ်ပါတယ်။ ၁၉၈၂ တုန်းက ယူဂျီမှုနဲ့ ထောင်တွေအချခံရတော့ ဦးလေးဦးဖေတင်တို့၊ အစ်ကိုကြီးကိုလှရွှေတို့က ထောင်ချခံရနှစ် နည်းတဲ့အတွက်၊ ကျွန်တော့်အရင် လွတ်သွားကြရာ၊ ကျွန်တော် သာယာဝတီထောင်က လွတ်လာချိန်မှာတော့ ဦးလေးဦးဖေတင်ဟာ ကျွန်တော့်ကို တခုတ်တရ လိုက်လံရှာဖွေတွေ့ဆုံရုံမက၊ ရန်ကုန်မှာ သူ ယာယီနေထိုင်အိပ်စက်လေ့ရှိရာဖြစ်တဲ့ ကိုလှတင်အောင်ရဲ့အိမ်အထိလဲ ခေါ်သွားတတ်လေ့ရှိရာက အဲဒီမှာ တရက်မှာ ကိုတင်အောင်နဲ့ပါတွေ့ဆုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ဦးဖေတင်ကနေ အစ်ကိုကြီးကိုတင်အောင်နဲ့မိတ်ဆက်ပေးခဲ့ရာက စတင်သိကျွမ်းခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတုန်းက ထောင်က လွတ်လာခါစပဲ ရှိသေးတဲ့ ကျွန်တော့်ကို အစ်ကိုကြီးကိုတင်အောင်က “ ဘာအကူအညီပေးရမလဲ၊ လိုအပ်တာရှိရင် ပြောပါ-” လို့လဲ လှိုက်လှိုက်လှဲလှဲ ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ... အစ်ကိုကြီးကိုတင်အောင်ကလဲ  တရက်မှာ ကျွန်တော့်ကို သူ့အိမ်အထိ ခေါ်သွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူ့အိမ်ဟာ လမ်းသစ်ရိပ်သာထဲက တိုက်ခန်းလေးတခုထဲမှာ ဖြစ်ပါတယ်။ အဲဒီလမ်းသစ်တိုက်တန်းလျားတွေထဲက တိုက်တလုံးထဲမှာ ဆရာဦးဝင်းတင် ( ဟံသာဝတီ ဦးဝင်းတင်) လဲ နေနေရာ၊ အဆောက်အဦတလုံးထဲ အတူတူမဟုတ်ပေမဲ့၊ အစ်ကိုကြီး ကိုတင်အောင်နေနေတဲ့ တိုက်ခန်းနဲ့ သိပ်မဝေးလှပဲ အကြမ်းဖျင်းအားဖြင့်ပြောရရင် အိမ်နီးနားချင်းတွေလို့တောင် ဆိုနိုင်ပါလိမ့်မယ်။ အဲဒီ လမ်းသစ်တိုက်တန်းရှည်ကြီးထဲက သူ့အခန်းလေးထဲမှာ အစ်ကိုကြီးကိုတင်အောင်ဟာ ကျွန်တော့်ကို .. “ ခင်ဗျားလူရင်းကြီး ကိုကျော်မြနဲ့ဆုံတုန်းကလဲ သူက ကျွန်တော့်ကို ပြောလိုက်ဖူးသေးတယ်ဗျ။ ခင်ဗျားလွတ်လာပြီဆိုတာ ကြားထားပြီးသားမို့ထင်ပါတယ်။ ခင်ဗျား ဘာအကူအညီလိုသလဲ- လိုတာရှိရင် ပေးပေးဗျာ..လို့တောင် ပြောဖူးတယ်..” လို့ အပြုံးစစ လေအေးလေးနဲ့ဆိုပါတယ်။ ကျွန်တော် ပြုံးလိုက်မိပါတယ်။ ကောင်းစွာလဲသဘောပေါက်လိုက်မိပါတယ်။ ကျွန်တော်က  “ အခုကတော့ ဘာမှ မလိုသေးပါဘူး။ ကျွန်တော်လဲ အညာဖက်ရွှေဘိုဖက် သွားစရာလေးတွေ ရှိသေးတယ်။ တ..ယောက်တည်းသမားဆိုတော့ ခေါင်းဝင် ကိုယ်ဆန့်ပါပဲ။ ဘယ်မှာဖြစ်ဖြစ်သိ ပ်တော့ အခက်အခဲ မရှိလှသေးပါဘူး-” လို့ပဲ အလိုက် သင့် ပြောဆိုဖြစ်ခဲ့ပါတယ်။ အဲဒီနေ့က သူ့တိုက်ခန်းလေးထဲကအထွက်မှာ ကိုတင်အောင်က  “ လာ ..ခင်ဗျားကို ကျွန် တော်က နတ်သုဒ္ဓါကျွေးရအုံးမယ် ”လို့လဲ ပြုံးစစနဲ့ဆိုလာလို့ ထောင်ကထွက်လာတာ သိပ်မကြာသေးတဲ့ကျွန်တော့်မှာ ရုတ်တရက်တော့ နားမလည်နိင်အောင်တောင် ဖြစ်သွားရပါသေးတယ်။

နေ့လယ်ခင်းဆိုတော့ နေကလဲ တော်တော်အရှိန်ရနေဆဲအချိန်ကြီးမှာ သူက  ကျွန်တော့်ကို ရှေ့ကနေ စိုက်စိုက် စိုက်စိုက်နဲ့ဦးဆောင်ခေါ်သွားရာ၊ အအေးဆိုင်ကြီးတဆိုင်ရဲ့ ရှေ့ဆီရောက်သွားခဲ့ပါတယ်။ ဘုန်းကြီးလမ်းပေါ်ကလား၊ အဲဒီအနီးအနားက လား၊ကောင်း ကောင်းမမှတ်မိတော့ပေမဲ့၊ ဆိုင်ရဲ့ နာမည်ကတော့... ‘ ရွှေပုစွန်’ ဆိုတာ မှတ်မိနေပါတယ်။ ဟိုတုန်းက နာမည်ကြီး ‘ဦးပွင့်ကောင်း’ ရဲ့အဆက်အနွယ်တွေထဲကပဲ ဖွင့်လှစ်သလားဆိုတာတော့ မသိ၊ အဲဒီအချိန်တုန်းကတော့ ‘ ရွှေပုစွန်ကိတ်နဲ့အအေးဆိုင်’ဟာ နာမည်တော်တော်ကြီးပုံ ရပါတယ်။ အစ်ကိုကြီးကိုတင်အောင်က ဆိုင်ထဲကို ရောက်တော.. ‘ နတ်သုဒ္ဓါ နှစ်ပွဲ’ လို့ မှာလိုက်ရင်း ခပ်ပြုံးပြုံးကြီး လုပ်နေပါတယ်။ ရောက်လာမှကြည့်လိုက်လေတော့...ရေခဲမုန့်လိုအကောင်းစားအအေးတမျိုးဖြစ်နေရာ ကျွန်တော်လဲ ဇွန်းနဲ့ခပ်စားရင်း အားရပါးရ ပြန်လည်ပြုံးလိုက်မိပါတယ်။ အစ်ကိုကြီးကိုတင်အောင်တို့နဲ့အတူ ကျွန်းက ပြန်ရောက်လာတဲ့ စာရေးဆရာကြီးတဦးဖြစ်တဲ့ ဆရာမြသန်းတင့်က သူတို့ကျွန်းက ပြန်ရောက်စမှာ ရန်ကုန်မြို့ကြီးရဲ့အသွေးအရောင်တွေ ပြောင်းလဲနေပုံတွေကို ဆောင်းပါးတပုဒ်ထဲမှာ ရေးပြထားရာ... ဖော့ခရစ်တွေ လှိုင်းကြီးလှိုင်း လတ်ဆိုတာတွေ ပေါ်နေတာတွေကို ရေးပြထားတာကို ဖျတ်ခနဲအမှတ်ရလိုက်မိရင်း ကျွန်တော်လဲ ထောင်ကထွက်အလာမှာ အစ်ကိုကြီးကိုတင်အောင်ကျွေးလို့စားလိုက်ရတဲ့ ‘နတ်သုဒ္ဓါ’ ကို ကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးစရာ အမှတ်ရစရာတခု ဖြစ်သွားခဲ့ရပါတယ်။

နောက်ပိုင်းမှာလဲ ကျွန်တော် ရန်ကုန်မှာရှိနေတဲ့ ကာလတချို့မှာ အစ်ကိုကြီးကိုတင်အောင်နဲ့ ဟိုမှာ သည်မှာ ဆုံစည်းဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဦးလေးဦးဖေတင်ကြီး ရုတ်တရက်ဆုံးပါးသွားလို့ ရက် လည်သဘောအထိမ်းအမှတ်သဘော ပြုလုပ်ခဲ့တဲ့ ရန်ကုန်သရက်တော ကျောင်းတိုက်ဝင်းထဲက ဆွမ်းကျွေးပွဲမှာလဲ ဆုံဖြစ်သေးသလို၊ ရန်ကုန်မြို့လယ်က လမ်းမပေါ်မှာ၊ ဦးလေးဦးခင်မောင်မြင့်ရဲ့ ပုဇွန်တောင်ဈေးထဲက ဆေးလိပ်ဆိုင်လေးမှာ ဖျတ်ခနဲ ဖျတ်ခနဲတော့ ရံဖန်ရံခါဆုံဖြစ်နေခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ထွန်းလာတဲ့အချိန်မှာတော့ ဆုံစည်းရမှုတွေဟာ ပိုလဲ စိပ်လာခဲ့သလို၊ ပိုလဲအမှတ်ရစရာတွေ အများအပြားဖြစ် လာခဲ့ပါတယ်။ အရေးတော်ပုံကြီးအတွင်း မြို့လုံး ပတ်လည် လှည့်လည်ချီတက်ဆန္ဒပြပွဲကြီးတွေ ဆင်နွဲကြတဲ့အချိန်မှာ အစ်ကိုကြီးကိုတင်အောင်ဟာ ကျွန်တော်တို့တွေနဲ့ မှတ်မှတ်ထင်ထင် လာရောက်အတူဆင်နွဲခဲ့တာလဲ ရှိပါတယ်။ ဦးလေးဦးခင်မောင်မြင့်က ခေါင်းဆောင်ပြီး၊ ‘ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်ကျောင်းသားသမဂ္ဂဝင်ဟောင်းကြီးများ’ ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ဧရာမခွပ်ဒေါင်းအလံကြီးကို ဖြန့်ခင်းကိုင်ဆွဲ ချီတက်လာရာမှာ၊ ကျွန်းပြန်ဟောင်းကြီးတွေရော ကျွန်းပြန်သစ်တွေပါ ပါဝင်ခဲ့ပါတယ်။ ကျွန်းပြန်ဟောင်းကြီးတွေဆိုတာက ပထမဆုံးသော စစ်အစိုးရလို့ပြောရမယ့် ၁၉၅၉ ဗိုလ်နေဝင်းအိမ်စောင့်အစိုးရလက်ထက်က ပထမဆုံးသောကျွန်းသို့အပို့ခံရသူတွေထဲက ကျွန်းပြန်ကြီးတွေဖြစ်တဲ့ လေထီးဗိုလ်အုန်းမောင်တို့၊ လမ်းစဉ်ဦးစောလွင်-တို့လို ပုဂ္ဂိုလ်တွေလဲ ပါဝင်ပြီး၊ အစ်ကိုကြီးကိုတင်အောင်တို့ခေတ် (၁၉၆၉ က အပို့ခံရတဲ့) ကျွန်းပြန်တွေဖြစ်ကြတဲ့- အစ်ကိုကြီးကိုတင်အောင်၊ ကိုလှချို၊ ကိုလှတင်အောင်၊ ကိုမြစိန်၊ ကိုကြည်ညွန့်၊ ကိုအောင်ဝင်း၊ ကိုတင်စိန် (ဗိုလ်ဓမ္မ)၊ ကိုမြင့်ဦးသစ်၊ ဦးလှဖေ...တို့လို ပုဂ္ဂိုလ်တွေလဲ ပါပါတယ်။ သူတို့တွေထက် အနည်းဆုံး ဆယ်စုနှစ်တစုစာ ငယ်တဲ့ ကျွန်တော်တို့ ( ကိုမိုးဝင်း၊ ကိုမိုးမြင့်၊ ကိုမြအောင် စတဲ့စတဲ့သူတွေ )က ‘ ၁၉၇၀ပြည့်နှစ်လွန် တိုက်ပွဲဝင်အလုပ်သမား လယ်သမား ကျောင်းသားလူငယ်လူရွယ်များ’ ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ ချီတက်ခဲ့ရာမှာ ရံဖန်ရံခါ အစ်ကိုကြီးကိုတင်အောင်နဲ့လဲ အတူဆုံစည်းဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက သူက တခြားအရေးကြီးတာဝန်တွေလဲ ရှိနေလေတော့- ရံဖန်ရံခါ ရောက်ရောက်လာတတ်ပြီး၊ ရံဖန်ရံခါလဲ ပျောက်ပျောက်သွားတတ်တာအပေါ် ကျွန်တော်ကတော့ ကောင်းစွာ နားလည်နေမိခဲ့ပါတယ်။

အရေးတော်ပုံကြီးပြီးတဲ့နောက်တော့... ကျွန်တော်တို့တွေက ဦးလေးဦးခင်မောင်မြင့် ခေါင်းဆောင်တဲ့ ပြည်သူ့တိုးတက်ရေးပါတီ တကျော့ပြန် ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်သွားခဲ့ကြပါတယ်။ အဲဒီအခါမှာလဲ အစ်ကိုကြီးကိုတင်အောင်ဟာ ကျွန်တော်တို့ ရုံးချုပ်လုပ်ထားရရာ ဦးလေးဦးခင်မောင်မြင့်ရဲ့ အိမ်ခန်းလေးထဲဆီ ရံဖန်ရံခါ ရောက်လာတတ်ရာ၊ ကျွန်တော်နဲ့တော့ ရံဖန်ရံခါဆုံဖြစ်နေတတ်ခဲ့ပါတယ်။ ဦးလေးဦးခင်မောင်မြင့်ရဲ့ ဖုန်းမော်နှစ်ပတ်လည်နေ့မိန့်ခွန်းအပါအဝင်၊ ပဲခူးဆိုင်းဘုတ်တင်ပွဲမိန့်ခွန်း၊ သင်္ကန်းကျွန်း၊ မြောက်ဥက္ကလာမိန့်ခွန်းတွေကို စာအုပ်ငယ်လေးတွေအဖြစ်
ရိုက်နှိပ် ဖြန့်ချိခဲ့ရာမှာ အဲဒီစာအုပ်လေးတွေ ရာနဲ့ချီပြီး ဖြန့်ချိပေးခဲ့သူတဦးကတော့ အစ်ကိုကြီးကိုတင်အောင်ဖြစ်ပါတယ်။ အဲဒီစာအုပ်လေးတွေကို ရာနဲ့ချီပြီး အထုပ် အထုပ်လေးတွေခွဲပြီး၊ လမ်းသစ်က ကိုတင်အောင်ရဲ့တိုက်ခန်းလေးဆီအရောက် တာဝန်ယူပို့ပို့ပေးခဲ့ရသူက ကျွန်တော်ဖြစ်နေခဲ့ပါတယ်။

နောက်ပိုင်းမှာ အစ်ကိုကြီးကိုတင်အောင်တို့ အဖမ်းမခံရခင်မှာ ဦးလေးဦးခင်မောင်မြင့် နဲ့အစ်ကိုကြီးကိုလှရွှေတို့ အဖမ်းခံကြရပါတယ်။ ဦးခင်မောင်မြင့်တို့ကိုဖမ်းတာက ၄၈၂၈ နဲ့ ဘာမှ မဆိုင်ပါ။ ၄၈၂၈ ကိစ္စလဲ လုံးဝမပေါ် ပေါက်သေးပါ။ ဆဲဗင်းဇူလိုင်နှစ်ပတ်လည်လှုပ်ရှားမှုတွေ မတိုင်ခင်၊ ကြို တင်ထိန်းချုပ်တဲ့အနေနဲ့ ဇွန်လနောက်ဆုံးပတ်ထဲကတည်းက ကြိုတင်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လထဲမှာမှ ကိုသက်ခိုင်တို့အစ်ကိုကြီးကိုတင်အောင်တို့တွေ အဖမ်းအဆီးခံကြရပြီး၊ အဲဒီရဲ့နောက်ပိုင်းမှာတော့... ကျွန်တော်တို့ ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်အားလုံးကိုလဲ ဆက်တိုက်လိုလို လိုက်လံ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ခြေသလုံးအိမ်တိုင်သမားဖြစ်တဲ့ ကျွန်တော်ဟာ သီသီကလေး လက်မတင်လေးနဲ့လွတ် မြောက်ခဲ့ပါတယ်။ 

နောက်ဆုံးတော့ ပြည်တွင်းမှာ နေရာအနှံ့လှည့်လည် ဝရမ်းပြေးနေရာက မိတ်ဆွေတချို့ရဲ့မေတ္တာ ရပ်ခံချက်အရ၊ ပြည်တွင်းမှာတောင် ဆက်လက် ဝရမ်းပြေးလို့မရတော့ပဲ ပြည်ပ နယ်စပ်တနေရာအထိ ပြေးခဲ့ရပါတော့တယ်။
အစ်ကိုကြီးတို့တွေ၊ ဦးလေးဦးခင်မောင်မြင့်တို့တွေရဲ့ သတင်းတွေကိုတော့ ပြည်ပနယ်စပ်တနေရာကပဲ ဆက်လက်နားစွင့် ကြားနာနေခဲ့ရာ၊ ဗိုလ်ခင်ညွန့်ဆိုတဲ့ မိစ္တာကြီးရဲ့ စာအုပ်နီကြီး ထွက်လာတဲ့အထိပါပဲ။ နောက်ပိုင်းမှာလဲ ဆက်လက် ကြားနေခဲ့ရပါတယ်။ သတင်းတွေ သတင်းတွေကတော့  အစုံပါပဲ။ အစ်ကိုကြီးတို့ ကိုသက်ခိုင် ကိုကျော်မြတို့တတွေ ထောင်ကျ နှစ်ပြည့်လို့ တယောက်ပြီး တယောက် လွတ်မြောက်လာကြပြီဆိုတဲ့ သတင်းတွေလဲ ကြားနေခဲ့ရပါတယ်။

( ၂ )

၂၀၁၂ ခုနှစ်ထဲလောက်မှာတော့  အစ်ကိုကြီးကိုတင်အောင်ရဲ့အသံကို တယ်လီဖုန်းထဲကနေ အံ့အား သင့်စရာကျွန်တော် ကြားလိုက်ရပါတယ်။ သူက  ကျွန်တော့်တယ်လီဖုန်းနံပတ်ကို တနေရာကနေ ရရှိပြီးတဲ့နောက် ကျွန်တော့်ဆီကို လှမ်းဆက်တာ ဖြစ်ပါတယ်။ တယ်လီဖုန်းက သူ့ကိုယ်ပိုင်ဖုန်းမဟုတ်ပဲ  မိတ်ဆွေလူရင်းတယောက်ရဲ့ဖုန်းနဲ့လှမ်းဆက်တာလို့လဲ သိလိုက်ရပါတယ်။

“ ဘယ့်နှယ်တုန်း ကျန်းမာရေးကော ကောင်းရဲ့လား-” လို့မေးလိုက်မိတော့- သူက “ ရပါသေးတယ်ဗျ ” တဲ့။

၂၀၁၂ အကုန် ၂၀၁၃ ခုနှစ်ဆန်းထဲက  တရက်မှာတော့- ဗမာပြည် ဖုန်းနံပတ်ဖြစ်တဲ့ ရှေ့ဆုံးက ၀၉၅ နံပတ်အစနဲ့ ဖုန်းမြည်သံကြောင့်၊ ‘ဘယ်သူ့ဆီက ပါလိမ့်’  ဆိုတဲ့အတွေးနဲ့ ‘ ပြောပါခင်ဗျား ’  ဆိုပြီး ခပ်သွက်သွက်ဖြေလိုက်မိရာ ... ‘ ဟုတ်ကဲ့ ပြောပါ့မယ်ခင်ဗျာ- ပြောပါ့မယ်’  ဆိုတဲ့အသံနဲ့အတူ၊ “ အခု  ကျွန်တော် နမ့်ခမ်းဘက်နားအထိရောက်နေြပီ။ ခင်ဗျားဆီ မရောက်ရောက်အောင် လှည့်ဝင်လာခဲ့ချင်တယ်၊ ဘယ့်နှယ်လဲ..” လို့ လှမ်းမေးလိုက်တဲ့အသံဟာ အစ်ကိုကြီးကိုတင်အောင်ရဲ့အသံဖြစ်နေခဲ့တာ ရုတ် တရက်ကြားလိုက်ရပါလေတယ်။ သူ့အသံဟာ အရင်တခါတုန်းကအသံ ထက်တောင်မှ သွက်လက်လန်းဆန်းနေတယ်လို့လဲ ခံစားလိုက်ရပါတယ်။ ‘ ဟာ- လာနိုင်ရင် ကောင်းတာပေါ့၊ ဒီဖက်မှာ ရာသီဥတုကတော့ ကောင်းပါတယ်ဗျ” လို့လဲ ပြောလိုက်မိရော “ အဲဒါဆို မနက်ဖန်မနက် ဆက် ဆက်လာမယ်ဗျာ၊ ဘယ်လိုလာရမလဲ၊ လာပုံလာနည်းတော့ သေသေ ချာချာ ရှင်းပြပေးပါ။ ဒီဖက်က လိုက်ပို့မယ့်သူတယောက်ကို ပြန်ပြောပြရအုံးမှာမို့ပါ-” လို့ သူ့ဖက်ကလဲ ထပ်မံပြောလာခဲ့ပါတယ်။ ကျွန်တော်က ဘယ်လိုလာရမယ်၊ ဘယ်ဂိတ်ပေါက်ကနေဝင်ရင်- တရုတ်ပြည်ဖက်ခြမ်း ကျယ်ကောင်က ဘယ်နေရာနားကို ဝင်လာလာချင်း ရောက်လိမ့်မယ်၊ အဲဒီနားမှာ ထင်ထင်ရှားရှား ဘာဆိုင်းဘုတ်ကြီး ရှိတယ်။ အဲဒီနားကနေစောင့်နေပါ။ ဒါမှမဟုတ် တရုတ်ဖက်ခြမ်းက အဲဒီအနား ရောက်တာနဲ့ ကျွန်တော့်ဆီ ဖုန်းထပ်ဆက်လိုက်ပါ။ ဒီဖက်က လမ်းဘေးဖုန်းဆိုင်လေးတွေမှာ ဗမာငွေ(၁၀၀)ပေးလိုက်တာနဲ့ တမိနစ်စာ ဖုန်းဆက်လို့ရတယ်။ ကျွန်တော် မုချ ဆက်ဆက်လာကြိုမယ်။ ဖြစ်နိုင်ရင် အချိန်အတိအကျသာ ပြောလိုက်၊ ကျွန်တော့်ဖက်က ကြိုတင်ပြီး ရောက်အောင်လာရင်း စောင့်နေပါ့မယ် ” ဆိုတာအထိ အသေးစိတ် ပြောလိုက် ဆိုလိုက် အဖြေပေး လိုက်ရပါတယ်။ စိတ်ထဲမှာလဲ ‘ ဒီလူကြီး တကယ်ကို မရောက်ရောက်အောင်လာပြီကိုး..’ လို့လဲ တွေးတောလိုက်မိရင်း၊ ကျွန်တော်လဲ ဝမ်းသာသွားမိပါတယ်။

နောက်နေ့မနက်မှာ ချိန်းဆိုထားချက်အတိုင်း ချိန်းဆိုထားရာ ဂိတ်ပေါက်ဆီကို ကျွန်တော် ရောက်ရှိသွားတော့...
သူက ကျွန်တော့်အရင်တောင် ရောက်ရှိနေတာတွေ့လိုက်ရပါတယ်။ အဝေးကနေလှမ်းကြည့်လိုက်တော့ ...သူက ခေါင်းဖြူကြီးနဲ့မဟုတ်တော့ တော်တော်ဂရုစိုက် ကြည့်လိုက်ရပါလေတယ်။ ခေါင်းဖြူကြီးနဲ့မဟုတ်တော့တာက သူက အဘိုးကြီးဆောင်း ခေါင်းစွပ်ဦးထုပ်ကြီးနဲ့ တခေါင်းလုံးလုံအောင်ဆောင်းထားတဲ့အပြင်၊ ဘောင်းဘီရှည်နဲ့ဂျာကင်အနွေးထည်နဲ့ပါ ဖြစ်နေတော့ ... မူဆယ်-နမ့်ခမ်းဖက်က တကယ့်ရှမ်းအဘိုးကြီးတယောက်သွင်ပြင် ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ အချိန်ကလဲ ဆောင်းတွင်းကြီးဆိုတော့ ဒီလို နွေးနွေးထွေးထွေး ဝတ်စားထားဖို့ လိုတယ်မဟုတ်လား။

ကျွန်တော်က သူ့ကို မြင်တော့ အဝေးကြီးကတည်းက အားပါးတရ လက် လှမ်းပြလိုက်မိသလို၊ သူကလဲ ကျွန်တော့်ကိုမြင်သွားပြီး အားပါးတရပြုံးပျော်သွားတာ သတိထားမိလိုက်ပါတယ်။ သူ့အနားမှာ ရပ်နေတဲ့၊ သူနဲ့ပါလာတဲ့လူငယ်လေးကိုလဲ ...  “ ကိုင်း- တွေ့ချင်တဲ့သူနဲ့တော့ ဆိုက်ဆိုက် မြိုက် မြိုက်တွေ့ပီ။ မင်း- စိတ်ချလက်ချ ပြန်သွားနှင့်၊ သုံးလေးငါးရက်လောက်ကြာမှ ငါ ပြန်လာတော့မယ့်အချိန်ကျမှ မင်းတယ်လီဖုန်းကို ဆက်လိုက်မယ်။ ငါ့ဖုန်းနံပတ်လဲ မင်းဆီရှိတယ်။ မင်းဖုန်းနံပတ်လဲ ငါ့ဖုန်းမှာ ရှိနေပြီပဲ။ အကြောင်းကိစ္စရှိရင်လဲ ဒီကြားထဲမှာ ဆက်လို့ရတာပဲ ” လို့ ပြော လိုက်တော့ ကျွန်တော်ကလဲ  “ စိတ်ချ စိတ်ချ ဒီဖက်မှာ ကျွန်တော် ရှိနေတာပဲ၊ သူ ပြန်ချင်တဲ့အချိန်မှာ ကြိုတင်ဖုန်းဆက်လိုက်မှာပေါ့။ အဲ ..အမြဲတန်း ဖုန်းကိုတော့ ဖွင့်ထားပေါ့နော်၊ ဆက်သွယ်လို့ရအောင်ပေါ့။ အစ်ကိုကြီးဖုန်းက လိုင်းမပေါက်ဘူးဆိုရင်လဲ ဒီဖက်မှာ လိုင်းပေါက်တဲ့ဖုန်းလုပ် ငန်းလုပ်စားနေတဲ့ လမ်းဘေးတယ်လီဖုန်းတွေက အများကြီးပဲ၊ စိတ်ချပါ”  လို့ဖြည့်စွက်ပြောဆိုပေး လိုက်ရပါလေတယ်။ အဲဒီ လိုက်ပို့သူ လူငယ် ပြန်သွားလေမှ ကျွန်တော်လဲ အစ်ကိုကြီးကို ခေါ်ကာ အိမ်ဆီကို ပြန်ခဲ့ရပါလေတယ်။

လမ်းဘေးဝဲယာတွေကိုကြည့်ရင်း သူ့မှာ ရွှင်လန်းတက်ကြွနေတဲ့အသွင် တွေ့ရတော့ ကျွန်တော်လဲ စိတ်ချမ်းသာသွားရပါတယ်။

အဲဒီတုန်းက အစ်ကိုကြီးဟာ ကျွန်တော့်အိမ်မှာ သုံးရက်တိတိတောင် ညအိပ်နေထိုင်သွားခဲ့ပါတယ်။ သူ့ကို ကျွန်တော်က ကျွန်တော့်သားကြီးရဲ့သီးသန့်အခန်းလေးထဲကို နေရာချထားပေးခဲ့ပြီး၊ ဒီဖက်မှာရှိတဲ့ ဒေသအစား အစာလေးတွေကိုပဲ အဓိကထားပြီး ချက်ပြုတ်ကျွေးမွေးခဲ့ရပါတယ်။ သူကလဲ  ‘ ဗမာပြည်ထဲမှာက နေ့တိုင်း ဗမာထမင်း ဟင်းတွေ နေ့တိုင်းစားနေရတယ်။ ဒီဖက်က တရုတ်တို့ ရှမ်းတို့ ကချင်တို့ အစားအစာတွေက ကြုံခဲတယ်။ ကျွန်တော်က ဒါမျိုးတွေကို ပို သဘောကျတယ်ဗျ ” လို့လဲ ပြောဆိုရင်း၊ ဒီဖက်က အစားအသောက်ကို မြိန်ရေရှက်ရေ စားသောက်ပါလေတယ်။ တမနက်မှာတော့ ကျွန်တော့်ဇနီးသည်က ဒီဖက်ကလုပ်တဲ့ ပေါက်စီလေးတွေကိုလဲ မနက်အစောစာစားဖို့ဝယ်လာရာ၊ သူက  “ ဟိုတုန်းက တရုတ်ပြည်ဖက်ခြမ်းတော့ တရုတ်ပြည်ဖက်ခြမ်းပဲဗျာ၊ နေရာတော့ ကျွန်တော်လဲ မသိဘူး။ အဲဒါ ခရီးသွားရင်း တနေရာအရောက်မှာ ကိုသက်ခိုင်ရယ် ပေါက်စီတွေ ဝယ်လာတာ စားလိုက်တော့၊ သူ့တရုတ်ပေါက်စီကလဲ အထဲမှာ ဘာအသားမှလဲ မပါ၊ သကြားတို့ပဲတို့လိုလဲ မပါဗျာ။ ဒီအတိုင်း ဂျုံတုံးကြီးအတိုင်းပါပဲ။ အဲဒါ  ကိုယ်ကလဲ တရုတ်လိုက တလုံးမှမတတ်၊ အနည်းအပါးတတ်တယ်လို့ထင်ထားတဲ့ ကိုသက်ခိုင်ကလဲ...
ဘာလို့လဲတော့ မသိဘူး။ အဲဒါမျိုးကြီးပဲ ဝယ်လာတယ်။ ပြီးတော့ သူက တော့ ပြောလာတယ်၊ အဲဒါ ပေါက်စီဆိုင်ကပဲ။ မန်းထိုဆိုလား ဘာလားဗျာ..” လို့ပြောရင်း အမှတ်တရတွေကို သဘောကျစွာ ပြောဆိုရင်း ရယ်မောပါလေတယ်။
အဲဒီတုန်းက အစ်ကိုကြီးတို့က ၁၉၈၅ ပါတီကွန်ဂရက်ကို တက်ဖို့ယူဂျီကိုယ်စားလှယ်အဖြစ် ရောက်လာရင်း၊ အဲဒီကာလတုန်းက တွေ့ရကြုံရ မြင်ခဲ့ရပုံတွေကို သတိတရ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်က ... “ အစ်ကိုကြီး... အဲဒီမန်းထို ဆိုတာက ပေါက်စီရောင်းတဲ့ဆိုင်တွေမှာ ရောင်းတယ်။ ပေါက်စီလဲ များသောအားဖြင့် ရှိတတ်ပါတယ်ဗျ။ မန်းထိုဆိုတာက တရုတ်ပြည်မြောက်ပိုင်းသားတွေ အစားများတယ်။ တချို့ဆို ထမင်းမစားဘူး။ ထမင်းအစား မန်ထိုကိုစားကြတယ်။ ဒါပေမဲ့ ဒီအတိုင်း ဒီတမျိုးတည်း စားတာမဟုတ်ဘူး။ ဟင်းနဲ့ဘာနဲ့ စား ရင်စား။ အနိမ့်ဆုံးက တို့စရာ အရည်တွေ ဘာတွေတမျိုးမျိုးနဲ့ တို့ပြီးစားကြတာ၊ မန်ထိုကို ဘာမှမပါပဲ စားလို့ကတော့ ...ဘာအရသာမှမရှိတဲ့ ဂျုံတုံးကြီးပဲ။ အနောက်တိုင်းမှာ ပေါင်မုန့်ကို စားသလိုပေါ့- ပေါင်မုန့်နဲ့တွဲစားစရာတော့ လိုတာပေါ့ ” လို့ ရှင်းပြလိုက်ရပါလေတယ်။

နောက်တရက် မနက်မှာတော့  ကျွန်တော်က အစ်ကိုကြီးအတွက် မနက်စောစောစာကို ရှမ်းခေါက်ဆွဲသုပ်နဲ့စီစဉ်ပေးလိုက်ပါတယ်။ ဒီဖက်မှာက ရှမ်းခေါက်ဆွဲဟာ ရိုးရိုးဆန်ခေါက်ဆွဲလဲ ရှိသလို၊ တော်တော်စေးစေးပိုင်ပိုင်ရှိတဲ့ ‘ ရှမ်းစေး’ လို့တောင်ခေါ်ရတဲ့ ဆန်ခေါက်ဆွဲမျိုးလဲ ရှိရာ၊ ကျွန် တော်က ဇနီးသည်ကို ‘ ရှမ်းစေးနဲ့ခေါက်ဆွဲသုပ်’ ဝယ်လာခဲ့ဖို့တာဝန်ပေးလိုက်ပြီး၊ အဲဒီခေါက် ဆွဲသုပ်နဲ့မနက်စောစောစာ စီစဉ်ပေးလိုက်ရင်းက “ ဒီမှာ အစ်ကိုကြီး၊ ကျွန်တော်ထောင်က ထွက်လာတုန်းက ခင်ဗျားက ကျွန်တော့်ကို ရွှေပုစွန်မှာ ‘နတ်သုဒ္ဓါ’  ကျွေးခဲ့ဖူးတာ မကြာခဏ အမှတ်ရရနေတယ်။ အခု အစ်ကိုကြီး ထောင်ကထွက်လာလို့ ဒီဖက်ရောက်လာတော့ ရွှေလီမှာ ကျွန်တော်က နတ်သုဒ္ဓါ ပြန်ကျွေးချင်တာ.. မရှိဘူး။ အဲသည်တော့ ဒီမှာ ရှိတာက ‘ ရှမ်းသုပ်တာ’ ပဲ။ ဒီခေါက်ဆွဲသုပ်က ရှမ်းသုပ်တာမှ ရှမ်းသုပ်တာအစစ်ပါပဲ။ ရှမ်းမကြီး ရောင်းတဲ့ဆိုင်ကပဲ အဝယ်ခိုင်းလိုက်ရတာလေ..” လို့လဲ နောက်စစ စကားဆိုလိုက်မိရာ သူက တဟဲဟဲနဲ့ရယ်မောရုံမက “ ဒီလိုဟာသမျိုးက ကိုလှတင်အောင်ကမှ အပြောပိုင်တာ၊ အခုတော့ သူလဲမရှိရှာတော့ဘူးလေ..” လို့ပြောဆိုရင်း ငြိမ်သက်သွားခဲ့ပါတယ်။

အဲဒီရက်တွေအတွင်းမှာ စကားတွေအများကြီးပြောဖြစ်ကြပါတယ်။ သူပြောတာတွေကိုလဲ အများကြီး နားထောင်ဖြစ်ခဲ့ပါတယ်။ သူက  ကျွန်တော့်ဇနီးသည်နဲ့လဲ လေပေးဖြောင့်နေခဲ့ပါတယ်။ ကျွန်တော့်ဇနီးသည်ရဲ့ လေသံခပ်ဝဲ၀ဲဗမာစကားနဲ့ တခါတရံ သိပ် သဒ္ဒါမမှန်လှတဲ့ ပြောဟန်ဆိုဟန်တွေကို နားထောင်ရင်း ပြုံးပြုံး ပြုံးပြုံးနဲ့ ဖြစ်နေတတ်ပါတယ်။

( ၃ )

အဲဒီလို ပထမဆုံးတခေါက် ကျွန်တော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့၊ အနည်းဆုံး တနှစ် တခေါက်လောက် ထပ် ထပ် ရောက်လာလေ့ရှိပါတယ်။ တခါတရံ မန္တလေးဖက်ကနေ လှည့်လာတာ၊ တခါတလေ- မြင်းခြံဖက်က လှည့်လာတာနဲ့ အဆင်ပြေရင် ပြေသလို ရောက် ရောက်လာတတ်ပါတယ်။ ကျွန်တော့်သားနဲ့ သမီးကလဲ အဝေးမှာ ကျောင်းတက်နေချိန်ဖြစ်တာကြောင့် အစ်ကိုကြီးလာရင် ကျွန်တော်ကလဲ များသောအားဖြင့် သားကြီးရဲ့အခန်းလေးထဲမှာပဲ နေရာချထားပေးလေ့ရှိပါတယ်။ တခါကတော့- ဒီဖက်မှာလဲ ဧည့်စာရင်းတွေ အစစ်အဆေးတွေ ထူပြောချိန်နဲ့သွားတိုက်ဆိုင်နေတာကြောင့်၊ ကျွန်တော်က အစိုးရိမ်လွန်ကာ ညအိပ်ရာဝင်ခါနီးတွေမှာတော့ သူ့ကို တည်းခိုခန်းတခုဆီ ခေါ်သွားရပြီး၊ ကျွန်တော်ပါ အဲဒီတည်းခိုခန်းမှာပဲ သူနဲ့အတူ အဖေါ်အဖြစ် လိုက်အိပ်လိုက်ရတဲ့အကြိမ်လဲ မှတ်မှတ်ရရ တခါဖြစ်ခဲ့ရဖူးပါတယ်။ တနေ့လုံး ကျွန်တော့်အိမ်မှာပဲ နေထိုင်စားသောက်ပြီးမှ ညပိုင်းမှာပဲ သွားအိပ်ဖြစ်ခဲ့ရတာပါ။ သူက  အိပ်ခါနီးမှာ ဆေးတွေမျိုးစုံကိုလဲ တမျိုးပြီးတမျိုး ထုတ်သောက်နေတာ တွေ့ရတဲ့အတွက်၊ “ အစ်ကိုကြီးဟာက ဆေးတွေကလဲမျိုးစုံပါပဲလား..” ပြောလိုက်မိသေးရာ၊ “ ဆေးတွေကတော့ အစုံပဲ၊သွေးတိုးရော ဆီးချိုရော နှလုံးရော အမျိုးမျိုးပဲ..” လို့ပြောဆိုရင်း သူကတော့ အပြုံးမပျက်ပဲဖြစ်နေတာ သတိ ထားလိုက်မိပါတယ်။ ကျွန်တော်က စိုးရိမ်မိလိုက်ပေမဲ့၊ သူကတော့ အေးအေးဆေးဆေးပါပဲ။

ပထမဆုံးတခေါက် သူ ရောက်လာစဉ်ကတည်းက သူကလဲ ပြောပြတဲ့အတွက် သူလဲ စာလေးပေလေးတွေ အလျဉ်းသင့်သလို ရေးနေတဲ့အကြောင်းသိလိုက်ရပြီး၊ ‘ ခမ်းဝင်း’ ဆိုတဲ့ နာမည်နဲ့ရေးနေတာပါ သိလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ရေးသင့်ရေးထိုက်တဲ့ အတွေ့အကြုံရှိသူတွေ စာရေးလာကြတဲ့အပေါ်မှာ ကျွန်တော် ဝမ်းသာမိခဲ့ပါတယ်။

၂၀၁၄ ခုနှစ် မတ်လဆန်းထဲရောက်လာခဲ့တဲ့အခေါက်မှာတော့ .. သူက သူ့ရဲ့လက်ရာ စာအုပ်လေးကိုပါ ကျွန်တော့်အတွက် ယူဆောင်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဩဂုတ်လက ထုတ်ဝေဖြန့်ချိခဲ့တဲ့ သူ့ရဲ့လက်ရာ ဆောင်းပါးပေါင်းချုပ်စာအုပ်လေးပါ။ နိုင်ငံရေးဆောင်းပါးတွေချည်းဖြစ်ပြီး၊ ဆောင်း ပါးပေါင်း (၁၈)ပုဒ်လား ပါပါတယ်။ စာအုပ်နာမည်ကလဲ ခပ်ပြတ်ပြတ်ပါပဲ။ ‘ စစ်တပ်က နိုင်ငံရေးကို အမိန့်ပေးမလား- နိုင်ငံရေးက စစ်တပ်ကို ဦးစီးမလား’  တဲ့။ 

သူ လာရင် နိုင်ငံရေးနယ်ပယ်က သတင်းတွေသာမက စာပေအနုပညာနယ်ပယ်က သတင်းတွေပါ ကြားရလေ့ရှိတဲ့အပြင်၊ ကိုယ့်ထဲကိုယ့်ဟာတွေထဲက သာရေးနာရေး လူမှုရေးကိစ္စမျိုးတွေလဲ ကြားရတတ်ပါတယ်။ မန္တလေးမှာ ရောက်တုန်းက ကိုကျော်မြကြီးနဲ့တွေ့ခဲ့တယ်၊ ကိုသက်ခိုင်နဲ့က ဘယ် တုန်းက တွေ့လိုက်တယ်။ ကိုအောင်သူကြီးနဲ့လဲ ဘယ်မှာ တွေ့လိုက်တယ်ဆိုတာမျိုးကအစ၊ နေရာအနှံ့ရောက်ခဲ့တာတွေကိုလဲ မမေ့မလျော့ ပြန်လည်ပြောဆိုတတ်တဲ့အတွက် သူလာတိုင်းလိုလို စိတ်ဝင်စားစရာတွေ ပါခဲ့ပါတယ်။

အဲဒီကာလတွေတုန်းက သူ့မှာလဲ ကိုယ်ပိုင်တယ်လီဖုန်းရှိနေပြီဖြစ်တာကြောင့်၊  သူ ကိုယ်တိုင် ရောက်မလာဖြစ်တဲ့တိုင်အောင်၊ သူက သတိရရင် ရရင်သလိုလဲ ဖုန်းဆက်တတ်တဲ့အတွက် အဆက်အသွယ်ကတော့ အမြဲလိုလို ရှိနေတယ်လို့တောင် ဆိုရမှာပါ။ ဒီတော့ ...သူနဲ့ကျွန်တော့်ကြားမှာ အမှတ်ရစရာတွေကတော့ အများကြီးပါပဲ။ ဒီကြားထဲမှာ မပါမဖြစ် ထည့်ပြောသင့်တဲ့ အမှတ်ရစရာတခုကတော့ ကျွန်တော့်ရဲ့သမိုင်းစာအုပ်တအုပ်ထဲမှာ အစ်ကိုကြီက မှတ်မှတ်ရရ အမှာစာရှည်ကြီးတပုဒ် ရေးသားပေးခဲ့ဖူးတာပါပဲ။ ၂၀၁၆ စက်တင်ဘာလက ‘မိုးလုံးမှိုင်း’ ကနေ ထုတ်ဝေဖြန့်ချိခဲ့တဲ့၊ ကျွန်တော့်ရဲ့သမိုင်းစာအုပ်တအုပ်ဖြစ်တဲ့ ‘ မလင်းနိုင်သေးတဲ့ဗမာပြည်’ ဆိုတဲ့စာအုပ်ကြီးထဲမှာ အစ်ကိုကြီးက ‘ခမ်းဝင်း’ ဆိုတဲ့ကလောင်နဲ့ပဲ လေးလေးနက်နက်ရေးသားပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်သမိုင်းစာအုပ်အတွက် ရေးသားခဲ့တဲ့ သူ့အမှာစာထဲမှာ “ ကဗျာဆရာဟာ သမိုင်းကျမ်းကိုပြုစုရာမှာ လေအေးစက်၊ ရေနွေးငွေ့စက်တပ်ဆင်ထားတဲ့ စိမ်းဖန့်ဖန့်တိုက်ခန်းတွင်းက မဟော်ဂနီရောင်ထနေတဲ့ ကျွန်းသားစားပွဲပေါ်မှာ လိုတရ အထောက်အထားကျမ်းကျက်အစုံကိုစိမ်ပြေနပြေ ဖတ်မှတ်၊ ချိုမြ မြယမကာစုံကို သောက်သုံးပြီး၊ ဒီသမိုင်းကျမ်းကြီးကို ပြုစုနိုင်ခဲ့တာတော့ မဟုတ်ရပါဘူး ”လို့ ဖော်ပြရေးသားခဲ့သလို၊ “ ပြည်သူထဲက ကဗျာဆရာ၊ ကဗျာဆရာရေးတဲ့ သမိုင်းစာအုပ်က ခုဆို နှစ်အုပ်မြောက်ပင်ရှိပါပြီ။ ပထမစာအုပ်က ‘အမှောင်ကြားက ဗမာပြည်’  ပါ။  ၂၀၁၇ခုနှစ် မေလက ထုတ်ဝေခဲ့ပါတယ်။ ခု စာအုပ်က ‘ မလင်းနိုင်သေးတဲ့ ဗမာပြည် - လင်းတော့မှာလား ဗမာပြည် ’ ဆိုတာပဲ ဖြစ်ပါတယ်” လို့လဲ ဂုဏ်တင်သိအမှတ် ပြုရေးသားပေးခဲ့ပါတယ်။ အစ်ကိုကြီးက  ကျွန်တော်နေထိုင်နေရတဲ့နေရာ၊ ကျွန်တော် စာရေးသားနေတဲ့စားပွဲလေးကအစ၊ သူကိုယ်တိုင် မြင်တွေ့သိရှိရပြီးတဲ့နောက်၊ ကျွန်တော်ဇနီးသည်နဲ့လဲ စကားစမြည်ပြောဆိုဖြစ်ပြီးတဲ့နောက်၊ ကျွန်တော်တို့မိသားစုကိုယ်တိုင် ဘယ်လိုရုန်းကန်ရပ် တည်ဖြတ်သန်းလာခဲ့ရသလဲဆိုတာ သူကိုယ်တိုင် မြင်တွေ့ကြားသိလာရပြီးတဲ့နောက်ပိုင်းမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဒီအမှာစာလေးကို ရေးသားဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်တော့ ကျွန်တော့်ရဲ့ ဒီသမိုင်းစာအုပ် ‘ မလင်းနိုင်သေးတဲ့ ဗမာပြည်’ ထွက်တော့လဲ တရက်မှာ အစ်ကိုကြီးကိုတင်အောင်က ကျွန်တော့်ဆီ ရန်ကုန်ကနေ ဖုန်းဆက်လာရင်း၊ “ ကဗျာကြီးရေ - ခင်ဗျားစာအုပ်ကြီးက တကယ့်ကို ထူလိုက်တာဗျာ- အဖုံးကလဲ ကတ်ထူဖုံးနဲ့ဆိုတော့ လေးလဲလေးလိုက်တာ..။ အခု ခင်ဗျားစာအုပ်ကြီး(၅)အုပ်ဟာ နှစ်ပိဿာခွဲ သုံးပိဿာလောက်တောင် လေးမလားမသိဘူး။ အဲဒီစာအုပ်(၅)အုပ်ထုပ်ကြီးကို လက်ကဆွဲပြီး စာအုပ်လိုချင်တဲ့သူတွေဆီရောင်းရအောင် ကျွန်တော်ကိုယ်တိုင်လိုက်ရောင်းပေးနေရတာဗျ။ အဲ ...အဲဒီမှာ ထပ်ပြီး မေးမြန်းသံတွေပေါ်လာတာက အခု ကျွန်တော် လိုက်ရောင်းပေးလိုက်သူတွေဆီကနေ ထပ်ပြီး မေးမြန်းသံတွေပေါ်လာတာက ဒီစာအုပ်ကြီးရဲ့အရင် ပထမဆုံးထွက်ခဲ့တယ်ဆိုတဲ့စာအုပ် ‘အမှောင်ကြားက ဗမာပြည်’ ကိုကော ဘယ်မှာ ဝယ်ရမလဲ၊ ခင်ဗျားပဲ ထပ်ရှာ ထပ်ဝယ်ပေးဖို့ပဲ ဆိုပြီး ပြောလာကြတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။ အဲဒီတော့ အဲဒီအမှောင်ကြားက ဗမာပြည်က အပြင်မှာ သိပ်လဲ မတွေ့ရတော့ဘူးဆိုတော့- ခင်ဗျားအနေနဲ့ အဲဒီစာအုပ်ထုတ်တဲ့သူတွေဆီကို ပြန်ရိုက်ပြန်ဖြန့်ချိရေး လုပ်ဖို့ပြောစေချင်တယ်။ အဲသလို ထပ်ထုတ်တယ်ဆိုရင်လဲ စာလုံးကို သေးသေးလေးတွေနဲ့မလုပ်ပဲ
မျက်စေ့မကောင်းတဲ့သူတွေ လူကြီးတွေပါ ဖတ်လို ရှူလို့အဆင်ပြေအောင် စာလုံးကြီးကြီးနဲ့ထပ်ရိုက်စေချင်တယ်လို့ပြောစေချင်တယ်ဗျာ..” လို့ဆိုလာခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင်- အဲဒီအချိန်အထိ စာရေးသူဖြစ်တဲ့ ကျွန်တော့်မှာ ကိုယ့်စာအုပ်ကို ကိုယ်မမြင်ရသေး၊ မတွေ့သေးပါ။ စာအုပ်လဲ လက်ထဲအထိ ရောက်မလာသေးပါ။ ဘာပဲဖြစ်ဖြစ် အဲဒီစာအုပ်ကြီးက ထွက်နေပြီဆိုတာ သိလိုက်ရတဲ့အတွက် ဝမ်းသာသွားမိသလို၊ အစ်ကိုကြီးကိုယ်တိုင် စာအုပ်(၅)အုပ်ထုပ်ကြီးဆွဲကာ လိုချင်သူတွေထံ လိုက်လံရောင်းချပေးနေကြောင်း-သိလိုက်ရတဲ့အတွက် အားတုန့်အားနာလဲ ဖြစ်သွားခဲ့ရပါတယ်။ “ အေးဗျာ- ကျေးဇူးပဲဗျာ၊ ပထမစာအုပ် ‘အမှောင်ကြားက ဗမာပြည်’ ထုတ်ဝေခဲ့တဲ့သူဆီကိုတော့ ခဏနေရင် ကျွန်တော်လှမ်းပြီး အီးမေးလ်နဲ့စာရေးအကြောင်းကြားလိုက်ပါ့မယ်ဗျာ..တချို့ဆိုင်တွေဘာတွေမှာတော့ အဲဒီစာအုပ်ကရှိနေလိမ့်ဦးမယ်ထင်ပါတယ်ဗျာ၊ ကျွန် တော်ကလဲ ရန်ကုန်က စာအုပ်ဆိုင်တွေရဲ့အခြေအနေတွေနဲ့ကင်းကွာနေခဲ့တာ ကြာပြီဆိုတော့ တကယ့်အခြေအနေမှန်ကိုတော့ မပြောတတ်တော့ဘူးဗျာ။ ထုတ်ဝေသူကို နောက်ထပ် ထပ်ရိုက်ပါလားဆိုတာနဲ့ ရိုက်ရင်- ဒီတခါ စာလုံးတွေကို ခပ်ကြီးကြီးနဲ့ရိုက်စေချင်တယ်ဆိုတာတော့ ပြောဖြစ်အောင် ပြောပါ့မယ်..” လို့လဲ အလိုက်တသင့် ဖြေလိုက်ရ ပြောလိုက်ရပါတယ်။ တကယ်လဲ အဲဒီနေ့က အစ်ကိုကြီးနဲ့စကားစမြည်ပြောဖြစ်ပြီးတဲ့နောက် ‘အမှောင်ကြားက ဗမာပြည်’ ရိုက်နှိပ်ထုတ်ဝေခဲ့သူ (ကို)ဇော်လူစိမ်းထံ စာရေးသား အကြောင်းကြား ပြောဆိုဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဇော်လူစိမ်းကလဲ စာလုံးပွိုင့်ကြီးကြီးနဲ့ထပ်မံရိုက်နှိပ်ပေးခဲ့တာရှိတဲ့အတွက်၊ စာအုပ်ဆိုက်က ပိုလဲ သိသိသာသာကြီးလာတဲ့ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်ကြီး ထွက်ပေါ်လာနိုင်ခဲ့ပါလေတယ်။

( ၄ )

အခု ၂၀၁၉ မေလ (၈)ရက်နေ့နေ့လယ်ခင်းမှာတော့- ဦးလေးတယောက်ဆီက တယ်လီဖုန်းဝင်လာခဲ့ပါတယ်။
“ ခေါင်းဖြူကြီး- ဒီနေ့မနက် (၁၀)နာရီဝန်းကျင်လောက်ကပဲ ရုတ်တရက်ဆုံးသွားပြီ-” ဆိုတဲ့ ကြေ ကွဲစရာသတင်းဖြစ်နေခဲ့ပါတယ်။ ကျွန်တော် တော်တော်ကို အံ့အားသင့်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၂၄)ရက်နေ့ကမှ မန္တလေးမှာ ကျွန်တော့်ရဲဘော်ကြီး ကိုကျော်မြ ဆုံးပါးသွားခဲ့ရတာ ဘာမှ မကြာလိုက်သေး။ အခု ရက်သတ္တ နှစ်ပတ်တိတိအကွာမှာပဲ ရဲဘော်ကြီး အစ်ကိုကြီးကိုတင်အောင် ဆုံးပါးသွားရပြန်လေပြီ-ဆိုတော့- ရင်ထဲမှာ တော်တော်ကို ဆို့ဆို့နင့်နင့် ခံစားလိုက်ရပါတယ်။
          ဪ.... ဒီနွေဟာ ကြယ်နီတွေ ကြွေတဲ့ နွေလဲ ဖြစ်နေပါကလား။
          
ပြီးတော့- ဒီနွေမှာ ကြွေသွားကြတဲ့ ကြယ်နီ (၂) ပွင့်လုံးဟာ တိုက်တိုက်ဆိုင်ဆိုင် ‘၄၈၂၈ ဒေသပါတီကော်မတီ’ က တာဝန်ရှိ ရဲဘော်ကြီးတွေချည်း ဖြစ်နေတာကိုလဲ ထူးထူးခြားခြား သတိထားမိလိုက်ပါတယ်။
         ၄၈၂၈ ဒေသပါတီကော်မတီမှာ ဦးမောင်လေးက နံပတ်တစ်- အေဝမ်း။
          ကိုသက်ခိုင်က  အေတူး။
           ကိုကျော်မြ က  အေသရီး။
            အစ်ကိုကြီးကိုတင်အောင်က အေဖိုး- မဟုတ်လား။

အေသရီး ( A 3 ) နဲ့ အေ ဖိုး ( A 4 ) ဟာ (၁၄)ရက်ပဲ ခြားပြီး၊ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြရတာဖြစ်နေပါတယ်။ နှစ်ဦးစလုံးဟာ သူ့သမိုင်းနဲ့သူ ရှိခဲ့ကြဖူးသူ၊ ထားသွားခဲ့ကြဖူးသူတွေလဲ ဖြစ်ပါတယ်။
အစ်ကိုကြီးကိုတင်အောင်က သူ အင်မတန်လေးစားချစ်ခင်တဲ့၊ သူ့လိုပဲ ကျွန်းပြန်လဲဖြစ်တဲ့ ဦးခင်မောင်မြင့် အမှတ်တရဆောင်းပါးတပုဒ်ကို ရေးဖွဲ့ခဲ့ဖူးရာမှာ- ( ခမ်းဝင်း-ဆိုတဲ့ကလောင်နာမည်နဲ့ ‘ နီလည်းနီ  ချွန်လည်းချွန်သော ရဲဘော်ခင်မောင်မြင့် ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးဖွဲ့ခဲ့ဖူးရာမှာ နိုင်ငံရေး သမားအမျိုးအစား (၃) မျိုး (၃)စား ရှိတယ်လို့ခွဲခြား ဖော်ပြခဲ့ဖူးပါတယ်။ သူက “ .. အချို့သော နိုင်ငံရေးသမားများသည် မိမိတို့ယုံကြည်ရာ ဝါဒလမ်းစဉ်တို့ကို အခိုင်အမာကိုင်စွဲပြီး နောက်ဆုံးအချိန်အထိ အလံမလှဲစတမ်း ရန်သူကို ဒူးမထောက်၊ အညံ့မခံ၊ လက်နက်မချဘဲ ရပ်တည်သွား သူများ ရှိပေသည်။ အချို့သော နိုင်ငံရေးသမားဆိုသူတို့မှာ မိမိတို့ နိုင်ငံရေးယုံကြည်ချက်များကို အခက်အခဲအကျပ်အတည်းများ ဆုံစည်းလာသောအခါ မရှောင်မလွှွဲသာ မရပ်ခံနိုင်တော့ပဲ ရန်သူထံမှောက် လက် နက်ချလိုက်ရသူများလဲ ရှိသည်။ အချို့သော နိုင်ငံရေးသမားဆိုသူများက အခက် အခဲအကျပ်အတည်းများနှင့် ဆုံစည်းရသောအခါ ရန်သူနှင့်ပူးပေါင်းသစ္စာဖေါက်ကာ မိမိတပ်ကို ပြန်နင်းသောလုပ်ဆောင်ချက်များကို မြိန်ရေ ရှက်ရေ ဆောင်ရွက်သွားကြသူားလဲ ရှိသည်။”  လို့ထုတ်ဖော်ခွဲကန့်ပြလိုက်ပြီး၊ “ နောက်ဆုံးအချိန်အထိ အလံမလှဲစတမ်း၊ ရန်သူကို ဒူးမထောက်၊ အညံ့မခံ၊ လက်နက်မချပဲရပ်တည်သွားသူများကို ပထမတန်းစား နိုင်ငံရေး သမား ” အဖြစ် အမြင့်မားဆုံး တန်ဖိုးထားပြ သတ်မှတ်ပြခဲ့ပါတယ်။ အဲဒီလို အစ်ကိုကြီးရဲ့ သတ်မှတ်ဖွင့်ဆိုပြချက်ကို  ကျွန်တော်လဲ သဘောတူပါတယ်။

အခုလို အစ်ကိုကြီးဆုံးပါးသွားရချိန်မှာ တချိန်က အစ်ကိုကြီးရဲ့နိုင်ငံရေး သမားအမျိုးအစား (၃) မျိုး(၃)စား ခွဲပြချက်ကိုလဲ မှတ်မှတ်ထင်ထင် လတ် လတ်ဆတ်ဆတ်ကြီး ပြန်လည်သတိရနေမိပါတယ်။ အစ်ကိုကြီးရဲ့ ခွဲခြမ်း စိတ်ဖြာချက်အတိုင်း အစ်ကိုကြီးရဲ့လက်တွေ့ဘဝဖြတ်သန်းရပ်တည်သွားမှုတွေကိုလဲ ပြန်လည်ရှုမြင်ကြည့်လိုက်မိတော့...
       ကျွန်းပြန်ကိုတင်အောင်- ခေါင်းဖြူကိုတင်အောင်၊ ၄၈၂၈ ဦးတင်အောင် ဆိုတဲ့ အစ်ကိုကြီးကိုတင်အောင်ဆိုတာဟာလဲ တကယ့်နိုင်ငံရေး သမားတယောက်၊ ပထမတန်းစားနိုင်ငံရေးသမားတယောက်ပဲ-ဆိုတာ ရှင်းရှင်းလင်းလင်းနဲ့ပေါ်ပေါ်လွင်လွင် တွေ့မြင်လိုက်ရပါလေတယ်။

ဝင်းတင့်ထွန်း
၁၀- ၅ - ၂၀၁၉
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက်  တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။

မိုးမခ
-        
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar