ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက် ပျက်ပြားနိုင်ခြေ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၃ မြင်ကွင်း
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၄
ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက် ပျက်ပြားနိုင်ခြေ
အောက်တိုဘာလကုန်ပိုင်းက စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး ၃ လဝန်းကျင်အကြာ ဇန်နဝါရီလဆန်းပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှု တနည်းအားဖြင့် ဖိအားတချို့ပေးပြီး တိုင်းရင်း သားလက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ကို အပစ်ရပ်စေခဲ့ပါတယ်။ AA, TNLA နဲ့ MNDAA လက်နက်ကိုင် ၃ ဖွဲ့အနေနဲ့ ယမန်နှစ် အောက်တိုဘာ လကုန်ပိုင်းမှ စလို့ စစ်အင်အား အလုံးအရင်းနဲ့ရော ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့်ပါ စစ်ကောင်စီ အထိုင်စခန်း၊ ဗျူဟာစခန်း၊ မြို့တွေကို တခုပြီးတခု ဆက်တိုက်ဆိုသလိုသိမ်းယူနိုင်နေစဥ်မှာ တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ် နယ်စပ်အဝင်အထွက် ကူးသန်းမှုဆိုင်ရာဖိအားတွေနဲ့ အပစ်ရပ်စေခဲ့တယ်လို့ ယေဘုယျ အားဖြင့် အများသိရှိထားကြတာ ဖြစ်ပါတယ်။
AA အပြင် အခြားလက်နက်ကိုင် ၂ ဖွဲ့အနေနဲ့ တိုက်ပွဲကာလ ၃ လဝန်းကျင်အတွင်း သိမ်းယူထားတဲ့ မြို့တွေ၊ နယ်မြေဒေသတွေမှာ အုပ်ချုပ်ရေး၊ အခွန်အကောက်နဲ့ စစ်ရေးပြင်ဆင်မှု၊ စစ်သည်အင် အားစုဆောင်းမှုတွေလုပ်ဆောင်နေခဲ့ကြရာက ၅ လနီးပါး အကြာမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ် လာမယ့်အရိပ်အယောင်တွေ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ ဇန်နဝါရီလဆန်း အပစ်ရပ်လိုက်စဥ်မှာ ဆက်လက်သိမ်းယူဖို့ ရည်ရွယ်ထားတဲ့ လားရှိုး၊ သီပေါ၊ ကျောက်မဲ စတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကုန်သွယ်လမ်းကြောင်းပေါ်က မြို့တွေ၊ စစ်စခန်းတွေကို ဆက်မတိုက်ဘဲ ရပ်တန့်ထားလိုက်ရတဲ့အနေအထားကို ခုနေခါ ပြန်လည် အစပျိုးတိုက်ခိုက်မလားလို့မှန်းဆနိုင်တဲ့အနေအထား ရောက်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။
TNLA နဲ့ MNDAA တို့အဖို့ ပထမအကြိမ် စစ်ဆင်ရေးကာလနဲ့စစ်ဆင်ရေးအပြီး အုပ်ချုပ်ရေး၊ စီးပွားရေးအနေအထား၊ အခြားသော လက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းမှု သို့မဟုတ် အား ပြိုင်မှု စတဲ့ အမျိုးမျိုးသောအနေအထား၊ အချက်အလက်တွေကို ထည့်သွင်းတွက်ချက်ပြီး မကြာခင်ကာလမှာ စစ်ကောင်စီကို တကျော့ပြန် တိုက်ခိုက်မှု စတင်မလားဆိုတဲ့ မှန်းဆမှုတွေ ပေါ်ထွက်လာနေပြီး စစ်ကောင်စီဘက်ကလည်း အဲဒီအတွက် ပြင်ဆင်မှုတချို့ လုပ်တဲ့အနေနဲ့ လားရှိုးမြို့နဲ့ ဆက်သွယ်ထားတဲ့ကားလမ်းတွေကိုမြေတူးမြောင်းတွေတူးပြီး ဖြတ်တောက်ထားလိုက်တဲ့သတင်း တွေ အခုရက်ပိုင်းအတွင်း ပေါ်ထွက်လာနေပါတယ်။ TNLA ဘက်ကတော့ မကြာသေးတဲ့ ရက် ပိုင်းအတွင်း မိုးမိတ်မြို့အနီးက TNLA စခန်းကို စစ်ကောင်စီဘက်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့အတူ ဟိုင်ဂင် သဘောတူညီချက်ကို စစ်ကောင်စီက စတင်ချိုးဖောက်ကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။
ယခုနှစ်ဆန်း ဇန်နဝါရီလ ဟိုင်ဂင်သဘောတူညီချက်ဟာ ရေရှည်ခံမယ့်သဘောတူညီချက်မျိုးမဟုတ်ပဲ အချိန်ကာလအကန့်အသတ် အခြေအနေအကန့်အသတ်တခုထိ သာတည်တံ့လိမ့်မယ်ဆိုတာကို ပါဝင်နေတဲ့ အဖွဲ့တွေအားလုံးနဲ့ တိုက်တွန်းသူ တရုတ်နိုင်ငံတို့ကပါ သိရှိထားကြပြီး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း နောက်ဆက်တွဲ ဆွေးနွေးပွဲတွေဆက်လုပ်ဖို့ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့ကြပြီး ပြီးခဲ့တဲ့မေလအတွင်း တရုတ်နိုင်ငံမှာ ထပ်မံတွေ့ဆုံခဲ့ပါသေးတယ်။ သို့ပေမဲ့ အဆိုပါ ထပ်မံတွေ့ဆုံဆွေးနွေးမှုကနေ တိုးတက်မှု ထပ်ရတာမျိုး မကြားသိရပဲ၊ နောက်တလအကြာမှာ စစ်ပွဲအရိပ်အယောင်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ရင်ဆိုင်နေရတဲ့ ဘုံရန်သူစစ်ကောင်စီရှိသလို တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းအကြား အကျိုးစီးပွားအားပြိုင်မှု တနည်းအားဖြင့် နယ်မြေ သိမ်းယူမှုကိစ္စ၊ လူသစ်စုဆောင်းမှု ကိစ္စနဲ့ အခွန်အကောက် ကောက်ယူမှု ကိစ္စတွေမှာ အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့လာနိုင်ပြီး အဖွဲ့တွေအကြား ပဋိပက္ခတွေလည်း ပေါ်ပေါက်နိုင်တဲ့အခြေအနေလည်း ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် တစုမကတဲ့ လူမျိုးစုတွေယှက်နွယ်နေထိုင်နေကြတဲ့ ရှမ်းပြည်နယ်ရဲ့ နယ်မြေအနေ အထားအရ တဖွဲ့နဲ့ တဖွဲ့ အရင်သိမ်းယူထားနိုင်ရင် အဲဒီဒေသတွေကို အုပ်ချုပ်စီမံခွင့် ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆလည်း ပေါ်ထွန်းလာနေပြီး အခုလို ဗဟိုအာဏာ သိသာစွာ အင်အားချည့်နဲ့ပြီး နောက်ဆုတ်နေချိန်မှာ ဒီအခွင့်အရေးကို ရယူထားဖို့ လိုအပ်တယ်ဆိုတာကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းနဲ့ နောက်ပိုင်း သုံးသပ် သဘောပေါက် နားလည်လာကြပုံရတာ တွေ့ရပါတယ်။
ဒါကြောင့် အခုတပြန် တိုက်ပွဲတွေ နယ်မြေသိမ်းတိုက်ပွဲတွေဖြစ်ပွားလာခဲ့ရင် အရေးပါတဲ့ မြို့၊ စခန်း၊ ကုန်သွယ်ရေး လမ်းကြောင်းတွေကို လက်ဦးမှုရယူ သိမ်းယူထားနိုင်ဖို့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စိတ်စောကောင်း စိတ်စောနေကြလိမ့်မှာ ဖြစ်ပါတယ်။
မြောက်ပိုင်း မဟာမိတ်နဲ့ မြောက်ပိုင်းနိုင်ငံရေးတွေ့ဆုံညှိနှိုင်းရေးတိုင်ပင်မှု ကော်မတီ အကြားတို့မှာ စကားပြောဆိုမှု သဘောတူညီမှုတွေ ရှိထားကြသလားဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ KIA နဲ့ TNLA အကြား မှာ တင်းမာမှု၊ အောက်ခြေထိတွေ့မှုတွေ တကြိမ်မက ဖြစ်ပေါ်လာတာကြောင့် TNLA က FPNCC က ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်ကို ကြားဝင် ဖြေရှင်းပေးဖို့ တိုင်ကြားတဲ့ သတင်းလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ရင် TNLA နဲ့ KIA အကြားသော်လည်းကောင်း တခြားသော လက်နက်ကိုင်အဖွဲ့တွေအကြားမှာသော်လည်းကောင်း ရင်းနှီးတဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုး၊ ပြဿနာကို စစ်ရေးနည်းလမ်းဖြစ်တဲ့ ပစ် ခတ်မှုတွေအထိ မရောက်ရှိဘဲဖြေရှင်းနိုင်တဲ့ ပလက်ဖောင်းတရပ်ဆက်ဆံရေး လမ်းကြောင်းတရပ် မရှိသေးတဲ့အနေအထားလို့ ယူဆစရာရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ဒီလိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားက အကျိုးစီးပွားချင်း ပဋိ ပက္ခဖြစ်တာ၊ ပွတ်တိုက်မှုတွေ ဖြစ်တာကို အမြတ်ထုတ်ဖို့ စိတ်ကူးရှိကောင်းရှိပေမယ့် အရှုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီကို အခြားသော လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဘုံရန်သူဆိုတဲ့သတ်မှတ်ချက်အပြင် အခြားသောအကျိုးစီးပွားရစရာ ဘာမှမရှိတာကြောင့် ၄င်းရဲ့ နည်း ဗျူဟာတွေ နည်းပရိယာယ်တွေက အခုအချိန်မှာ အလုပ်မဖြစ်တော့တဲ့ အခြေအနေမျိုး ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။
မုတ်သုန်ရာသီဝင်ခါစကနေ လာမယ့်မိုးရာသီတတွင်းမှာ ရှမ်းမြောက်နဲ့ ရှမ်းအရှေ့မြောက်ဧရိယာတွေမှာ တိုက်ပွဲတွေဖြစ်ပွားဖို့ ရာနှုန်း ၈၀ လောက်သေချာနေပြီး စစ်ရေးတိုက်ခိုက်မှုတွေ အရပ် သားအသက်ဆုံးရှုံးမှုတွေ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံလာနိုင်တဲ့အလားအလာ ဖြစ်ပြီး တရုတ်နိုင်ငံက ဘယ်လိုသဘောထားပြီး ဘယ်လို ကြားဝင်ဆောင်ရွက် မလဲဆိုတဲ့ အချက်က စိတ်ဝင်စားစရာ အချက်တချက် ဖြစ်နေတာပါ။
#MoeMaKaMedia
#WhatsHappeningInMyanmar