နိုင်ငံရေးနဲ့ စစ်ရေး နည်းမျိုးစုံနဲ့ မြန်မာအရေးကို ချဉ်းကပ်မှုတွေ
မြန်မာနွေဦး ခရိုနီကယ် - မေ ၃၀ မြင်ကွင်း
(မိုးမခ) မေ ၃၁၊ ၂၀၂၄
နိုင်ငံရေးနဲ့ စစ်ရေး နည်းမျိုးစုံနဲ့ မြန်မာအရေးကို ချဉ်းကပ်မှုတွေ
မေလ ၂၇၊ ၁၉၉၀ မှာ မြန်မာစစ်တပ်က ပထမဦးဆုံး ပါတီစုံရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ အခု ၃၄နှစ်အကြာ၊ ၂၀၂၄ မေ ၂၇ မှာတော့ အဲသည်ရွေးကောက်ပွဲ နှစ်ပတ်လည်ကို နိုင်ငံရေးအင်အားစုတွေက တစုံတရာ အမှတ်တရစကား မပြောတော့ပါဘူး။ အဲသည်ရွေးကောက်ပွဲအပြီး မြန်မာပြည် ၏ နိုင်ငံရေးအကျပ်အတည်းဟာ ထွက်ပေါက်ဆိုတာထက် တွေ့ဆုံဆွေးနွေးကြရေးကိုသာ ရှေ့တန်းတင်ထားပြီး နိုင်ငံရေးဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေ၊ ထောင်သွင်းအကျဉ်းချခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ အသတ်ဖြတ်ခံရခြင်းတွေနဲ့ မြန်မာပြည်သူတွေ ခါးစည်းခံစားခဲ့ကြရပါတယ်။ သည်လိုနဲ့ ၂၀၀၈ မှာ စစ်တပ်က သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့ အခြေခံဥပေဒအတည်ပြုအပြီးမှာ စစ်တပ်အလိုကျ သူတို့အတွက် နိုင်ံငံရေးထွက်ပေါက်ကို အားလုံးက လိုက်ခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။
၂၀၁၀ နိုဝင်ဘာ၊ ၂၀၁၅ နိုဝင်ဘာ၊ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွေကိုတော့ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းက ကျင်းပခဲ့ပြီးနောက် ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ပြည်သူလူထုထောက် ခံတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုနဲ့ အဖိနှိပ်ခံ NLD ပါတီက သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပေမယ့်လည်း စစ်တပ်နဲ့ နိုင်ငံရေးနည်းဖြင့် အဖြေရှာခြင်း ဆွေးနွေးနိုင်ခြင်း သဘောတူညီမှု တခုခုရခြင်း မရှိဘဲ နောက်ဆုံးမှာ အကြမ်းဖက် သတ်ဖြတ် အာဏာသိမ်းမှုနဲ့ အဆုံးသတ်ခဲ့ရပြန်ပါတယ်။
စစ်တပ်၏ တဖက်သတ်အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲသည် မြန်မာပြည်သူအားလုံး၊ ဖယ်ဒရယ်ဒီမိုကရေစီထူထောင်နိုင်ရေးအတွက် အလုံးစုံသောပြည့်စုံသောအဖြေမဟုတ်တာကိုတော့ သမိုင်းသင်ခန်းစာအနေနဲ့ထုတ်ယူလို့ရမယ်ထင်ပါတယ်။ အဲသည်အတွက် စစ်တပ်ကိုယ်တိုင်ကလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ကိုတော့ NCA ဆိုတဲ့လမ်းကြောင်း သဘောတူညီချက်နဲ့ သီး ခြားညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ချီတက်နေကြတာမျိုး ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ကတည်းက စစ်တပ်နဲ့ တလိုင်းတည်းရှိတဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ အတူ မှတ်ပုံတင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီအများစုကတော့ အခု ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီထပ်ကျင်း ပပေးမယ်ဆိုတဲ့ရွေးကောက်ပွဲနဲ့ နိုင်ငံရေးထွက်ပေါက်တခု သို့မဟုတ် သူတို့၏အကျိုးစီးပွားအတွက် မျှော်လင့်ပြီး ဆက်လက်ရပ်တည်နေကြတာကို တွေ့ရပါတယ်။
ဒါကြောင့်လည်း မေလ ၂၅ နှင့် ၂၆ ရက်များတွင် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၄၇ ပါတီထဲမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ နိုင်ငံရေးပါတီ အစုအဖွဲ့ကို ပါတီ (၄)ခုက ဦးဆောင်သွားရန် ရွေးချယ်လိုက်ကြောင်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောလိုက်တာကို တွေ့ရပါတယ်။
NCA လမ်းစဉ်ကို စစ်တပ်ကချမှတ်ထားခဲ့ပြီးနောက် အရပ်ဖက် စစ်ဖက် တိုင်းရင်းသားဘက်စုံပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဆိုတာက စစ်ကောင်စီအတွက် နိုင်ငံရေးလက်တံတခုအဖြစ် ပုံသွင်းလာတာ တွေ့ရမှာပါ။ နိုင်ငံရေးပါတီ အစုအဖွဲ့ကို ပူးတွဲဦးဆောင်သွားမည့် (၄)ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)မှ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဒေါက်တာအေးမောင် နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဦးစိုင်းအိုက်ပေါင်းတို့ ဖြစ်ကြပြီး လာမည့်ဇွန်လပထမပတ်တွင် လုပ်ငန်းတာဝန်များကို စတင်ဆွေးနွေးသွားမယ်လို့ ပြောလိုက်ပြန်ပါသေးတယ်။
စစ်ကောင်စီအလိုကျ မြန်မာပြည်၏ ငြိမ်းချမ်းရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးနိုင်ရန် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏စုဖွဲ့မှုကို ပြင်ဆင်ထားကြောင်းသိရသော်လည်း NCA ကို ဆက်လက်ကိုင်စွဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့မှာ “7 EAO Alliance” မဟာမိတ်အဖြစ် ပြင်ဆင်ဖွဲ့စည်းထားရာ မည်သို့ရှေ့ဆက်ဆောင်ရွက်သွားမည်ကို မသိနိုင်သေးတာလည်း ထောက်ပြစရာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၎င်းအလိုရှိရင် ရှိသလို ပြည်တွင်းမှာ အကျယ်ချုပ်ထားသလို ထားရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးထူထောင်နေသလို၊ တရုတ်ပြည်နဲ့ စီးပွားရေး နိုင်ငံရေးတွေမှာလည်း ဆက် ဆံရေးကို မပြတ်တောက်စေရဘဲ ခြေလှမ်းမျိုးစုံလှမ်းနေတာတွေ့နိုင်ပါတယ်။ တရုတ်နဲ့ ညှိနှိုင်းဆွေးနွေးပြီး ကျားဖြန့်လုပ်ငန်းနဲ့ဆက်စပ်သူတွေ အဖွဲ့အစည်းတွေကို ဖမ်းဆီးအရေးယူနေတဲ့အချိန်မှာပဲ ၁၀၂၇ စစ်ဆင်ရေးအလွန် တရုတ်၏ ဖိအားနဲ့ မဟာမိတ်ညီနောင် ၃ ဖွဲ့တို့ကို တစုံတရာ အပစ်အခတ်ရပ်နားထားနိုင်တာတွေ့နိုင်ပါတယ်။ ကျောက်ဖြူစီမံကိန်း၊ ဝမ်ပေါင်ကြေးနီစီမံကိန်းနဲ့အခြား တရုတ်ပြည်နဲ့ စီးပွားရေးစီမံကိန်းတွေကို ဆက်လက်လည်ပတ်နေတာအပြင်ကို မေ ၂၅မှာ - ၂၀၁၃ ဒီဇင်ဘာ ၂၆ ရက်က သမ္မတဦးသိန်းစိန်အမိန့်နဲ့ ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကောင်စီက လုပ်ဆောင်လာတယ်။ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့အနေနဲ့ SPIC Yunnan International Power Investment Co.,Ltd (SPICYN) ဦး ဆောင်အဖွဲ့နဲ့ ပူးပေါင်းပြီး စီမံကိန်းအတွက် လမ်းညွှန်မြေပုံကို ချမှတ်လိုက်တာ တွေ့နိုင်ပါတယ်။ လက်ရှိ အခြေအနေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို စစ်ရေးအရ မယှဉ်နိုင်တော့တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တရုတ်ကို မြစ်ဆုံ မက်လုံးပေးပြီး KIO/KIA ကို ခြိမ်းခြောက်လိုက်တဲ့ သဘောလည်း မြင်ရပါတယ်။
တရုတ်ပြည်အစိုးရကိုယ်တိုင်က စစ်ကောင်စီနဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းတည်ဆောက် နေပြီး ယခုအချိန် အာဆီယံနိုင်ငံတွင်းက သူနဲ့နီးစပ်တဲ့ လာအိုနိုင်ငံကိုအရင်းပြုလို့ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့သတင်းတွေ ထွက်လာပါတယ်။ နယ်စပ်ဒေသတွေ မတည်ငြိမ်မှု မြင့်မားလာတာကြောင့် ဆက်စပ်နေတဲ့ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှားနိူင်ငံအစိုးရတွေကိုယ်တိုင်ကလည်း မြန်မာစစ်ကောင်စီကို ပဋိပက္ခအခြေအနေ ဆိုးဝါးနေမှုတွေက အရှိန်လျော့ချဖို့ ကြိုးပမ်းလာကြတာ တွေ့ရပါတယ်။ အာဆီယံလမ်းပြမြေပုံ ၅ ချက်ကို လိုက်နာဖို့ တိုးမြှင့်ဖိအားတွေ စစ်ကောင်စီကို ပေးနေတယ်လို့ သတင်းများက ဆိုပါတယ်။ တပြိုင်နက်တည်းမှာလည်း မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ ဂျပန်နိုင်ငံက အစိုးရ၊ လွှတ်တော်နဲ့ အခြားအစုအဖွဲ့တွေက စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်နေသလိုမျိုး နွေဦးတော်လှန်ရေးအင်အားစုတွေထဲက အားကောင်းလာတဲ့ အမျိုးသားညီညွတ် ရေးအစိုးရနဲ့ မဟာမိတ်တည်ဆောက်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ ဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးတာတွေလုပ်ကိုင်လာတာ တွေ့နိုင်ပါတယ်။
သတင်းတွေထဲမှာ ရေးကြတာက - အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ၃နှစ်အတွင်းမှာ တော်လှန်ရေးအင်အားစုခေါင်းဆောင်တွေကို ဂျပန်အစိုးရက ပထမဆုံးအကြိမ် တရားဝင်တွေ့ ဆုံကြောင်း ရေးသားကြပါတယ်။ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လွှတ်တော်ဆိုင်ရာ ဒုဝန်ကြီးတစ်ဦးဖြစ်သူ Mr. KOMURA Masahiro က မြန်မာ့တော်လှန်ရေးအင်အားစုတွေကို မေလ ၁၄ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီဆွေးနွေးပွဲကို NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နဲ့ ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌဖြစ်သူ ခူးဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးတို့ တက်ရောက်ခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့က ခေါင်းဆောင်တွေ တစ်စုတစ်စည်းတည်း ဂျပန်နိုင်ငံမှာ သွားရောက်ဆွေးနွေးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ထူးခြားတဲ့အခြေအနေလို့ ဆိုနိုင်ပါတယ်လို့ သတင်းတွေက မှတ်ချက်ပေးကြပါတယ်။ အဲသည်အချိန်မတိုင်ခင်ကတည်းက အင်န်ယူဂျီနဲ့ မဟာမိတ်တိုင်းရင်း သားကိုယ်စားလှယ်တွေ၏ အနောက်နိုင်ငံခရီးစဉ်တွေ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ အခုတော့ အရှေ့ဘက်နိုင်ငံတွေဆီ နွေဦးတော်လှန်ရေးအင်အားစုတွေ ခြေဆန့်လာပုံပါ။
သည်ရက်ပိုင်းတွင်းမှာ မြန်မာအရေးစောင့်ကြည့်အဖွဲ့တွေကလည်း စစ်ကောင်စီသည် မြန်မာကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်တော့ဘဲ နိုင်ငံလူဦးရေ ၆၇ ရာခိုင်နှုန်း နေထိုင်သည့် နိုင်ငံပိုင်နက် ၈၆ ရာခိုင်နှုန်းရှိသည့် မြို့နယ်များကို မထိန်းချုပ်နိုင်တော့ကြောင်း ထုတ်ပြန်ကြပါတယ်။ “စစ်ကောင်စီသည် နိုင်ငံတော်၏ အဓိကတာဝန်များကို ထမ်းဆောင်ရန် မြန်မာ၏လုံလောက်သောပိုင် နက်ကိုထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်ရေးအတွက် ဖွဲ့စည်းထားသည့် လွတ်လပ်သော ကျွမ်းကျင်သူများ အဖွဲ့ဖြစ်သည့် SAC-M က စာတမ်းတစောင်တွင် ရေးထားပါတယ်။
မြန်မာ့နိုင်ငံရေးမြင်ကွင်းမှာ စစ်ကောင်စီနဲ့ စစ်တပ်အခန်းကဏ္ဍကို နိုင်ငံရေးထွက်ပေါက်အတွက် အရှေ့နိုင်ငံတွေက အမြဲတန်း ထည့်သွင်းစဉ်းစားကြပုံရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင် ဝန်ကြီးတွေနဲ့ ပီဒီအက်ဖ် စစ်အင်အားတွေဘက်ကတော့ စစ်ရေး နိုင်ငံရေးမှာ သူတို့တွေဘက်က ခြေလှမ်းတလှမ်းပြီး တလှမ်း အသာစီးရလာပြီလို့ သဘောထား တညီတညွတ်တည်း သတင်းမေးမြန်းခန်းတွေမှာ ပေးကြပါတယ်။ စစ်ကောင်စီ ဆုံးရှုံး လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ၊ အခန်းကဏ္ဍတွေမှာ NUGနဲ့ မဟာမိတ်တွေက ဝင်ရောက် အစားထိုး နေရာယူ တည်ဆောက်ထားနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြဆိုကြပါတယ်။
သို့သော်လည်း စစ်ဘေးရှောင် နှစ်သန်းခွဲ သုံးသန်း ရှိနေပြီး ပျက်စီးဆုံးရှုံးမှုတွေ တနိုင်ငံလုံးအနှံ့ဖြစ်ပျက်နေတဲ့အခြေအနေမှာ၊ စားဝတ်နေရေးနဲ့ လူမှုစီးပွားအခြေခံအဆောက်အအုံတွေ ပြိုကျနေချိန်မှာ မြန်မာပြည်၏ နိုင်ငံရေး စစ်ရေးအတွက် ထွက်ပေါက်တခုခု အဖြေတခုခုမဟုတ်ရင်တောင်မှ ကြားကာလအတွင်းမှာ ပြည်သူတွေအတွက် အသက်ရှူချောင်စရာ အခြေအနေတခု ပေါ်ပေါက်လာဖို့ အရေးတကြီးလိုအပ်နေပြီ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar