ကိုနီတွတ် - ၂၀၁၇ ဒုတိယလှိုင်း
၂၀၁၇ ဒုတိယလှိုင်း
ကိုနီတွတ်
(မိုးမခ) ဇွန်၂၈၊ ၂၀၂၄
အဖြစ်ကအောက်မှာလည်းကျနေသေး၊ ငါ့ခွေးက သေသာသွားတာ၊ သူ့ခွေးက ငါ့ခွေးထက် ပိုခံရ၊ ပိုနာရတယ်ဆိုတဲ့အပေါက်။ ၂၀၁၇ စစ်ဆင်ရေးပထမလှိုင်းတွင် ရှမ်းမြောက်မှာတိုင်းစစ်ဌာနချုပ်တည်ရှိရာ လာရှိုး၊ စကခများ၊ ဗျူဟာများတည်ရှိိရာ ကျောက်မဲ၊ နောင်ချိုနဲ့ သီပေါအစတဲ့မြို့တွေသိမ်းယူမည့်ဆဲဆဲ ဟိုင်ဂင်စာချုပ်ကြောင့်ကျန်နေခဲ့တယ်။ယာယီအပစ်ရပ်ကတည်းကပြည်သူတွေအကြား သည်မြို့တွေကိုသိမ်းယူလျှင်သိမ်းလို့ရရက်နဲ့မသိမ်းပဲကျန်ခဲ့တာကို မချင့်မရဲအဖြစ်တွေနဲ့ ပြည်သူတွေစိတ်ထဲရှိကျန်ခဲ့တာအမှန်။ ပြည်သူတွေရဲ့သဘောထားထက်သာကောရဲ့သဘောထားကိုအလေးထားတာလို့ယူဆခဲ့ကြတယ်လေ။
အချို့ကဒေါသဖြစ်၊ အချို့က သည်လုပ်ရပ်မှားကြောင်းပြောကြ၊ အချို့ကစစ်ဆိုတာနိုင်ဖိတိုက်ထားမှ နားခွင့်ပေးလိုက်ရင်အင်အားထပ်ဖြည့်ဖို့အချိန်ပေးလိုက်တာနဲ့အတူတူ ထပ်တိုက်ဖို့မလွယ်တော့၊ နိုင်ခဲ့ရင်တောင်အဆုံးအရှုံးများစွာနဲ့ရင်းနှီးမှဆိုပြီး အမျိုးမျိုးအယူအဆတွေနဲ့ အပေါ်ကဆိုခဲ့သည့်မြို့တွေ စကစလက်ထဲ ကျန်နေခဲ့သည်။ အချို့က အထူးသဖြင့် နန်းစီဒီအမ် ဝန်ထမ်းတွေနဲ့ စကစဘက်တော်သားတွေကတော့ သက်ပြင်းချသူချ၊ လုံးဝမသိမ်းနိုင်စေရဘူးလို့ ပြောသူကပြော၊ ညီ နောင်သုံးဖွဲ့ဟာ သာကောကို မလွန်ဆန်ဘူး ဆိုသူက ဆို၊၊ မအလ၏ မထမ်းမနေရစစ်မှုထမ်းဥပဒေပေါ်လာတော့ ပိုပြီး ကြွားဝါလာသေးတော့၏။ မကြာခင်ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို ပြန်သိမ်းနိုင်လိမ့်မယ် အစရှိသဖြင့် ယုံကြည်သူက ယုံကြည်နဲ့ပေါ့။
အကြမ်းဖက်စကစနဲ့ EROs၊ တော်လှန်ရေးတပ်တွေအချင်းချင်း တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်နေကြသလို ပြည်သူတွေဖက်မှာလည်း တအုံနွေးနွေးဖြစ်လျက်။ အာဏာရှင်ဆိုတာ ကိုယ်ကျိုးပဲကြည့်တတ်တာ နှစ်ပေါင်း ၇၀ လောက် သက်သေပြခဲ့ပြီ။ သူတို့၏နယ်မြေအသီးသီးတွင် လူမဆန်စွာ ယုတ်မာခဲ့တာလည်း မရေမတွက်နိုင်။ စစ်အာဏာရှင်တို့သည် ခေတ်အဆက်ဆက် ကတိတည်သူတွေမဟုတ်၊ ဟိုင်ဂင်ဆွေးနွေးပွဲဆွေးနွေးစဥ်ကလည်း အကြမ်းဖက်တပ်က ဒုဗိုလ်ချုပ်ကြီးမင်းနောင်ဆိုသူရဲ့ အဆင်ခြင်မဲ့နှုတ်ထွက်စကားကြမ်းကလည်း သူတို့ရဲ့စရိုက်ကိုဖော်ပြနေသလို ထင်ထင်ရှားရှား။ နောက်ပြီး မရှက်မကြောက် ဆုံးရှုံးနယ်မြေတွေကိုပြန်ပေးဖို့ တောင်းပြန်သည်။ ညီ နောင်သုံးဖော်ကလည်း ငါတို့ တိုက်ယူထားတာ၊ ရချင်ရင် ပြန်တိုက်ယူလို့ တုံ့ပြန်တော့ ရူးရူးရှဲရှဲနဲ့ မင်းတို့တိုင်းရင်းသားနယ်မြေတွေကို လေယာဥ်နဲ့ဗုံးကျဲပြီး မငြိမ်းချမ်းအောင်လုပ်မယ်လို့ ယုတ်မာစကားတွေ အရူးချီးပန်း ပြောထွက်လာခဲ့သေး၏။
သည်ကြားထဲ တရုတ်၊ ရုရှားတွေဆီ ခေါင်းငုံအကူအညီယူပြီး တိုင်းပြည်ကိုအောက်စျေးနဲ့ လက်ညှိးထိုးရောင်း၊ နည်းပညာ၊ လက်နက်တွေဖြည့်၊ စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို တရားမဝင် ချောဆွဲ၊ အဓမ္မခေါ်။ ပထမလှိုင်းကသင်ခန်းစာကိုယူပြီး ဒရုန်းတွေထောင်ချီဝယ် ဖြည့်၊ လေ့ကျင့်၊ ပြီးတော့ သွေးတိုးစမ်းရင်း TNLA စခန်းတွေပေါ် ဒရော့ဗုံးချ၊ လေယာဥ်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေကျဲ၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်လို့ပစ်နဲ့၊ ဟန်ထည် မာန်မစွယ်တွေပြနေတာ၊ သဘောက ဘယ်လောက်ပဲရှုံးရှုံး၊ စခန်းတွေ ဘယ်လောက်ပဲ အသိမ်းခံရခံရ၊ ငါတို့မှာ လူအင်အား၊ခေတ်မီလက်နက်ကြီးတွေ ရှိပါသေးကြောင်း ခါချဥ်ကောင်မာန်ကြီးပြီး တောင်ကြီးဖြိုမဲ့ဟန် လုပ်လုပ်လာနေတာ။
ဟိုင်ဂင်စာချုပ်ချုပ်ကတည်းက ပြည်သူတွေကမကျေနပ်ကြသလိုပြောစမှတ်တွန်ခဲ့တဲ့စကားတစ်ခွန်းလည်း ကျန်ခဲ့တယ်။ သည်စာချုပ်ကြောင့် ညီနောင်သုံးဖော်ဟာ တစ်နေ့မှာ နောင်တရလိမ့်မယ်တဲ့။ တကယ်လည်း နောင်တရစရာတွေက တစ်ခုပြီး တစ်ခုတွေ့တွေ့လာတယ်။ စကစလက်ထဲကျန်ခဲ့တဲ့မြို့တွေထဲ အဝင်ခက်သလို အထွက်လည်းခက်လာနေတယ်။ ကားတွေနဲ့လာမလား၊ တစ်ခုမဟုတ် တစ်ခုငြိကို ငြိကြတယ်။ မှတ်ပုံတင်စစ်တာ ကြည့်မလား၊ စမတ်ကဒ်ရော မေးလာတယ်။ သုံးခေါက်ချိုးမှတ်ပုံတင်ကနေ မှတ်ပုံတင်ဆိုဒ်ကြီးကိုလည်း အတုပြောလို့ပြော။ ဆိုင်ကယ်လိုင်စင် ပြခိုင်းလို့ ပြခိုင်း၊ ဘက်မှန် နံပါတ်ပြား မစုံဘူးရစ်လို့ရစ်၊ လာထား ခြသေ့်အတန်ကြီးမြင်ရမှ လိုရာသွားနိုင်၊ ဒါတောင် လူတိုင်းမဟုတ်။
တောင်ပေါ်ဒေသဖြစ်၍ တောင်ပေါ်ကုန်တင်ကားများလည်း အဝင်အထွက်လွယ်ကူသည်မဟုတ်၊ ဆန်တင်လျှင်လည်း တစ်စီး ၅ အိမ် မကျော်ရတဲ့၊တောင်ပေါ်သားတွေ ငတ်ဖို့သာ ရှိတော့တယ်။ တခြားကုန်ပစ္စည်းတွေတင်လည်း အခက်အခဲများစွာ၊ ကုန်ကျမှုပေါင်းများစွာ၊ အဝင်မှာလည်း လာထား၊ အထွက်မှာလည်း အာ ဘွား။ အဖမ်းခံရသောကုန်ကားတွေ၊ ကားဆရာတွေ၊ ကုန်ပစ္စည်းတွေ ဆုံးရှုံးခဲ့မှုတွေလည်း မကြာခဏ။ တကယ့်ကိုမလွယ်ကြော။ မြို့ဝင်ကားလမ်းတွေကို ဘက်ဖိုးနဲ့ကော်၊ လမ်းတွေဖျက်ထားသလို ဝင်လို့ရတဲ့လမ်းကဝင်လာပြန်တော့လည်း သူတို့ဖမ်းချင်ရင် ဖမ်းပြီး ငွေညစ်။ ကျောက်မဲ - မိုင်းငေါ့ - နမ့်ဆန် ကားလမ်းမကြီးကို ကယ်ရီယာနဲ့ ပိတ်၊ ဝါးဆူးတွေနဲ့ကာ ပိတ်ထားသည်မှာလည်း ကြာပြီ။ အများပြည်သူပိုင်လမ်း၊ လူကြီးသူမတွေပြောသလို လူလည်းသွား၊ နတ်လည်းဖြတ်တဲ့ မိန်းလမ်းကြီး၊ လက်နက်ပြ ပိတ်ထားသေး။ ဒါကိုမသိတဲ့ရွာသားဆိုင်ကယ်သမားတစ်ယောက် မှားဝင်သွားဖူးသည်။ ငွေတောင်းလည်းကြမ်း၊ လူသတ်ရမှာဝန်မလေးတဲ့ အကြမ်းဖက်တပ်ရဲ့အစာ ဖြစ်သွားသည်။ ဘယ်လိုပဲဖြေရှင်းဖြေရှင်း ဆိုင်ကယ်သမားရဲ့ရိုးသားမှုက သည်နေရာမှာ အသုံးမဝင်၊ သိန်း ၂၀ ပေးမှလွတ်သည်။ ဒါတောင် ဆိုင်ကယ်ကပြန်ပါမလာသလို ဆိုင်ကယ်သမားလည်း အကောင်းပကတိ ထွက်လာနိုင်သည်မဟုတ်။ မြို့တွေထဲမှာလည်း လက်နက်အပြည့်အစုံဖြင့် ဟန်ရေးပြ မကြာခဏ ကင်းပတ် လှည့်ပတ် ပြနေသေးသည်။ မြို့တွင်းတည်ခိုခန်း၊ ဟိုတယ်၊ မိုတယ်တွေမှာ ရောင်မှားပြီး သွားမတည်းလိုက်လေနဲ့။ ခေါ်အစစ်ခံရမှာကျိန်းသေ။ ကိုယ်တည်းတာက တည်ခိုခန်း၊ အိပ်ရတာက အချုပ်ခန်း။ နောက်ဆုံး တည်းခိုခန်းပိုင်ရှင်ရော တည်းခိုသူပါ အိမ်ကို ချောမွေ့စွာပြန်နိုင်ဖို့က ညစ်ငွေမပါရင်မပြီး။
ပညာရေးဖက်ကိုကြည့်မလား၊ ပထွေးအားကိုးနဲ့ မြို့ပေါ်ကျောင်းတွေဟန်မပျက် ဖွင့်လစ်နေကြသည်။ ရွေးချယ်စရာမရှိသောပညာရေးအပေါ် ကျောင်းဖွင့်ပြီဆိုကတည်းက ညအိပ်ကျူရှင်တွေ ပေါ်ပေါ်တင်တင် စနေကြပြီ။ အဖြူအစိမ်းမဝတ်ရဲရာက ပြောင်ဝတ်လာတာ တွေ့လာသည်။ ပညာရေးဌာနမှာက ရိုးရိုးဘွဲ့ရရုံနှင့် ရာထူးတိုးကြသည်မဟုတ်။ BE.d ပညာရေးဘွဲ့ရမှာသာ ရာထူးတွေတစ်ဆင့်ပြီးတစ်ဆင့် တိုးကြတာ။ သို့မဟုတ် ဆယ်တန်းအောင်လို့ ပညာရေးတက္ကသိုလ် ၅ နှစ်တက်ပြီး ရာထူးတိုးယူကြသည်က တမျိုး။ လုပ်ငန်းခွင်မှတက်ချင်သူတွေကမူ ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်မှသွားတက်ရသည့် အရည်အချင်းရှိ BE.d ပညာရေးဘွဲ့။
အခုတော့ စကစအကြမ်းဖက်ခေတ်မှာ လုပ်သက်အနည်းငယ်ရသည်နဲ့ ဝင်ခွင့်ဖြေစရာမလိုပဲ တက်လို့ရစေသည့် မူဝါဒနဲ့ ဝန်ထမ်းတွေလျော့မသွားအောင် ဆွဲဆောင်ထားသည်။ ဥပမာ- ကျောက်မဲမြို့နယ်မှာ စကစအကြမ်းဖက်လက်အောက်ခံ အထက ၃/၄ ကျောင်း၊ အလယ်တန်း ၄/ ၅ ကျောင်း၊ ကျန်တာတွေက မူလတန်း၊ မူလွန်၊ လခွဲကျောင်းများ။ ဘယ်နေရာတွေမှာ သွားရာထူးတိုးယူကြမလဲ မသိ။ အချို့ကအခွင့်အရေးရတုန်း တက်ထားသတဲ့။ တော်လှန်ရေးအလွန်ကာလမှာ ပေးသမျှအပြစ်ခံယူပြီး ရာထူးတိုးယူကြမယ်တဲ့။ တကယ်တန်း မအောင်မရှိ ငါ့တပည့်၊ မဖြေ ၄၀ ဖြေ ၆၀ စကစကျောင်းများရဲ့ဟန်ကိုယ့်ဖို့များ၊၊ တကယ့်ကို့တော်လှန်ရေးကိုပစ်ပယ်ထားသူများ။ ပြောကြသေးသည်။ ပညာသင်ပေးမည့် ဆရာဆရာမတွေနည်းနေလို့ မထွက်ဖြစ်တာတို့၊ ကလေးတွေကို သနားလို့မို့ စသည်ဟန်ဆောင်စကားတွေ ထွက်ထွက်လာပြန်သည်။ တော်လှန်ရေးအစိုးရပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ပေါ်လစီ၊ မူဝါဒများကို လေ့လာဖတ်ရှုဟန်မတူ။ MRTV၊ မြဝတီတို့ သတင်းတွေနဲ့သာ တင်းတိမ်နေကြသူများ။ စကစရဲ့ဟန်ချင်းတွေကိုယုံကြည်ပုံပေါ်သည်။ အရပ်ရပ်အနယ်နယ်မှာ အကြမ်းဖက်စကစ၏ကျရှုံးနေမှုတွေကိုမြင်ပုံရပေမဲ့ လက်ခံချင်ပုံမရ။ သူတို့အသိထဲမှာ နှစ်ပေါင်းများစွာတည်ဆောက်လာသော မြန်မာ့တပ်မတော်၏ အစွမ်း၊ ပါဝါ၊ အင်အား ကြီးမားပုံက သူတို့အားကိုးစရာ။
သည်လိုနဲ့ ၂၀၂၄ ခု၊ မေလကတည်းက သတင်းတွေကြားနေရတာ။ ညီနောင်သုံးဖော် အထူးသဖြင့် TNLA နဲ့တော် လှန်ရေးတပ်တွေ လက်ကျန်မြို့တွေဝင်သိမ်းတော့မယ်။ အချို့က ဇွန်လ ၁၀ ရက်၊ ၁၄ ရက်၊ ၂၀ ရက်နောက်ပိုင်း စလိမ့်မယ်ပေါ့။ အကြမ်းဖက်စကစကလည်း စစ်မှုထမ်းဥပဒေအရ သူတို့ထပ်ဖြည့်ထားသော စစ်အင်အား၊ လက်နက်၊ နည်းပညာတွေနဲ့မကြာခဏ သွေးတိုးစမ်းစမ်းလာပြန်သည်။ မကြာပါ။ ပထမလှိုင်းရဲ့အဆက် ဒုတိယလှိုင်းတော်လှန်ရေးကိုကြေညာပြီး စတိုက်သည့် (၂၅-၆-၂၀၂၄) နေ့မှာ လာရှိုးတွင် ကျောင်းတွေဖွင့်နေပေမယ့် ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တို့တွင် ခေါင်းလောင်းသံတွေတိတ်သွားတော့သည်။ ရှမ်းမြောက်ကို ပြန်သိမ်းယူမယ်ဟု အသံ ကောင်းဟစ် ဟန်ပြင်နေသောစကစ၊ မိုးကုတ် ကျောက်မဲ နောင်ချို မတ္တရာမြို့တွေမှာ ဝင်အတိုက်ခံရတာ၊ မာမားခေါက်ဆွဲပြုတ်ချိန်ကို ဥပမာပေးပြောနေမှုများကို သတိရမိသည်။
တော်လှန်ရေးတပ်များဝင်လာမည်စိုး၍ မြို့ဝင်လမ်းများကို ပိတ်ထား၊ ဖျက်ထားကြတာလည်း လူတိုင်းအသိ။ တောင်ပေါ်မြို့လည်းဖြစ်၊ ဝင်လမ်းထွက်လမ်းများကိုကျွမ်းကျင်သော တော်လှန်ရေးတပ်များအကြောင်း မသိတာလား။ (၂၅-၆-၂၀၂၄) နေ့ မနက် ၆ နာရီမှာ ကျောက်မဲမြို့ထဲကို TNLA ဦးဆောင်သောတော်လှန်ရေးတပ်များ အလွယ်တကူဝင်လာသည်။ ရှမ်းမြောက်ကိုပြန်သိမ်းမယ်ဆိုသည့်တပ်ကြီးက ပြန်လည်ခုခံသည့်စစ်သား တစ်ကောင်တစ်မြီးမှ မတွေ့ရ။ မြို့မရဲစခန်း၊ စုပေါင်းရုံးရဲစခန်း၊ စရဖရုံး၊ခရိုင်ရဲရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ လဝကရုံး၊ စည်ပင်ရုံးဝန်ထမ်းတွေလည်း မတွေ့ရတော့။ စကစဂိတ်အသီးသီးကစစ်သားတွေ၊ မန္တလေးကလာသည့် မြို့အဝင်မှာတည်ထားသော အမြောက်တတပ်ကြီး၊ အင်ဂျင်နီယာတပ်ကြီးများ တော်လှန်ရေးတပ်တွေ၏ ဒရုန်း ဒရော့ဗုံး၊ လက်နက်အကြီးအငယ်တွေ၏အောက်တွင် ခေါင်းမဖော်နိုင်။ တော်လှန်ရေးတပ်တွေဝင်လာတော့ လူတွေ၊ အသံတွေတိတ်၊ အိမ်တွေတံခါးပိတ်လိုက်ကြတာမှန်သည်။ တမြို့လုံးငြိမ်ဆိတ်သွားသည်။ သို့သော် ပထမလှိုင်းကတည်းက စကစအပေါ်မကျေနပ်သောအများစုပြည်သူများက တော်လှန် ရေးတပ်များအား အစာရိက္ခာ၊ မုန့်၊အချိုရည်၊ ရေသန့်၊ ဆေးလိပ်၊ ခေါက်ဆွဲခြောက်ကမ်းသူက ကမ်း၊ထမင်းထုတ်ငှသူက ငှ၊ ယုတ်စွအဆုံး ပေါက်ဖော်အချို့ကတောင် သူတို့ကိုယ်တိုင်ချက်ထားသည့်အရက်တွေကို အမောပြေသောက်ဖို့ ပေးသူက ပေးနှင့်။ ပြည်သူအလိုရှိသောအရာကိုဖြည့်ပေးသည့် ဘယ်တော်လှန်ရေးတပ်မဆို ပြည်သူကကြည်ဖြူကြောင်း မြင်ကွင်းသက်သေများ။ ကျောက်မဲမြို့သိမ်းတိုက်ပွဲရဲ့ ကနဦးမြေပြင်ရဲ့ပကတိ အရှိတရားများ။
ဟန်ကြီး ဥာဏ်ကြီး အင်အားကြီးပါသည်ဆိုသော စကစအကြမ်းဖက်တပ်များ တိုက်ပွဲစဖော်သည့် (၂၅-၆-၂၀၂၄) နေ့မှာပင် မလှုပ်နိုင်တော့။ အခုဆို နှစ်ရက်မြောက်နေ့မှာ ၅၀၁ /၅၀၂/ စကခ (၁) တပ်များသာကျန်တော့သည်။ နေရာတကာမှာ တော်လှန်ရေးတပ်များ။ ထိုတပ်များရောက်လာပုံ၊ တည် ရှိရာနေရာများကို ဘယ်ပြည်သူကမှ စကခထံ သတင်းမပေး၊ အင်တာနက်ပေါ်မှာ အချင်းချင်း သတင်းဖလှယ်ကြသည်။ TNLA တပ်တွေကလည်း မနက်လင်းမှ ၁၀ နာရီအထိ ပြည်သူများကို စျေးရောင်းခွင့်၊ စျေးဝယ်ခွင့် ပေးထားပြန်သည်။ စျေးအစွန်များတွင် နေရာယူစောင့်ပေးကြသည်။ စျေးဝယ်စျေးသယ်များကလည်း ရှိသည့်ပေးစရာကမ်းစရာများကို မသိမသာ ပေးကြသည့်အပြင် မုန့်ဖိုးများကိုပါ ပေးကြသည်။ အချို့သောပြည်သူများက တိုက်ပွဲကာလအတွင်း ထမင်းချက်ကူပေးကြသည်။ မြို့ပေါ်က ရှောင်ကြသူရှောင်နေပေမဲ့ အများအားဖြင့် တော်လှန်ရေးတပ်များကိုကူကြရင်း ကိုယ့်အိမ်ကို နေနေကြသည်။ တပ်နဲ့ပြည်သူကြည်ဖြူနေပုံများက တကယ့်မြေပြင်အရှိတရားများပါ။
TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကလည်း လက်ကျန်တပ်များကို ၃/၄ ရက်အချိန်ပေးထားသည်။ အလံဖြူထောင်လက်နက်ချမလား၊ တော်လှန်ရေးတပ်များနဲ့ ယှဥ်ပြိုင်တိုက်ခိုက်မလား။ ပူးပေါင်းမလား၊ ခုခံမလားပေါ့။ အင်အားကြီးမားပြီး တိုက်လို့မနိုင်နိုင်ပါဘူးဆိုသောစကစအကြမ်းဖက်တပ်ကြီး၊ ရှမ်းမြောက်ကိုပြန်သိမ်းရန် မအလ၏အကြံကို အကောင်အထည်ဖော်နေသော နောင်တမရသေးဘဲ ကိုယ့်ကိုကိုယ်အထင်ကြီးနေသောတပ်ကြီး။ အခုတော့ တော်လှန်ရေးတပ်များရဲ့ ၂ ရက်ကြာတိုက်ခိုက်မှုများအောက် ပြားပြားဝပ်နေရသည်ကတော့ မပြုံးပဲ ဝါးလုံးကွဲ ရီရတော့မည့် ဟာသကြီးဖြစ်လို့။ မိုးတွင်းကာလည်း ဖြစ်၊ မိုးများသောဒေသလည်း ဟုတ်ဆိုတော့ မိုးသားတိမ်တိုက်တွေကလည်း တော်လှန်ရေးတပ်များဘက်မှ ကူညီနေသလိုမျိုး။ မိုးပေါ်ကလာမည့် လေယာဥ်ပျံဘေးအန္တရာယ် နည်းသွား။ လေးရက်မြောက်နေ့အထိ လေယာဥ်သံက အနည်း ငယ်မျှသောအကြိမ်ရေ ရှိတော့၏။ တဂျိုမ်းဂျိမ်းပစ်နေသောအမြောက်သံများကြားမှTNLA ဦးဆောင်သည့်တော်လှန်ရေးတပ်တွေက ကျောက်မဲမြို့၏လမ်းတွေ ထောင့်တွေ အရေးကြီးတဲ့နေရာတွေကို စိုးမိုးနေပါပကော။
(25/26-6-2024)
** (လောလောဆယ် မြို့ဝင်အမြောက်တပ်၊ အင်ဂျင်နီယာတပ်၊ မြို့မရဲစခန်း၊ ရုံးပေါင်းစုံနဲ့ ခရိုင်ရဲရုံးများသိမ်းပိုက်ရရှိထားပြီး လက်ကျန်စကခ (၁)၊(၅၀၁) (၅၀၂) တပ်များသာကျန်နေသည်။)
ကိုနီတွတ်
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar