သီအိုဇော် - သိမ်းဆည်းထားသည့် ရုရှားငွေကြေး ပိုင်ဆိုင်မှုများဆိုင်ရာ ဆုံးဖြတ်ချက် နမူနာကောင်း
သီအိုဇော် - သိမ်းဆည်းထားသည့် ရုရှားငွေကြေး ပိုင်ဆိုင်မှုများဆိုင်ရာ ဆုံးဖြတ်ချက် နမူနာကောင်း
(မိုးမခ) ဇွန် ၁၄ ၊ ၂၀၂၄
ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုကြောင့် ရုရှားဗဟိုဘဏ် အပါအဝင် ရုရှားနိုင်ငံရဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို အနောက်အုပ်စုနိုင်ငံများကပိတ်သိမ်းထားတာ အားလုံးသိပြီး ဖြစ်ပါတယ်။ အဓိကက G7 နိုင်ငံတွေမှာ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲရှည်ကြာလာတာနဲ့အမျှ ကူညီကျော ထောက်နောက်ခံပြုနေကြတဲ့ နိုင်ငံတွေမှာလည်း ကုန်ကျစရိတ်တွေအတွက် နည်းလမ်းရှာကြံ စဉ်းစားလာကြရပါတယ်။
ဒီသိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မှုတွေဟာ G7 နိုင်ငံတွေမှာ များစွာရှိပါတယ်။ အခုတော့ ဒီ G7 နိုင်ငံတွေဖြစ်တဲ့ ယူအက်စ်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကနေဒါနိုင်ငံတွေက သိမ်းဆည်းထားတဲ့ ရုရှား ငွေကြေးပိုင်ဆိုင်မှုတွေကနေ ရရှိတဲ့အတိုး၊ အကျိုးအမြတ်တွေနဲ့ ကျားကန်ပြီး ယူကရိန်းနိုင်ငံကို ချေးငွေများ ထုတ်ချေးပေးဖို့ အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ကြပါပြီ။
အခုထုတ်ပြန်ထားချက်အရ ဒေါ်လာ ၅၀ ဘီလီယံကို ယူကရိန်းနိုင်ငံကို ထုတ်ချေးမှာ ဖြစ်ပြီး စစ်ရေး၊ စီးပွားရေး၊ လူသားစာနာကူညီမှု၊ ပြန်လည်ထူထောင်ရေး စတဲ့ခေါင်းစဉ်တွေအောက်မှာ အသုံးပြုနိုင်ပါလိမ့်မယ်။ အသေးစိတ် အချက်အလက်များလည်း ထပ်မံ ထွက်ပေါ်လာပါလိမ့်မယ်။
ပိတ်သိမ်းထားတဲ့ ရုရှားဘဏ္ဍာရေးပိုင်ဆိုင်မှုတွေက ဒေါ်လာ ၃၀၀ ဘီလီယံဝန်းကျင် ဒီနိုင်ငံတွေမှာ ရှိတယ်လို့ သိထားရတဲ့အတွက်၊ နှစ်စဉ်ရရှိတဲ့ အကျိုးအမြတ်ကလည်း အတိုင်းအတာတခုအထိ များပြားမှာပါ။ ဒီပိုင်ဆိုင်မှုတွေဟာ ငွေတိုက်စာချုပ်လိုမျိုးကအစ အပ်နှံထားတဲ့ ပုံစံအမျိုးမျိုးနဲ့ ရှိနေမှာ ဖြစ်သလို၊ တခြား ရေတို ရေရှည် ရင်းနှီးမြှုပ်နှံမှု အသွင်များစွာ အနေနဲ့လည်း ရှိနေမှာ ဖြစ်ပါတယ်။
အကျိုးအမြတ် ပြန်လည်အသုံးချနိုင်မှု ဘယ်လောက်ပဲ ရှိပါစေ၊ ယူကရိန်းစစ်ပွဲ ကုန်ကျစရိတ်နဲ့ ကုစားရမယ့် ဆုံးရှုံးနစ်နာမှုတွေနဲ့တော့ နှိုင်းယှဉ်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ငွေကြေးကိန်းဂဏန်းတွေသက်သက်ကိုပဲ အာရုံစူးစိုက်ကြမယ့်အစား သမိုင်းတွင်မယ့် မူဝါဒအပြောင်း အလဲ ဆုံးဖြတ်ချက်တခုအနေနဲ့ မြင်ကြည့်ကြရပါ မယ်။
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး မတရားတဲ့စစ်ပွဲကိုဆင်နွှဲကြသူများအတွက် သင်ခန်းစာဖြစ်ကျန်စေသလို၊ နိုင်ငံတကာရဲ့ ပြစ်ဒဏ်ပေးမှုတခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ ဒီလို သိမ်းဆည်းငွေကြေး ပိုင်ဆိုင်မှုများအပေါ် မူဝါဒသစ်တခု ထွက်ပေါ်လာခြင်းက တိုက်ရိုက်လို့ မဆိုနိုင်ရင်တောင်၊ မြန်မာနိုင်ငံရဲ့ အပ်နှံငွေ ဒေါ်လာ တစ်ဘီလီယံအပေါ် တစုံတရာ သွယ်ဝိုက်အကျိုးသက်ရောက်မှု ဖြစ်လာနိုင်မလားလို့ အကောင်းဘက်က မြင်ကြည့်လိုပါတယ်။
ဘဏ္ဍာငွေကြေးစနစ်ဆိုင်ရာ စည်းမျည်းတွေဟာ တင်းကျပ်ရှုပ်ထွေးလှပါတယ်။ လုပ်ရိုးလုပ်စဉ် စည်းကမ်းဘောင်တွေက ခွဲထွက်နိုင်ဖို့ မလွယ်ကူပါဘူး။ အခုတော့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ယူကရိန်းနိုင်ငံ အနေအထားကို ကွဲလွဲတဲ့ ရှုမြင်မှုတွေ ဘယ်လိုပဲ ရှိရှိ၊ အခုလို ဆုံးဖြတ်ချက်ကို ရှေ့က နမူနာကောင်းအနေနဲ့ ရည်ညွှန်း ထောက်ပြဖို့ အခွင့်အရေး ရှိလိုက်တယ်လို့ ဆိုနိုင်ပါတယ်။
ဒေါ်လာတစ်ဘီလီယံကို နည်းမျိုးစုံနဲ့ ပြန်လည်ရရှိဖို့ တွန်းတွန်းတိုက်တိုက် ကြိုးစားနေတဲ့ပါမောက္ခ ရှောင်တာနယ်အပါအဝင် NUG နဲ့ ကြိုးစားအားထုတ်နေကြသူများက ဒီဆုံးဖြတ်ချက်အပေါ် ကြို ဆိုပြီး မြန်မာ့အရေးအတွက် ကိုးကားထောက်ပြစရာ တခုအနေနဲ့ အသုံးချကြမှာကို သံသယမရှိပါဘူး။
အမေရိကန်အစိုးရကလည်း Rebuilding Economic Prosperity and Opportunity for Ukrainians Act (REPO Act)ကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့ ရုရှား ငွေကြေးပိုင်ဆိုင်မှုတွေကို ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေး၊ လူသားစာနာအကူအညီတို့အတွက် အသုံးပြုနိုင်ရေးကို ရှေးရှုရေးဆွဲထားတဲ့ ဥပဒေဖြစ်ပြီး စစ်ရေးဆိုင်ရာအသုံးပြုမှုကိုတော့၊ ရည်ညွှန်းထားခြင်းမရှိဘူးလို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သိမ်း ဆည်းငွေကြေးများအပေါ် သိမ်းဆည်းထားရုံသက်သက်အစီအမံကနေ တဖြည်းဖြည်း ရွေ့လာခဲ့ပြီလို့ ဆိုရမှာပါ။
အခုလည်း G7 ရဲ့ ဆုံးဖြတ်ချက်အသစ် နမူနာကိုထပ်ယူပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒေါ်လာငွေ တစ်ဘီလီယံအပေါ် ဘယ်လို ပြောင်းလဲရှုမြင်လာမလဲလို့ ဆက်စောင့်ကြည့်ကြရမယ် ထင်ပါတယ်။ ကံသေကံမ မပြောနိုင်သည့်တိုင် ဒီလိုလမ်းစမျိုးတွေ ပေါ်ထွက်လာပြီးတဲ့နောက်၊ ဖြေ လျှော့စဉ်းစားမှုများနဲ့ ဘယ်လိုရလဒ်ကောင်းတွေ ဆက်ထွက်လာလိမ့်မလဲဆိုတာကို ယခင်ကထက်ပိုပြီး မျှော်လင့်လာနိုင်တဲ့ အနေအထားလို့ မှတ်ချက်ချလိုပါတယ်။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar