Breaking News

ပိတ်ဆို့မှုများနဲ့ ခါးစည်းခံရတဲ့ အရပ်သားလူထု

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၄ မြင်ကွင်း

(မိုးမခ) ဇွန် ၁၅၊ ၂၀၂၄

ပိတ်ဆို့မှုများနဲ့ ခါးစည်းခံရတဲ့ အရပ်သားလူထု  

မြဝတီနဲ့ ဘားအံအကြားက လမ်းပိုင်းတွေ ပိတ်နေတာ၊ ခက်ခက်ခဲခဲ သွားလာနေရတာတွေကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာနေတာ လွန်ခဲ့တဲ့ ၆ လ ၇ လ ဝန်းကျင်ကတည်း ဖြစ်ပေမယ့်လို့ အခု မိုးရာသီဝင်ရောက်လာပြီး မြေသား ကားလမ်းတွေ ရွှံ့ဗွက်တွေနဲ့သွားဖို့ မရလောက်အောင် ဖြစ်လာတဲ့အခါမှာ မြဝတီ-ဘားအံအကြား ကုန်စည်သယ်ဆောင်ရေးက နေ့စဥ် သတင်းတွေမှာ ပါရှိလာနေတဲ့ အကြောင်းအရာတခု ဖြစ်လာပါတယ်။ 

အာရှလမ်းလို့ ခေါ်ဆိုတဲ့ ကော့ကရိတ်ကနေ သင်္ဃန်းညီနောင်ကို ဖောက်လုပ်ထားတဲ့ ကတ္တရာလမ်းက လမ်းပိုင်းမှာ တံတားချိုးခံထားရတာလည်း ရှိသလို၊ တဖွဲ့မကသော လက်နက်ကိုင်အဖွဲ့တွေက ပိတ်ထားပြီး သာမန် အရပ်သားဘယ်သူမှ ဖြတ်သန်းခွင့် မရှိဘဲ ဖြစ်နေတာဖြစ်ပါတယ်။ 

အဲဒီအနေအထားမှာ ဒေါနတောင် ကျော်ဖြတ်တဲ့လမ်းတွေ ၁ ခုမက သွားလာအသုံးပြုနေကြရတာ ဖြစ်ပြီး KNU/KNLA (PC) လို့ ခေါ်ဆိုတဲ့ ကရင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေကို ဖြတ်သန်းတဲ့လမ်းကို အဓိကသုံးနေကြတာဖြစ်ပြီး ဒါ့အပြင် ကြက်ဥတောင်လမ်းလို့ ခေါ်တဲ့ အခြားလမ်းကြောင်းတခုလည်း သုံးနေကြတာ ဖြစ်ပါတယ်။ ခုရက်ပိုင်းမှာတော့ မုတ်သုံမိုးဆက်ရွာလာတဲ့နောက် ထော့ကော်ကိုးလမ်းရော၊ ကြက်ဥတောင်လမ်းပါ ရွှံ့ဗွက်တွေ ထူထပ်ကာ ကားတွေ နစ်ပြီး ကုန်ပစ္စည်းသယ်ယူလို့ မလွယ်ကူလောက်အောင် ဖြစ်လာနေတာပါ။ ဒီအကျိုးဆက် သက်ရောက်မှုက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီဘက်က လာတဲ့ ဆန်တွေ ဝယ်ရ ခက်ခဲပြီး ဈေးနှုန်းအားဖြင့်လည်း မကြားဖူးတဲ့ ဈေးနှုန်းတွေ ဖြစ်လာနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာပါ။ 

မြဝတီမြို့ဟာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ ချောင်းလေးတခုသာ ခြားတဲ့ နယ်စပ်မြို့ ၊ နယ်စပ်ကုန်သွယ် ရေး အချက်အချာကျတဲ့မြို့ ဖြစ်တဲ့ မြဝတီမြို့ခံတွေအနေနဲ့ ပြည်တွင်းက သယ်ယူလာတဲ့ မြန်မာဆန်ကို အားပြုစားသုံးနေကြရတဲ့ အကြောင်းက ထိုင်းနိုင်ငံက စိုက်ပျိုးထုတ်လုပ်တဲ့ဆန်ဈေးနှုန်းက မြန်မာဆန်ထက် တဆခွဲ နှစ်ဆနီးပါး ဈေးနှုန်းမြင့်တာကြောင့် ဝင်ငွေနည်းတဲ့သူတွေ လက်လုပ် လက်စားတွေအဖို့ မတတ်နိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာပါ။ စက်သုံးဆီ၊ မီးဖိုချောင်သုံးစားဆီ စတဲ့ ကုန်စည်တွေက ထိုင်းနိုင်ငံဘက်က ဝယ်ယူသုံးစွဲရင် သိပ်ကြီးကြီးမားမား ဈေးမကွာပေမယ့်လည်း နေ့စဥ် စားတဲ့ အဓိက ဆန်စျေးနှုန်းက တပြည်ကို ကျပ် သောင်းဂဏန်းကျော်ထိ ပေးပြီး ဝယ်မစားနိုင်ကြတဲ့ အနေအထား ဖြစ်နေကြတာပါ။ 

ဆန်ကို မတန်တဆဈေးနဲ့ ပေးဝယ်စားနေရတာ မြဝတီတမြို့တည်း မဟုတ်ပါဘူး။ မြဝတီမြို့ အဖြစ်အပျက်မကြုံခင်ကတည်းက ကချင်ပြည်နယ် ပူတာအို၊ ရခိုင်ပြည်နယ်က အချို့သော မြို့တွေ၊ နာဂ ဒေသစတဲ့ ဒေသတွေ မြို့တွေမှာ အများစုက စစ်ပွဲဖြစ်ပွားရာက ပိတ်ဆို့မှုတွေကြောင့်နဲ့ လမ်းပန်းအဆက်အသွယ် ခက်ခဲမှုကြောင့် မြေပြန့်ဒေသ၊ ဆန်စပါး အဓိကထွက်ရှိရာဒေသက သူတွေ မကြုံဖူးတဲ့ အတွေ့အကြုံ ကျပ်တည်းမှုတွေနဲ့ ကြုံနေကြရတာ ဖြစ်ပါတယ်။ 

နိုဝင်ဘာလကတည်းက ကုန်းလမ်း ရေလမ်းကို ခွင့်ပြုထားတဲ့ အတိုင်းအတာပမာဏ သတ်မှတ်ထားတဲ့ သယ်ယူသူတွေကလွဲရင် ပိတ်ဆို့ခံထားရတဲ့ ရခိုင်ပြည်နယ်အဖို့ ဆန်စျေး၊ စက်သုံးဆီဈေးနဲ့ ဆေးဝါးဈေးတွေက မကြားဖူးတဲ့ ဈေး၊ လက်လှမ်းမမီတဲ့ ဈေးတွေနဲ့ ဝယ်ယူသုံးစွဲနေကြရတာ ဖြစ်ပါတယ်။ 

အခုလို ရှိနှင့်ပြီး ကုန်သွယ်ရေးလမ်းတွေကို စစ်ရေး ရည်ရွယ်ချက်နဲ့  ပိတ်ဆို့ထားခြင်းဟာ ရက် ပိုင်း၊ သီတင်းပတ် အနည်းငယ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိပေမယ်လို့ လများစွာ နှစ်ပေါက်တဲ့အထိ ပိတ်ဆို့ထားခြင်းဟာ လူသားအပေါ် ကျူးလွန်တဲ့ ပြစ်မှုတရပ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို လက်နက်ကိုင်တပ်ဖွဲ့ရော အရပ်သား အားလုံးအပေါ် ပိတ်ဆို့မှုက စစ်ကောင်စီရဲ့ ကြီးမားတဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ပြစ်မှုတရပ် ဖြစ်သလို၊ ကရင်ပြည်နယ်နဲ့ ရှမ်းမြောက်က ကူးသန်းရောင်းဝယ်တဲ့ ကားလမ်းတွေကို ပိတ်ဆို့ခြင်းဟာလည်း ရခိုင်ပြည်နယ်ကို လုပ်ဆောင်တာလောက် မကြီးမားသည့်တိုင် ပြစ်မှုတရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

စစ်ပွဲတွေ ဖြစ်ပွားရာမှာ တဖက်ရန်သူ ရှိတဲ့နယ်မြေကို ပိတ်ဆို့ကြတာဟာ အရင့်အရင် သမိုင်းတွေမှာလည်း ရှိခဲ့ကြပေမယ့် ခေတ်သစ် သမိုင်းမှာတော့ ပါလစ္စတိုင်း ဂါဇာဒေသလို အဖြစ်အပျက်မှာ အစ္စရေးလ်က အရပ်သား သန်းနဲ့ချီကို ရိက္ခာ၊ လောင်စာ၊ သောက်သုံးရေ ဖြတ်တောက်ပိတ်ဆို့တဲ့ အဖြစ်အပျက်တွေက ရုပ်ဆိုးအကျည်းတန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေတာပါ။ 

မြန်မာနိုင်ငံ အနေနဲ့တော့ ပြည်ပနိုင်ငံနဲ့ ဖြစ်ပွားတဲ့ စစ်မဟုတ်ဘဲ ပြည်တွင်းက မတူကွဲပြားတဲ့ လူမျိုးစုနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ အခုလို ရိက္ခာ၊ လောင်စာ၊ ဆေးဝါး ပိတ်ဆို့မှုတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

ရိက္ခာ၊ လောင်စာ၊ ဆေးဝါးဖြတ်တောက်မှုကို ရန်ဘက်လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရည်ရွယ်လုပ်ဆောင်ပေမယ့် သက်ရောက်မှုက သိန်းနဲ့ချီတဲ့ အရပ်သား လူထုတွေကိုပါ သက်ရောက်စေတာ ဖြစ်ပါတယ်။ အခုလို ပိတ်ဆို့ခံရတဲ့ နယ်မြေဒေသထဲ နေထိုင်နေကြတဲ့ အရပ်သားတွေထဲမှာ ငွေ ကြေး ခက်ခဲကျပ်တည်းသူ၊ မကျန်းမမာတဲ့သူ၊ အသက်အရွယ်ကြီးသူ၊ ကလေးသူငယ်တွေ အား လုံးပါဝင်နေကြပြီး လူထုအနေနဲ့ စစ်ပွဲဖြစ်ပွားလို့ နေအိမ် အလုပ်အကိုင် ဆုံးရှုံးရတဲ့ အခြေအနေ တပြိုင်တည်းအောက်မှာ အသက်ရှင်သန် နေထိုင်ရေးအတွက် ရိက္ခာတွေကို မကြားဖူး မကြုံဖူးတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူစားသောက်ကြရတဲ့ အနေအထားက ဒုက္ခပေါ်  ဒုက္ခဆင့်တဲ့ အနေအထားလို့ ဆိုရမှာပါ။ 

အခုလို သိန်းနဲ့ သန်းနဲ့ချီတဲ့ အရပ်သားလူထုတွေဟာ လက်နက်နဲ့ ထိခိုက်မှုကြောင့် အသက်သေဆုံးနိုင်ခြေ ရှိနေသလို အဲဒီအကြောင်းအရာကြောင့် မသေခဲ့ရင်တောင်မှ အခြေခံ အစားအသောက် ရိက္ခာ မလုံလောက်မှု၊ မဝယ်ယူနိုင်မှုနဲ့ မကျန်းမမာဖြစ်ခဲ့ရင် ကုသမှုမခံရဘဲ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်တွေလည်း မြန်မာနိုင်ငံ တနံတလျားမှာ ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။ 

စစ်ရေးအရ ကြီးကြီးမားမား အကျိုးသက်ရောက်မှု ပေါ်ထွက်မလာနိုင်တဲ့ လရှည်၊ နှစ်ရှည်ကြာတဲ့ ပိတ်ဆို့မှုတွေဟာ လူသားချင်းမစာနာမှု၊ လူသားမျိုးနွယ်အပေါ်  ကျူးလွန်တဲ့ပြစ်မှုတွေသာ ဖြစ်ကြပြီး ဒီလိုပိတ်ဆို့မှုတွေကို အမိန့်ပေး ဆုံးဖြတ်သူတွေ အဖွဲ့အစည်းတွေဟာ သမိုင်းမှာ နာမည် ဆိုးနဲ့ ကျန်ရစ်ခဲ့လိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိဘူးလို့ ဆိုချင်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar