ကိုသန်းလွင် - အထီးကျန် ဝန်ကြီး
အထီးကျန် ဝန်ကြီး
ကိုသန်းလွင်
(မိုးမခ) ဇွန် ၂ ၊ ၂၀၂၄
( ၁ )
“အထီးကျန်ဖြစ်ခြင်း” သည် လူကို အန္တရာယ်ဖြစ်စေသည်ဟု စတင်သတိပြုမိကြသည်မှာ ၂၀၁၈ ခုနှစ်တွင် အင်္ဂလန်ဝန်ကြီးချုပ် ထရီဆာမေ က အထီးကျန်ခြင်းဆိုင်ရာဝန်ကြီးကို စတင်ခန့်အပ်စဉ်က ဖြစ်ပါသည်။ သူ၏တာဝန်မှာ လူတို့၏ အထီးကျန်ဖြစ်ခြင်းကို တိုက်ဖျက်ရန် ပေါ်လစီနှင့်နည်းလမ်း များကို ချမှတ်ရန် ဖြစ်ပါသည်။ ထိုစဉ်က များစွာသော ပညာရှင်များက ဝန်ကြီးချုပ်၏ လုပ်ရပ်ကို လက်ရှိအခြေအနေကို ပြောင်းလဲစေသောလုပ်ရပ်ဟု မြင်ခဲ့ကြသည်။ အချို့ကလည်း ဤဆုံးဖြတ် ချက်ကိုချရန် ဝန်ကြီးချုပ်တွင် မည်သို့ အကျပ်အတည်းများကို ရင်ဆိုင်ခဲ့ရပါသနည်းဟု တွေးတောကြသည်။ အကယ်စင်စစ် ပြဿနာများပေါ်ပေါက်နေသည်မှာ ဆယ်ခုနှစ်များချီ၍ ကြာခဲ့ပါပြီ။
( ၂ )
ထို့နောက် အခြေအနေများမှာ ဆိုးရွားလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ရောဂါအတွက် လော့ဒေါင်းချမှတ်သောအခါ လူတို့၏အထီးကျန်ဖြစ်မှုနှင့် လူမှုရေးဆိုင်ရာအဆက်အသွယ်ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ဂျပန်နိုင်ငံက အထီးကျန်ခြင်းဆိုင်ရာ ဝန်ကြီးကို ခန့်အပ်ခဲ့ပြန်သည်။ နောက်နှစ်တွင် ဂျာမနီနိုင်ငံ၌ အထီးကျန်ဆန်သူတို့၏ နက်ဝပ် ကို ထူထောင်ခဲ့သည်။ တောင်ကိုရီးယားတွင် အထီးကျန်ဖြစ်မှုကို ရောဂါအဖြစ် လေ့လာသူများအား လစဉ် ထောက်ပံ့ ကြေးငွေများ ပေးအပ်ခဲ့သည်။ (WHO) ကလည်း ဤ နယ်ပယ်တွင် နှစ်နှစ်ကျော်သည်အထိ အလုပ်လုပ်သူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
၂၀၂၃ ခုနှစ် ရောက်သောအခါ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် လူငယ်အများစုပေါင်း၍ လက်ဖက် ရည်ဆိုင်များတွင် စည်းဝေးကြပြီး လူတို့၏ အထီးကျန်ဖြစ်မှုကို ဆွေးနွေးကြသည်။ နံနက်စောစော နေမင်းကြီး ထွက်ပေါ် လာချိန်တွင် စုဝေး၍ လူတို့၏ဘဝများအကြောင်း၊ ဘဝ၏အဓိပ္ပာယ် စသည်တို့ကို ဆွေးနွေးကြသည်။ သူတို့ ဘာတွေ ပြောနေကြသည် ဆိုခြင်းကို ဘေးမှ ဖြတ်သန်းသွားလာသူများက မရိပ်မိကြပါ။ သူတို့၏ တွေ့ဆုံမှုမှာ အထီးကျန်ဖြစ်မှု၏ ဆိုးရွားသော နာကြည်းခံစားချက်များကို လျော့ပါးစေရန် ရည်ရွယ်၍ ဆွေးနွေးနေကြခြင်း ဖြစ်သည်။
ဤကဲ့သို့ အစုအဖွဲ့များဖွဲ့၍ ဆွေးနွေးကြခြင်းကို ရီစီတာ (Recetas) ဟု ခေါ်ပါသည်။ ရောဂါကို ကုသသောဆေး Receipe နှင့် ကာကွယ်ကုသခြင်း Preseription စကား နှစ်လုံးကို စုပေါင်းထားခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ဆွေးနွေးကြခြင်းဖြင့် လူမှုကွန်ရက်အကြားတွင် လေးနက်သော ဆက်သွယ်မှုတစ်ခု ပေါ်ပေါက်လာမည်ဟု မျှော်လင့်ထားခြင်း ဖြစ်ပါသည်။ ဤအဖွဲ့တွင် နိုင်ငံ ၆ နိုင်ငံမှ အဖွဲ့ဝင် ဆက်သွယ်လာသူ ၁၀၀၀ ကျော် မျှရှိသည်။ လူမှုရေးနယ်ပယ်အလွှာအသီးသီးကို ကိုယ်စားပြုပြီး စီးပွားရေးနယ်ပယ်မှလည်း ပါပါသည်။ ဥရောပကောင်စီမှ ယူရိုငွေ ၅ သန်းမျှ ထောက်ပံ့ခဲ့ပြီး သြစတေးလျနိုင်ငံမှ ဒေါ်လာ ၄ သိန်း ထောက်ပံ့ထားသည်။
ဤကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများမှာ ဤပြဿနာသည် အထီးကျန်ဖြစ်ခြင်းကို ပရိုက်ဗိတ်ပြဿနာတခုအပြင် လူထု၏ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတခုအဖြစ် တွေ့မြင်လိုကြခြင်းပင် ဖြစ်သည်။ အထီးကျန်ဖြစ်ခြင်း ပြင်ပလူပုဂ္ဂိုလ်များနှင့်အဆက်အသွယ်ဖြတ်တောက်ခြင်းသည် လူတို့၏ ကျန်း မာရေးဆိုင်ရာထိခိုက်ခြင်းနှင့် စောစောစီးစီးသေဆုံးရခြင်းကိစ္စများနှင့် များစွာဆက်စပ်မှုရှိကြောင်း သက်သေပြချက်များ များစွာ ထွက်ပေါ်လာနေကြသည်။ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြီးအပြီးတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ဤပြဿနာကို ပိုမို၍ ထင်ထင်ရှားရှား သတိပြုမိလာကြခြင်း ဖြစ်ပါသည်။
လူအချင်းချင်း ရင်းနှီးဆက်ဆံခြင်းချို့တဲ့ရခြင်းကိစ္စကို ကြာမြင့်စွာလျစ်လျူရူထားခဲ့ကြပြီးပြဿနာဟု မယူဆခဲ့၊ ထို့ကြောင့် ပေါ်လစီများချမှတ်ရာတွင် အမှားအယွင်းများ ဖြစ်ခဲ့ကြရပါသည်။
အမေရိကန်၊ ဂျပန်၊ မော်ရိုကို၊ ဆွီဒင်၊ ကင်ညာနှင့် ချီလီနိုင်ငံတို့ စုပေါင်း၍ လွန်ခဲ့သော ဇန်နဝါရီလက ကြေညာချက်တစောင် ထွက်ပေါ်ခဲ့ရာ ဤကဲ့သို့ဆက်သွယ်မှုများမှာ အရေးတကြီး လိုအပ် ချက်တရပ် အနေဖြင့် အလေးထားကြရန် တိုက်တွန်းကြောင်း ဖြစ်သည်။ တကယ်လက်တွေ့တွင် ကလပ်များ စုပေါင်းခြင်း၊ ဝါသနာတူသူများကို စုပေါင်းကြရာတွင် တဦးချင်းစီ၏ စိတ်ဓာတ်များကို စုပေါင်းရခြင်း ဖြစ်သဖြင့် များစွာအခက်အခဲများ ကြုံတွေ့ကြရပါသည်။ လူတို့အချင်းချင်း ပေါင်း သင်းဆက်ဆံရေးနယ်ပယ်မှာ ကျယ်ဝန်းလှသည်။ တဦးနှင့်တဦး ဆက်သွယ်ရန် Chat Service များ၊ ကွန်ပျူတာဆော့ဝဲယားနှင့် စက်ရုပ်များ၏ အခန်းကဏ္ဍ စသည်ဖြင့် ကျယ်ဝန်းလှပါသည်။ အရေးကြီးသည်မှာ ပြည်သူတို့၏ဆက်သွယ်ရေးကိစ္စများတွင် အစိုးရများက ပါဝင်ရန် သင့်၊ မသင့်မသိနိုင်ခြင်းတို့လည်း ပါဝင်သည်။ အထီးကျန်မှုကိုဆေးများဖြင့် ကုစား၍ ရနိုင်၊ မရနိုင်ဝေဖန်ဆန်း စစ်ရန်လိုအပ်ပြီး မလိုအပ်ဘူးဟုဆုံးဖြတ်ရန်မှာ ခက်ခဲသည်။ ဘက်နှစ်ဖက်လုံးတွင် စဉ်းစားရန် အချက်များမှာ များစွာရှိပါသည်။
အမေရိကန်နိုင်ငံမှ ခွဲစိတ်မှုဆိုင်ရာတာဝန်ခံ ဆရာကြီးမာဖီ (Vivek Murphy) က ကမ္ဘာပေါ်တွင် လူအချင်းချင်းဆက်သွယ်ရာမှရလာသော အင်အားမှ ရောဂါများကို ပျောက်ကင်းစေနိုင်အားသည် တဖြည်းဖြည်း လျော့ပါးလာနေသည်ဟုဆို၏။ ထိုပြဿနာသည် ပြန့်ပွားလွယ်သောရောဂါ Epidemic အခြေအနေသို့ ဆိုက်ရောက်နေပြီဟု ဆိုသည်။
ဥရောပကောင်စီမှ လေ့လာချက်တခုအရ လူတဦးချင်းစီ၏ သီးခြားနေထိုင်မှုများသည် ၂၀၀၉ မှ ၂၀၂၀ အတွင်း များစွာတိုးလာသည်ဟုဆို၏။ ဤလေ့လာမှုကို အမေရိကန်နိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့ရာ လူတို့၏ မိသားစုနှင့်သော်လည်းကောင်း၊ ရင်းနှီးသော မိတ်ဆွေများနှင့် သော်လည်းကောင်း ခင်မင်ရင်းနှီးစွာနေထိုင်မှုမှာ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း များစွာလျော့ နည်းလာကြောင်း တွေ့ရသည်။ ၎င်းအချက်များသည် လူတို့၏ အထီးကျန်ဖြစ်ခြင်းကို တိုက်ရိုက်ပြဆိုခြင်း မရှိသော်လည်း လူတို့အချင်းချင်း ဆက်သွယ်ရာ၌ အားနည်းလာကြောင်း ပြသခြင်း ဖြစ်ပါသည်။
အထီးကျန်ဖြစ်ခြင်း၊ လူတဦးတည်း နေထိုင်ခြင်းတို့သည် ကျန်းမာရေးဆိုင်ရာ ချို့ယွင်းလာမှုများနှင့် ဆက်သွယ်မှုရှိကြောင်း တွေ့လာကြရသည်။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဒီမင်းရှားဖြစ်ခြင်း၊ စိတ်ဖိစီးမှုဆိုင်ရောဂါများမှာ အထီးကျန်ဖြစ်သူတို့ ကြုံတွေ့ရသော ပြဿနာများ ဖြစ်ကြသည်။ အောင်မြင်သော လူအဖွဲ့အစည်း ဆိုသည်မှာ လူပေါင်းများစွာတို့သည် တဦးချင်း မဖြေရှင်းနိုင်သော ပြဿနာများကို စုပေါင်းဖြေရှင်းကြသော လူ့အဖွဲ့အစည်းပင် ဖြစ်သည်။ တဦးတည်း သီးသန့် နေခြင်းဖြင့် ကုမရသော(Chronic) နာတာရှည်ရောဂါများကိုဖြစ်ပွားစေနိုင်ကြောင်း သေချာလှပါ သည်။ ပြင်ပနှင့် ဆက်သွယ်မှု ပြတ်တောက်ခြင်း၏ အကျိုးဆက် တခုမှာ ကျန်းမာရေးဆိုင်ရာ ကောင်းသော အလေ့အကျင့်များ၊ ၎င်းတို့ကို ပြုမူနေထိုင်ရန် ဘေးမှ အားပေးမှုများ လျော့နည်းရခြင်းပင် ဖြစ်ပါသည်။ အထီးတည်း နေထိုင်သူများတွင် ရောင်ရမ်း (Inflammation) မှုများ ဖြစ်ပွားခြင်း၊ ဂလူးကို့(စ်) စက်ဝိုင်း (Glucose Cycle) ကို ဖျက်ဆီးခြင်းတို့ ပါဝင်ပါသည်။ ၎င်းတို့အားလုံးသည် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာကို ဖြစ်ပွားစေပြီး စိတ်ကို ဖိစီးခြင်း၊ Drug abuse ခေါ် မလိုအပ်သော ဆေးဝါးများကို သုံးစွဲရခြင်း စသည်တို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အကြီးအကျယ် အနှောင့်အယှက်ပေးနိုင်ကြသည်။
တဖန် အကောင်းဘက်တွင် လူအများနှင့် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံခြင်းကြောင့် စိတ်ပိုင်းဆိုင် ရာ ကျန်းမာရေးနှင့် လူမျိုးရေးဝါဒ အသားအရောင် ခွဲခြားမှုတို့ကို လျော့ပါးပြေပျောက်စေနိုင်ပါ သည်။
ခွဲစိတ်ဆရာဝန်ကြီး မာဖီ၏ စာအုပ်တွင် မြို့ပြများ တည်ဆောက်ရာ၌ ဆက်သွယ်မှုလွယ်ကူစေရန်အတွက် အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ အိမ်ရာ၊ လူ့အသုံးအဆောင်၊ ဥယျာဉ်၊စာကြည့် တိုက်များ ဆောက်လုပ်ရာတွင် နေရာများကို ထည့်သွင်းစဉ်းစားရန် လိုကြောင်း ဖော်ပြခဲ့သည်။
လူတဦးစီ၏ အထီးကျန်ဖြစ်မှုကို ဆန်းစစ်ရန်အတွက် ၁၉၇၈ ခုနှစ် သြဂုတ်လက ကာလီဖိုးနီးယားတက္ကသိုလ်မှ အချက် ၂၀ ပါ မေးခွန်းများ ရှိသည်။ ထို့နောက် အချက် ၁၁ ချက် ပါဝင်သော De Jong Gierveld ၏ စကေးများ ရှိသည်။ ထိုအချက်များမှာ လူတို့၏စိတ်ခံစားချက်များကို ခွဲခြမ်း စိတ်ဖြာ၍ လေ့လာကြည့်ရှုရန် အချက်များ ပါဝင်ပါသည်။ ထို့နောက် လူတဦးစီ၏ အထီးကျန် ပြစ်မှုများကို စကေးချ၍ အဓိပ္ပာယ် သတ်မှတ်ပေးသည်။
ရီစီတာကို အဓိကစိတ်ကူးခဲ့ခြင်းမှာ လွန်ခဲ့သောအနှစ် ၂၀ က ဖင်လန်နိုင်ငံတွင် “Circle Of Friend” ခေါ် လှုပ်ရှားမှုအပေါ်တွင် အခြေခံခဲ့ခြင်း ဖြစ်ပါသည်။ အထီးကျန်ဖြစ်သည်ဟု ခံစားရသူ ၄ ဦးမှ အထက် လူအုပ်စုအဖွဲ့များ ဖွဲ့၍ ဆွေးနွေးကြသော အများပါဝင်သော လှုပ်ရှားမှုများကို ဆိုသည်။ အဓိကအနုပညာနှင့် လေ့ကျင့်ခန်း စုပေါင်းလုပ်ကိုင်ခြင်းများ ပါဝင်ပါသည်။ ၎င်းကို ၂၀၀၉ ခုနှစ်က ရီပို့တစ်စောင် လူတို့၏ ကျန်းမာရေး တိုးတက်လာပုံ၊ သေနှုန်းကျဆင်းသွားပုံ၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကုန်ကျစရိတ် လျော့ကျသွားပုံ စသည်ဖြင့် ဖော်ပြခဲ့သည်။ ထို့နောက် နိုင်ငံရေးသမားများ ပါဝင်လာကာ အခုအခါ လူတစ်သိန်းကျော်အထိ စုမိလာကြသည်။
( ၃ )
ရီစီတာကို အဓိကလှုပ်ရှားသော နေရာမှာ ဟယ်စင်ကီမြို့(Helsinki)၊ ပရိတ် (Parague) နှင့် ဘာစီလိုနာမြို့များ ဖြစ်သည်။ အခြား မဲလဘုန်း၊ မာဆေးမြို့ (ပြင်သစ်)၊ အီကွေဒေါနိုင်ငံ Cuenca မြို့များတွင်လည်း စတင်ဆွေးနွေးမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။
Ref: Striving to connect By Kelly Servick, Science 6 April 2024
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar