Breaking News

ဒီပဲယင်း တည်တောရွာ အဖြစ်အပျက်က ဘာကိုညွှန်းဆိုနေလဲ

မြန်မာနွေဦး ခရိုနီကယ် - မေ ၃၁ မြင်ကွင်း

(မိုးမခ) ဇွန် ၁၊ ၂၀၂၄

ဒီပဲယင်း တည်တောရွာ အဖြစ်အပျက်က ဘာကိုညွှန်းဆိုနေလဲ

မေလ ၂၈ ရက်နေ့က ဒီပဲယင်းမြို့နယ်ထဲက တည်တောရွာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အကြား ပြဿနာဖြစ်ပွားရာကနေ သေနတ်နဲ့ ဖုန်းကိုလုယူသွားခဲ့ပြီး အဲလိုလုယူသွားသူ နေထိုင်တဲ့ ကျေးရွာထဲနေအိမ်ကို ကျောင်းသားအဖွဲ့ကလာပြီး ယူထားတဲ့လက်နက်ပြန်ပေးဖို့ ပြောဆိုခဲ့ပါတယ်။ ပြောဆိုရာမှာ နေအိမ်ကထွက်လာပြီး ဖြေရှင်းခြင်း မပြုခဲ့လို့ နေအိမ်ကို ဝိုင်းဝန်းပစ်ခတ်ကြကာ လက်ပစ်ဗုံးနဲ့လည်း ပစ်ခဲ့တယ်လို့ ယူဆရပြီး နေအိမ်ထဲက မိသားစုဝင်တွေ အပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၂ ကို အကူအညီတောင်းခံခဲ့ပြီး တပ်ရင်း ၁၂ က ကျေးရွာကို လက်နက်ကိုင်အင်အားရာကျော်နဲ့ သွားရောက်ကာ အဆိုပါနေအိမ်ကို သွားရောက်ပစ်ခတ်ရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ရာမှာ အချို့သာဖမ်းဆီးနိုင်ခဲ့ကာ ကျန်သူများက ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ဆိုပါတယ်။ ဒီဖြစ်စဥ်မှာ ကျေးရွာကိုလာရောက်ထိန်းသိမ်းတယ်လို့ဆိုတဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၂ ကို ကျေးရွာခံတွေက အဝင်မခံတာ၊ ဆန္ဒပြတာတွေဖြစ်ပျက်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ 

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းမှာ အွန်လိုင်းသတင်းဌာနတခုက စတင်ဖေါ်ပြခဲ့ပြီး ပထမဆုံးဖော်ပြတဲ့သတင်းအသွားအလာက ရွှေဘိုခရိုင်တပ်ရင်း ၁၂ က တည်တော ကျေး ရွာကိုပိတ်ဆို့ထားတယ်ဆိုတဲ့သဘောမျိုး စတင်ရေးသားခဲ့တာ တွေ့ရပါတယ်။ အဆိုပါသတင်းဖော်ပြပြီးနောက်မှာ အခြားသောသတင်းဌာနတွေက ဆန့်ကျင်ဘက်ရှုထောင့်တွေကနေ ဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။ 

အခုအဖြစ်အပျက်ဟာ စစ်ကောင်စီ၊ ၄င်းက ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးတွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် အချင်းအချင်းအကြားမှာဖြစ်ပျက်တဲ့ ပဋိပက္ခကနေ နေ အိမ်ကို သွားရောက်ဝိုင်းကာ ပစ်ခတ်ခဲ့ကြတဲ့အထိ ဖြစ်ပွားခဲ့ရတဲ့ အခြေအနေဖြစ်ပြီး ၅ ဦး အသက်သေဆုံးကြရတဲ့အထိ ဖြစ်ပျက်ခဲ့တာပါ။ အဲဒီနောက် ဒီကျေးရွာကမဟုတ်တဲ့ ကာကွယ်ရေး လက် နက်ကိုင်တပ်ရင်းတခုက ဝင်ရောက်ဖြေရှင်းကြရတဲ့အနေအထားမျိုးဖြစ်ပြီး ဒေသခံကျေးရွာသူ ကျေးရွာသားတွေက လာရောက်ဖြေရှင်းတဲ့တပ်ရင်းကို ဆန့်ကျင်ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့တာမျိုးဖြစ်ပါတယ်။ ဒီဖြစ်ရပ်ရဲ့စတင်တဲ့ အကြောင်းခံ၊ ဘယ်သူက စတင်ပစ်ခတ်သလဲ၊ ဘယ်လို ပစ် ခတ်ကြသလဲဆိုတာတွေက သတင်းမီဒီယာတွေမှာ ဘက်မလိုက်ဘဲ၊ တိတိကျကျဖော်ပြနိုင်ဖို့ မျှော် လင့်သော်လည်း လက်တွေ့အခြေအနေမှာတော့ သတင်းမီဒီယာတွေ ကိုယ်၌က မြေပြင်ရဲ့ အခြေ အနေကို သေချာစွာစေ့ငုနိုင်ဖို့ခက်ခဲသွားပြီး သတင်းရင်းမြစ်တခုခုကိုမူတည်ကာ ရေးသား တင်ဆက်နေကြရတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်တိုက်ပွဲတွေ၊ တိုက်ပွဲမဟုတ်တဲ့ လက်နက်ကိုင်ဆောင်ထားသူအချင်းချင်း ပဋိပက္ခဖြစ်ပြီး ဖမ်းဆီးသတ်ဖြတ်မှု၊ အပြန်အလှန်ပစ်ခတ်မှု၊ သို့မဟုတ် အင်အားအသာစီးနဲ့ပစ်ခတ်သတ် ဖြတ်မှုတွေဖြစ်ပွားခဲ့ရင် ဒီဖြစ်ရပ်မှာ ကိုယ်တိုင်ပါဝင်နေသူတွေက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့အချက်အလက်တွေ သတင်းမီဒီယာကို ပြောဆိုဖို့ မျှော်လင့်လို့မရတော့ပါဘူး။ 

ပါဝင်ပတ်သက်နေသူတွေအနေနဲ့ ၄င်းတို့ရှုမြင်ထားတဲ့အတိုင်း ရန်သူအဖြစ်တံဆိပ်ကပ်တာ တဖက်ရဲ့ လုပ်ရပ်က ၄င်းတို့ကို စော်ကားတာ၊ ခြိမ်းခြောက်တာ၊ ရည်ရွယ်ကျူးလွန်တာတွေ အဖြစ် မှတ်ယူကြပြီး မိမိတို့ရဲ့ တုံ့ပြန်မှုတွေကိုတော့ လိုအပ်သလောက် လက်တုံ့ပြန်တာဆိုတဲ့ သဘောမျိုး မှတ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။ 

ဆယ်စုနှစ်များစွာ အာဏာချုပ်ကိုင်ခဲ့ကြတဲ့ စစ်တပ်နဲ့ စစ်အာဏာရှင် စနစ်၊ လက်နက်နဲ့ လူထုကို အနိုင်ကျင့်အုပ်ချုပ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ကြတဲ့တပ်ကို လက်နက်ကိုင် တော်လှန်ဖို့ လုပ်ဆောင်ကြရင်း တော်လှန်ရေးအင်အားစု လို့ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား သို့မဟုတ် အဲဒီလက်နက်ကိုင် အဖွဲ့နဲ့ လူထုအကြား ပဋိပက္ခပြဿနာ ပေါ်ပေါက်လာခဲ့ရင် လက်နက်နဲ့သာ ဖြေရှင်းကြတဲ့ အစဥ်အလာမျိုး မဖြစ်စေဖို့ အခုအချိန်ကာလကတည်းက သတိပြုကြရမှာ ဖြစ်ပါတယ်။ 

အခု ဒီပဲယင်းတည်တောရွာအဖြစ်အပျက်က ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် လက်နက် ကိုင်ခုခံတိုက်ခိုက်မှုစတင်ခဲ့စဥ် အစောပိုင်းကာလမှာကတည်းက ယင်းမာပင် မြို့နယ် သပြေအေးရွာမှာ ဗိုလ်သံမဏိဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က အခြားရွာက လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်အဖွဲ့ဝင်မဟုတ်သူတွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ ပေါ်ပေါက်ခဲ့ဖူးပြီး ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိခဲ့ပဲ ဒီအမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေထဲက တချို့အပေါ် အပစ်ပုံချခဲ့တာမျိုးနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း ဆင်တူယိုးမှား အဖြစ် အပျက်တွေ ဖြစ်ပျက်ခဲ့ပြီး အပြစ်ပေးအရေးယူနိုင်ခြင်း၊ တရားမျှတစွာ စီရင်နိုင်ခြင်း မရှိခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလဖြစ်တာကြောင့် လက်နက်ကိုင်အဖွဲ့ဝင်အချင်းချင်းအကြား၊ လက်နက်ကိုင် အဖွဲ့ဝင်နဲ့ အရပ်သားပြည်သူတွေ အကြား ဖြစ်ပွားတဲ့ ပြဿနာတွေကို ဖြေရှင်းမယ့် စည်းမျဥ်းစည်းကမ်းတွေ အဆင်သင့်မရှိသေးတဲ့သဘောမျိုးလည်း ဆင်ခြေပေးတာ လျော့ပေါ့ တွေးပေးတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ 

အချို့သောဖြစ်ရပ်တွေမှာ အရပ်သားတွေကို လွဲမှားစွာအရေးယူအပြစ်ပေးပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်မျိုးတွေရှိခဲ့သော်လည်း အခုလို စစ်ကောင်စီကိုတိုက်ခိုက်နေချိန် စစ်အာဏာရှင်ကို တိုက် ခိုက်နေချိန်မှာ အင်အားပြိုကွဲသွားမှာ သွေးကွဲမှာစိုးရိမ်တာကြောင့် ကျူးလွန်ခဲ့တဲ့အပြစ်အတွက် တော်လှန်ရေးပြီးတဲ့အချိန်မှာ ပေးသမျှအပြစ်ကိုခံယူပါမယ်ဆိုတဲ့သဘောမျိုး ပြောဆိုမှုတွေလည်း ရှိနေတာတွေ့ရပြီး အထက်ပါအကြောင်းပြချက်က မှန်ကန်ရဲ့လား ဖြစ်သင့်ဖြစ်ထိုက်ရဲ့လားဆိုတဲ့ မေးခွန်းလည်း ရှိပါတယ်။ 

အချက်အလက်အမှန်ပေါ်ထွက်ရေး၊ တရားမျှတဲ့အခြေခံကျင့်သုံးမှု စည်းကမ်း၊ စည်းမျဥ်းနဲ့ ဖောက် ဖျက်ကျူးလွန်မှုတွေရှိခဲ့ရင် ပေးရမယ့်ပြစ်ဒဏ်တွေလည်း မလွဲမသွေ ရှိသင့်နေတာ ဖြစ်ပါတယ်။ တရားမျှတမှုဆိုရာမှာ အာဏာရှင်တွေကျူးလွန်မှုတွေအတွက် လောလောဆယ်မှာ တရားစီရင်နိုင်ခြင်းမရှိတာကြောင့် အချက်အလက်တွေမှတ်တမ်းတင်ထားပြီး တနေ့ကျ တာဝန်ခံမှုရှိရမယ်ဆိုတဲ့ သဘောထားရပ်တည်ချက်ရှိတာမှန်သော်လည်း တရားမျှတမှုအတွက်၊ လွတ်လပ်မှုအတွက် တိုက် ခိုက်နေတဲ့ “တော်လှန်ရေးအင်အားစု” ဆိုတဲ့အမည်ခေါင်းစဥ်အောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အရပ်သားတွေအပေါ်ကျူးလွန်ခဲ့ရင် အခုအချိန်မှာကထည်းက အရေးယူအပြစ်ပေးနိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

တရားမျှတမှုရရှိဖို့ နောက် တနှစ်၊ နှစ်နှစ် သို့မဟုတ် ဘယ်၍ဘယ်မျှမှန်းမသိတဲ့ ကာလတခုထိ ရွှေ့ ဆိုင်းတာမျိုးဟာ လူ့အခွင့်အရေးနဲ့တရားမျှတမှုကို လေးစားတန်ဖိုးထားခြင်းမပြုတဲ့သဘော သက် ရောက်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေဟာ မှားယွင်းကျင့်ကြံခွင့်ရှိသူတွေ၊ အထူးအခွင့်အရေး ရသူတွေအဖြစ်ယူဆကြပြီး လက်နက်က တရားမျှတမှုနဲ့ ချမှတ်ထားတဲ့ ဥပဒေတွေထက်အပေါ်စီးကရှိနေတဲ့ သဘောလည်း သက်ရောက်ပါတယ်။ 

ဒါကြောင့် အခုတည်တောရွာဖြစ်ရပ်ဟာ ၄င်းရှေ့မှာဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ မှားယွင်းသတ်ဖြတ်မှု သို့မဟုတ် မရိုးသားသော ရည်ရွယ်ချက်တခုခုနဲ့သတ်ဖြတ်မှုတွေလို ဖျာအောက်ရောက်သွားတဲ့ဖြစ်ရပ်တခုအဖြစ် မဖြစ်စေဖို့ တော်လှန်ရေးအင်အားစုတွေ ဦးဆောင်သူတွေမှာ အထူးတာဝန်ရှိနေတာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar