အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၅ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၅ )
(မိုးမခ) ဇွန် ၁၄ ၊ ၂၀၂၄
14/6/24
Diary in the darkness
ရာသီဥတုက မိုးအုံ့တယ်။ မိတ်ဆွေကျောင်းဆရာတစ်ယောက်နဲ့ လမ်းလျှောက်ဖြစ်တယ်။ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ အုပ်ကြီးနဲ့ မှားပြီး PDF က လာသတ်မှာလည်း စိုးရိမ်ရသေးတယ်။ နှစ်ယောက်သား အင်တာနက်ပေါ်က သတင်းတွေ တိုးတိုးတိတ်တိတ် ပြန်ပြောဖြစ်တယ်။ မျက်စိကတော့ ရှေ့ကြည့် နောက်ကြည့်။ သတိ။
KIA က သုံးလကျော်အတွင်း စခန်း ၁၂၅ ခုသိမ်းလိုက်တယ်။ နေ့စဉ်နဲ့အမျှ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးနေကြရတယ်။ ကချင်ပြည်နယ်က မြို့ကြီးငါးမြို့လည်း KIA အသိမ်းခံလိုက်ရပြီလို့ သိရတယ်။
လားရှိုးမှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြင်နေပြီ လို့ အရပ်ဘက်သတင်းတွေက ဆိုပါတယ်။ ကျောက်မဲ နဲ့ နမ္မတူ ဘက်မှာ စစ်ကောင်စီက လမ်းတွေဖျက်ထားတယ်လို့ သိရတယ်။ တရုတ်ပြည်က စိုက်ပျိုးရေးဒရုန်းတွေ မှာယူပြီး စစ်ကောင်စီက ထိုးစစ်မှာ အသုံးပြုဖို့ ပြင်ဆင်နေတယ် ဆိုတဲ့သတင်းတွေလည်း ပြန့်နေတယ်။
ဒီကနေ့ မြန်မာပြည်တော်လှန်ရေးစစ်ပွဲဟာ ဒရုန်းစစ်ပွဲပါပဲ။ တော်လှန်ရေးအောင်ပွဲတွေမှာ ဒရုန်းကို အကျိုးရှိရှိ သုံးနိုင်တာကို စစ်ကောင်စီက အသိအမှတ်ပြုလိုက်ရပြီး သူတို့လည်း တော်လှန်ရေးဘက်တော်သားတွေကို အတုယူဖို့ ဆုံးဖြတ်လိုက်ရဟန် တူပါတယ်။ ပြေးလမ်းကလေး ပွင့်လို ပွင့်ညားပေါ့။
ရခိုင်မှာလည်း စစ်ကောင်စီတပ်တွေ နေ့စဉ်နဲ့အမျှ အရှုံးပေါ်နေပါတယ်။ အရာရှိကြီးတွေလည်း စခန်းစွန့်ခွာနေရတယ်လို့ သိရတယ်။ အေအေ က ရခိုင်ပြည်ထက်ဝက်လောက်ကို သိမ်းထားပြီနေပါပြီ။
အောင်ပွဲရ ကချင်၊ ရှမ်း၊ ရခိုင်၊ ချင်း နယ်မြေတချို့မှာ အချင်းချင်း နယ်မြေလုပွဲငယ်ကလေးတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ မိတ်ဖက်ပဋိပက္ခတွေမို့ ဆွေးနွေးခြင်းနဲ့ အဖြေရှာနိုင်မှာပါ။ လောက်ကိုင်က သူငယ်ချင်းက ပြောတယ်၊ ယခင်မူလ နေရာဟောင်းတွေမှာ အေးအေးဆေးဆေးပဲတဲ့။ နောက်ထပ်အောင်ပွဲရ သိမ်းပိုက်နယ်မြေသစ်တွေမှာတော့ အချင်းချင်း ပြဿနာတွေရှိနေတယ်တဲ့။ နယ်မြေတွေကို လူမျိုးနာမည်တွေနဲ့ မမှည့်ခေါ်ဘဲ မြို့ကြီးတွေရဲ့ နာမည်တွေနဲ့ မှည့်ခေါ် သတ်မှတ်ရင် အဆင်ပြေသွားမှာပါတဲ့။ သူ့စိတ်ကူးဟာ အလွယ်တကူ အဆင်ပြေမယ် မထင်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အများစုဟာ လူမျိုးနာမည်နဲ့ မှည့်ခေါ်ထားကြတာမို့ပါ။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက အမြောအမြင်ကြီးဖို့သာ အဓိကလို့ ထင်ပါတယ်။
မြို့ပြနေရာ အတော်များများမှာ စစ်ကောင်စီက တယ်လီဖုန်းတွေထဲ VPN ပါမပါ စစ်ဆေးပြီး ငွေညှစ်နေတဲ့ သတင်းတွေ ဆက်တိုက်တက်နေတယ်။ တစ်ယောက်ကိုအနည်းဆုံး တစ်သိန်းကနေ လေးသိန်းထိ ငွေညှစ်ခံနေရတယ်လို့ သိရတယ်။
ဒီနေ့ တနေကုန် မီးလာတာနဲ့ YouTube ကြည့်ဖြစ်တယ်။ ပုလိပ်အရာရှိတဦး ရေးတဲ့ ခေတ်ပျက်ချိန်ဆိုတဲ့ အသံထွက် ဝထ္ထုတိုကလေးကို နားထောင်ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်အပြေး ဂျပန်အဝင်မှာ အထက်အညာက မြစ်ကမ်းဘေးမြို့တမြို့ အကြောင်း ရေးသားထားတာပါ။
အင်္ဂလိပ် အုပ်ချုပ်ရေး ပျက်ပြီ။ အောက်အရပ်က စစ်ရှောင်တွေ မြို့ထဲကို ရောက်လာကြပြီ။ အိမ်လခ တလ တစ်ဆယ်တန် အိမ်ကို သုံး လေးဆ ပေးလည်းမရ ဖြစ်သွားတယ်။ ဆိုက်ကားခက တစ်မတ်တန်လမ်းကို တစ်ဆယ် ယူတယ်။ အင်္ဂလိပ်အမှုထမ်း မြို့အုပ်တွေ မြို့ပိုင်တွေက စစ်ရှောင် အိန္ဒိယနိုင်ငံသားတွေ စစ်ပြေးခရီးစရိတ်အတွက် အင်္ဂလိပ်အစိုးရက ပေးတဲ့ငွေတွေကို ဘုန်းလိုက်ကြတယ်။ ဒါတင်မက စစ်ပြေးလာတဲ့သူတွေ သင်္ဘောပေါ် တက်ခွင့်ရဖို့ ထောင်နဲ့ချီလဒ်ထိုးကြရ သေးတယ်။ ပုဂ္ဂလိကလှေတွေကလည်း စစ်ရှောင်တွေဆီက ခရီးစရိတ် မတန်တဆယူပြီး လမ်းတဝက်မှာ လှေပေါ်က ကန်ချကြတယ်။ မြို့ကို လူဆိုး ဓားပြတွေရန်က ကာကွယ်ဖို့ ပုလိပ်က စုစည်းထားတဲ့ အရပ်သားတွေလည်း ဂျပန်မလာခင် ထွက်ပြေးကြတယ်။ ဂါတ်တဲ (ရဲစခန်း) က ပုလိပ်တွေလည်း ပြေးကြတယ်။ အထက်အမိန့်မရလို့မပြေးဘဲ တာဝန်ထမ်းဆောင်နေတဲ့ အစောင့်တစ်ယောက်ကို ထူးထူးဆန်းဆန်းတွေ့ရတယ်တဲ့။ ပုလိပ်အရာရှိတဦးအမည်ရှိ ကလောင်ရှင်ဟာ ခေတ်ပျက်ချိန်ကို သရုပ်ဖော် ရေးသားထားတာ ပီပြင်တယ်။ ကျွန်တော်တို့ အခု တွေ့ကြုံနေရတဲ့ အခြေအနေလိုပါပဲလားလို့ တွေးမိတယ်။
အဖိုး အဖွားတွေဟာ ကျွန်တော်တို့ကို သူတို့လို ဒုက္ခမရောက်အောင် လွတ်လပ်ရေးကို အရယူပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ဆန္ဒမပြည့်ပါဘူး။
လူအများ ဒုက္ခရောက်ဖို့ အရူးတစ်ယောက်ပဲ အာဏာရှင်ဖြစ်ဖို့ လိုတယ်လေ။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar