Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၉ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၉ )

(မိုးမခ) ဇွန် ၂၇ ၊ ၂၀၂၄

25/6/24

Diary in the darkness 


၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီလို့ TNLA ကြေညာ။ ကျောက်မဲ၊ သီပေါတဝိုက်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲတွေပြင်းထန်။

မိုးကုတ်က စစ်ရှောင်လာသူများ မိုးကုတ် -မန္တ‌ လေး လမ်းပေါ်ရှိ မတ္တရာမြို့မှာ  မှာပိတ်မိနေတယ်လို့ မိတ်ဆွေတွေက ဖုန်းဆက်။ မိုးကုတ် အုပ်စုရဲ့ လူမှုကွန်ရက်မှာ မြို့သူမြို့သားအချင်းချင်း ဆုတောင်း အားပေးစကားများ အပြန်အလှန် ပေးပို့နေကြ။ မြို့ပေါ်မှ အမြောက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံတွေပြော။ 

မင်းအောင်လှိုင်က ဆရာတော်ဘုရားများထံသို့  သာသနာရေးဝန်ကြီး  လွှတ်ကာ တောင်းပန်။ သူ့ရဲ့တောင်းပန်မှုက တောင်းပန်တဲ့ပုံစံမပေါက်ဘဲ ဆရာတော်ဘုရားတို့က ကားမှန်မချဘဲ မောင်းတဲ့အတွက် ပစ်ခတ်ရကြောင်းကို ပိုမိုအသား‌ပေး  ရေးသားထားတာကြောင့် မကျေနပ်မှုတွေ ပိုများလာ။ 

ဝင်းနိမ္မိတာရုံဆရာတော် သေနတ်နဲ့ပစ်ခတ်ခံရလို့ ပျံလွန်တော်မူတဲ့ ဖြစ်ရပ်ဟာ မေ့ပျောက်ဖွယ်ရာ မဖြစ်နိုင်ဘူးလို့ သာသနာရေးဝန်ကြီးကို လက်ခံတွေ့ဆုံတဲ့ ကြက်ခတ်ဝိုင်း ဆရာတော်က မိန့်ပါတယ်။ 

နေ့လယ်က သူငယ်ချင်းတစ်ယောက် ဖုန်းဆက်တယ်။ ဆန်ကုန်နေလို့ လိုက်ဝယ်တာ ဘယ်မှာမှ ဝယ်မရ ဖြစ်နေတယ်တဲ့။ ကုန်တိုက်ကြီးတွေ၊ စီးတီးမတ်တွေမှာလည်း ဆန်ကုန်နေလို့ အခက်တွေ့နေတယ်။ ဘာတွေ ဖြစ်နေတာလဲလို့ မေးတယ်။ မိတ်ဆွေ ဆန်စက်ပိုင်ရှင်တစ်ယောက်ကို လှမ်းမေး ကြည့်တယ်။ ကုန်တိုက်တွေ၊ ဆန်စက်တွေ၊ ဆန်ဂိုဒေါင်တွေကိုပိတ်ပြီး စာရင်းကောက်နေတယ်။ ကုန်တိုက်မန်နေဂျာတွေကိုလည်း ခေါ်ထားတယ်။ 

ပြည်တွင်းမှာသာ အဓိက စားသုံးတဲ့ ပေါ်ဆန်းမွှေးဆန်ဟာ အလုံအလောက်ရှိပေမယ့် အခုလို ဈေးတွေခုန်တက်တာဟာ ကုန်သည်တွေ၊ ဆန်စက်ပိုင်ရှင်တွေရဲ့ မရိုးမသား အမြတ်ကြီးစားမှုကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက သုံးသပ်ပြီး စီမံခန့်ခွဲ‌ နေတာကြောင့် ဖြစ်တယ်လို့ ကုန်သည်တစ်ယောက်က ပြောပါတယ်။ 

စီးပွားရေးသမားတစ်ယောက်ကတော့ ဘဏ်တွေကို စိတ်မချရမှု၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှု၊ စစ်ကောင်စီရဲ့ စီမံခန်ခွဲမှု ညံ့ဖျင်းလွန်းမှုတို့ကြောင့် ဖြစ်တာလို့ သုံးသပ်ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဘဏ်တွေကို စိတ်မချတဲ့အခါ ကုန်သည်ကြီးတွေက သူတို့ ငွေတွေကို စပါးဝယ်ယူရေးမှာ မြှုပ်နှံတယ်။ စပါးမှာ မြှုပ်နှံတာဟာ ဘဏ်မှာအပ်တာထက် ပိုအကျိုးအမြတ်ရကြတယ်။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုက တရှိန်ထိုးတက်သွားတာကြောင့် မိမိပိုင်ဆိုင်မှု လျော့မသွားရေးအတွက် မိမိလက်ထဲရှိတဲ့ ဆန်စပါးဈေးကို ဆွဲတင်လိုက်ကြတယ်။ အဲဒါကြောင့် ဆန်စပါးဈေး ထိုးတက်သွားတယ်။ အဲဒါကို အမိန့်အာဏာနဲ့ ထိန်းဖို့ ကြိုးစားတယ်။ ကုန်သည်တွေ၊ ဆန်စက်ပိုင်ရှင်တွေ အရေးယူခံရတယ်။ စားသုံးသူတွေ ထိတ်လန့်ကုန်တယ်။ အဲဒါကြောင့် အစိုးရအမှုထမ်းတွေ လာဘ်ပေးလာဘ်ယူလုပ်ဖို့ ပိုမိုအခွင့်သာသွားတယ်။ နောက်ဆက်တွဲအနေနဲ့ ကုန်ပစ္စည်းတွေ ဈေးကွက်မှာ ပျောက်ကုန်တယ်။ လူတွေ ပျာယာခတ်ကုန်တယ်။ စစ်ရေး၊နိုင်ငံရေး၊ ဘာသာရေးကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်နေတဲ့ အစိုးရဟာ ဟန်ချက်ပျက်နေတယ်။ အချိန်မရွေး လူထုအုံကြွ ဖြစ်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် အမှားတွေတခုပြီးတခု ကြူးလွန်မိရက်သားဖြစ်လာတယ်။ သေနတ်နဲ့ဖြေရှင်းနည်းတခုကိုသာ သိတဲ့အစိုးရ ဟာ လူထုအပေါ်  ရက်ရက်စက်စက်နှိပ်ကွတ်မှုတွေ ထပ်မံပြုလုပ်ကာ နောက်ထပ်စစ်ရာဇဝတ်မှုတွေ ကျူးလွန်လာတော့မယ့် အရိပ်အယောင်တွေ တွေ့နေရတယ်။

စစ်ကောင်စီဟာ အမှားဝဲဂယက်ထဲမှာ အရှိန်ပြင်းပြင်းနဲ့ လည်ရင်း စုန်းစုန်းမြုပ်တော့မယ်။ 

ဒီမင်း ဒီးစိုး ဒီသူခိုးတွေ ရဲ့ ဒီအဆိုးတွေ ဒီမိုးမကုန်ခင် ပျောက်ကွယ်ပါစေ။


အန်ကယ် တူမီး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar