ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခေတ်အရေးနဲ့ စစ်ရေးတို့ထက် ချစ်ရေးခက်
ခေတ်အရေးနဲ့ စစ်ရေးတို့ထက် ချစ်ရေးခက်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း
(မိုးမခ) ဇွန် ၂၁ ၊ ၂၀၂၄
ဒေါနတောင်ခြေမှာ သရေကြိုးကိုးကွင်း ဦးစီးတဲ့ အောင်ဇေယျကြီး ပေါင်တွေကွနေချိန်။
ရခိုင်တကြော စစ်ခွေးအလောင်းတွေ စုန်ဆန်မျောသခိုက်။
မနောမြေမှာ အကြောသေနေစဉ်။
ရှမ်းမြောက်မှာ ဒုတိယမ္ပိ ၁၀၂၇ စစ်ပြင်နေတုန်း။
အညာမြေမလဲ ဝုန်းတော့မယ် ပြောနေသောသကာလ။
ရှမ်းညီနောင်လည်း နှောင် ဗေ နှောင်ကြပြီ၊ ရှမ်းအိုးစည်သံ ညံပြီဆိုလို့ စစ်ခွေးတော့ ပြေးစရာ့မြေပါပျောက်ပကွဆိုပြီး ဝမ်းသာအားရကြည့်လိုက်မှ အချင်းချင်း ချတာဖြစ်နေ၊ ရှမ်းတောင်နဲ့ ရှမ်းရှေ့က စစ်တပ်တွေ ပျော်လိုက်မယ့်ဖြစ်ခြင်းလေ။
ဪ မင်းအောင်လှိုင် မင်းအောင်လှိုင် အဘယ်ကုသိုလ်ထူးတွေများ ရှေးကတင်ကြို ပြုခဲ့ဖူးပါလိမ့်။
"မတူပီတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတပ်ပေါင်းစုအကြား တိုက်ပွဲဖြစ်" တဲ့။
ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့။
"စစ်ကောင်စီ၏ မတူပီ ခလရ (၁၄၀) တပ်ရင်းကိုတိုက် ခိုက်ရန် ပြင်ဆင်နေကြစဥ် အချင်းချင်းတိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်" တဲ့။
"ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CAF/CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ် (CDF) များ စုစုပေါင်း ချင်းတော်လှန်ရေးအင်အားစု ၁ ၈ခုဖြင့် စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် မတူပီရှိ စစ်ကောင်စီ ခရိုင်ရုံးကို မေလ ၃၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အလားတူ ချင်းဒေသကာကွယ်ရေးတပ် ၆ ခုနှင့် အာရက္ခတပ်တော်(AA) တို့ ပူးပေါင်းပါဝင်နေသည့် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များသည်လည်း မတူပီ ခမရ (၃၀၄) ကို ယမန် နေ့ (ဇွန် ၁၇) တွင် သိမ်းပိုက်ထားသည်။
အဆိုပါအခြေအနေတွင် ချင်းတော်လှန်ရေးအင်အားစုနှစ်ခုသည် စစ်ကောင်စီ၏ မတူပီ ခလရ (၁၄၀) တပ်ရင်းကိုတိုက်ရန် အပြိုင် ပြင်ဆင်နေကြစဥ် ဇွန်လ ၁၇ ရက်တွင် ချင်းပြည်ကောင်စီ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦးကို ချင်းညီနောင်က ဖမ်းဆီးခဲ့ခြင်းမှအစပြု၍ ယနေ့ နှစ်ဖက်အကြား တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိအထိ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်" တဲ့။
ကဲ ခလရ ၁၄၀ ဘယ်ကလောက် ပျော်နေမလဲဆိုတာ စဉ်းစားသာကြည့်။ မတူပီချင်းတွေရော တခြားချင်းတွေရော ဘယ်ကလောက် စိတ်ပျက်ကြမလဲဆိုတာတော့ တွေးတောင်မကြည့်ချင်။
ခုချိန်မှာ မအလတပ်တွေကို ဘယ်သူဝင်တိုက်တိုက်နိုင်ပြီး လက်နက်တွေ ဖောချင်းသောချင်းရလို့ လူ့သဘော လောဘတက်ပြီး ခု ကိုယ်ချည်းရချင်လို့ နောင်မှာအင်အားကြီးချင်လို့ အလုအယက်တိုက်ကြတာပဲဆိုရင်တော့ အပြစ်မဆိုသာ၊ တဖွဲ့နဲ့တဖွဲ့ အချစ်လိုတာ။ စစ်တပ်က တချို့နေရာတွေမှာတော့ ဆင်ပိန်ကျွဲလေ။ ပေါင်းတိုက်မှ အကြောင်းကိုက်မယ့် အခြေ၊ ပေါင်းဖိမှ အညောင်းမမိမယ့်အနေမှာ ညီနောင်သုံးဖော်လို ချင်းညီနောင်သူငါ လုံးဆော်ရင် ဗျူဟာကုန်းပေါ် သေချာပေါက်ရောက်မယ်မဟုတ်လား။
ဒီပွဲမှာ ဗျူဟာပြန်ဆွဲ ညီနောင်အတူနွဲနိုင်လို့ ဗျူဟာကုန်းနဲ့ ခလရ ၁၄၀ ကိုပိုင်ရင် ချင်းပြည်တခွင် စစ်ခွေးကင်းစင် ဖြစ်တော့မှာပ၊ ရလာတာ လူချိုးချ ခွဲယူကြရုံပ။ ခု ကနေဒီတောင်ပေါ်ပဲ မောင်ပျော်တယ်ဆိုပြီး ပြန်လာတဲ့စစ်သားတွေကိုလည်း မပြန်လမ်း အေးဆေးပို့လိုက်ရုံဘဲပ။
ချင်းတွေဟာ တူမီးနဲ့ စခဲ့တဲ့ နွေဦးရဲ့အလှသမိုင်းကို မရိုင်းအောင် ထိန်းကြရမှာ မဟုတ်လား။
ချင်းတွေဟာ တော်လှန်ရေးရဲ့ မီးရှူးတန်ဆောင် ဖြစ်နေရမှာ မဟုတ်လား။
လူညီတော့ တူမီးနဲ့ မြေကြီးခဲနဲ့တောင်နိုင်ခဲ့တာဟာ ရိုက်ရှင်ရိုက်ထားတာ မဟုတ်ဘူးလေ။
အဖမ်းဆီးခံရစဉ်မှာ ချင်းပျိုဖြူတွေရဲ့ ရဲရင့်မှုသွင်ပြင်ကို လူတိုင်း မြင်ယောင်နေကြတုန်းလေ။
သူတို့မလွတ်မြောက်သေးသလို ချင်းပြည်လုံးဝ မလွတ်မြောက်သေးဘူးလေ။
ချင်းပြည် မလွတ်မြောက်သေးသလို တိုင်းပြည်တပြည်လုံးလည်း စစ်ခွေးမိစ္ဆာလက်မှာ မချိမဆံ့ရုန်းကုန်နေကြတုန်းလေ။
အဲသလိုခေတ် အခြေအနေတွေ စစ်အခြေအနေတွေဟာ ဘယ်လောက်ခက်ခက်၊ ဘယ်လောက်ကြမ်းကြမ်း၊ အချင်းချင်း ချစ်ကြည်၊ အချင်းချင်း လေးစား အချင်းချင်း တန်ဖိုးထားရင် ပါးပါးလေးတွေပဲ ဆိုတာ ညီနောင်သုံးဖော်အောင်ပွဲတွေက သက်သေပြနေတုန်း။
နွေဦးအမွန်ကနေ နွေဦးတလျှောက် ပြည်သူ့စိတ်ဇွဲ ကိုယ့်အောင်ပွဲတွေက အခက်အလက်ဝေနေတုန်း။
ပြည်သူ့စိတ်ဇွဲကို ကြိတ်ခွဲမပစ်ကြဖို့ဟာ တော်လှန်ရေးရဲ့ အရေးအကြီးဆုံးအချက် မဟုတ်ပါလား။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar