ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်လိမ်လည်မှု ဖွင့်ချခံရ၊ ချင်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေအကြား ကွဲအက်မှု
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၀ မြင်ကွင်း
(မိုးမခ) ဇွန် ၂၁၊ ၂၀၂၄
ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်လိမ်လည်မှု ဖွင့်ချခံရ၊ ချင်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေအကြား ကွဲအက်မှု
ပဲခူးမြို့က ပညာဂုဏ်၊ သီလဂုဏ် ကြီးမားတဲ့ ဆရာတော်ကြီးတပါး စစ်ကောင်စီရဲ့ ကင်းလှည့်တဲ့ ကားက ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ပျံတော်မူခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ပစ်ခတ်ခံရပြီး ဒုတိယမြောက်နေ့မှာ ဖြစ်ပျက်ပုံ အသေးစိတ်နဲ့ စစ်ကောင်စီဘက်က အဖြစ်မှန်ကို ဖုံးကွယ်လိမ် လည်မှုက ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ပါတယ်။
ပစ်ခတ်ခံရတဲ့ကားမှာအတူလိုက်ပါခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က ကံသုံးဆင့်ကျောင်း ဆရာ တော်က အဖြစ်အပျက်နဲ့ပတ်သက်ပြီး ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းမှာ ဆရာတော်ကြီးရဲ့ တပည့်သံဃာတွေကို ရှင်းပြတဲ့အသံဖိုင်က ဆိုရှယ်မီဒီယာပေါ် ရောက်ရှိလာခဲ့တဲ့အခါ ပစ်ခတ်ခံရတဲ့နေ့က ဘယ်လို ဖြစ်ပျက်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရှိကြရတာ ဖြစ်ပါတယ်။ အဲဒီနေ့က နေ့ခင်း ဆွမ်းမစားခင် နံနက် ၁၀ နာရီဝန်းကျင်တံတားဦးနဲ့ ပန်းချီ ကမ္မရွာအကြားကားလမ်းမှာ စစ်ကောင်စီရဲ့ ကင်းလှည့်ကားကို ဆရာတော် ၂ ပါးကို တင်ဆောင်လာတဲ့ ကားက ကျော်တက်ရာမှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။ ဆရာတော်ကားကို မောင်းနှင်သူအနေနဲ့ အခုလို စစ်ကောင်စီရဲ့ တပ်က စစ်ကားတွေနဲ့ကြုံရတဲ့အခါမျိုးမှာ ဘယ်လိုပြုမူလေ့ရှိသလဲဆိုတာ အတွေ့အကြုံမရှိတာကြောင့် ကျော်တက်ဖို့ကြိုးစားရာမှာ ပစ်ခတ်ခံရတဲ့ အနေအထားဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ကားတွေက ၄င်းတို့ကိုချောင်းမြောင်းပစ်ခတ်ခံရမယ့်အနေအထားမျိုး၊ သံသယနဲ့ အရပ်သားကားတွေ ဘယ်ကားကိုမဆို သံသယနဲ့ကြည့်ပြီး တစုံတရာသင်္ကာမကင်းခံစားရတာနဲ့တင် ပစ်ခတ်ဖို့ ဝန်မလေးကြတဲ့အနေအထားဖြစ်ပါတယ်။ တံတားဦး နဲ့ ပန်းချီကမ္မအကြားက PDF တွေ ရှိနိုင်တယ်လို့ဆိုနိုင်သည့်တိုင် အဲဒီလိုနေရာမဟုတ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမလိုနေရာမျိုးမှာတောင် စစ်ကားကို ကျော်တက်မောင်းနှင်တာမျိုးကို ၄င်းတို့ကိုအလစ်အငိုက်ပစ်ခတ် တိုက် ခိုက်မယ့်သူတွေအဖြစ် သံသယရှိကြတာဖြစ်ပါတယ်။ အမြန်လမ်းမှာ ကားနဲ့ခရီးသွားရင်း အလား တူအဖြစ်မျိုး ကြုံဖူးတဲ့သူတွေလည်း ရှိခဲ့တာပါ။ ၄င်းတို့ကားအနောက်က ကပ်လိုက်တာလည်း လက်မခံသလို ကျော်တက်တာကိုလည်းလက်မခံဘဲ ပစ်ခတ်တိုက်ခိုက်မယ့်သူတွေအဖြစ် သံသယရှိကြတာ ဖြစ်ပါတယ်။
ဆရာတော် ၂ ပါးကို တင်ဆောင်လာတဲ့ ကားက အလားတူ အခြေအနေမျိုးမှာ ကားမှန်တင်ထားလျှက်နဲ့ ၄င်းတို့ကားကို ကျော်တက်မောင်းနှင်တာကို ပစ်ခတ်ခံရတဲ့အကြောင်းအချက်အပြစ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီလို ပစ်ခတ်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အပစ်ပေးခံရဖို့ ထက်ကို လုံခြုံရေးအရ လိုအပ်လို့ လုပ်ဆောင်ရတဲ့သဖွယ်ခံယူထားပြီး ဖြစ်စဥ်ကို လုပ်ကြံဖန်တီးထားတဲ့အဖြစ်အပျက်တခုနဲ့ လူသိရှင်ကြားထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်က PDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေပစ်ခတ်နေတဲ့ကြားထဲ ဆရာတော်တွေ စီး နင်းလာတဲ့ကားကရောက်ရှိပြီး PDF ဘက်က ပစ်ခတ်မှုနဲ့သေဆုံးရတာဆိုတဲ့လုပ်ကြံဇတ်လမ်းကို နာရီပိုင်းအကြာမှာ ဖန်တီးကာ ဆရာတော်စီးနင်းလာတဲ့ ကားမောင်းသူ နဲ့ အသက်ထိခိုက်ခြင်းမရှိတဲ့ကံသုံးဆင့် ဆရာတော်ကိုပြောဆိုပေးဖို့ စည်းရုံးသိမ်းသွင်းခဲ့တာ ဖြစ်ပါတယ်။
သို့ပေမဲ့ ဆရာတော်အနေနဲ့ အခုဖြစ်ရပ်ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာ ပျံတော်မူသွားပြီဖြစ်တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာတွေကို အသိပေးဖို့တာဝန်ရှိတာကြောင့် အဖြစ်အပျက် အကုန်အစင်ကို မခြွင်းမချန်မကြောက်မရွံ့ ပြောဆိုခဲ့ပြီး အဆိုပါပြောဆိုချက်က လူပရိသတ်အား လုံးဆီပျံ့နှံ့သွားတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ သူ့ရဲ့ လိမ်လည်ဝါဒဖြန့်မှုကျရှုံးပြီး ဂုဏ်သိက္ခာ၊ သီလကြီးမားတဲ့ဆရာတော် သံဃာတော်တွေကိုတောင် မှားယွင်းပစ်ခတ်ပြီး နောင်တရခြင်းမရှိတဲ့အပြင် ဆက်လက်လိမ်လည်ပြောဆိုခိုင်းတဲ့ အဖြစ်၊ ပစ်ခတ်သတ်ဖြတ်တဲ့အပြစ်ကျူးလွန်ပြီး ဆက်ကာလိမ်လည်တဲ့အပြစ်ကိုပါ ဆက်ကျူးလွန်နေပြီး အမှားကိုအမှားနဲ့ထပ်ဖုံးကွယ်တဲ့အဖြစ်က ၃ နှစ်တာအတွင်း ကြီးမားတဲ့ သက်ရောက်မှုတခုဖြစ်စေလိမ့်မယ့်အနေအထားလို့ဆိုရင် မှားမယ် မထင်ပါဘူး။
ဒီနေ့အဖို့ အခြားအကြောင်းအရာတခုက ချင်းပြည်နယ်မှာ ချင်းလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ချင်းညီနောင်ဆိုတဲ့ အဖွဲ့နဲ့ “ချင်းပြည်ကောင်စီ” လို့အမည်ပေးထားပြီး ကြားကာလအုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေးတွေလုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ၊ အငြင်းအခုံဖြစ်မှုတွေနဲ့သဘောထားကွဲလွဲမှု၊ ပုတ်ခတ်ပြောဆိုမှုတွေက လူသိ ရှင်ကြား ဖြစ်လာတဲ့ အခြေအနေ အကြောင်းပဲ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ဒေသအလိုက်နဲ့ မျိုးနွယ်စုအလိုက် ဖွဲ့စည်းတည်ထောင်ထားကြတဲ့ ချင်းလက်နက် ကိုင် ၆ ဖွဲ့က ယမန်နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ ချင်းညီနောင်အဖွဲ့လို့အမည်ပေးထားတဲ့ လက်နက် ကိုင်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြကာ၊ နောက်တလ ဝန်းကျင်အကြာမှာ ဆယ်စုနှစ်များစွာ သက် တမ်းရှိတဲ့ ချင်းအမျိုးသားတပ်ဦးအပါအဝင် အခြားသော ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့တို့ ပါဝင်ပြီး စုပေါင်းထားတဲ့ အဖွဲ့ကြီးအဖြစ် ချင်းပြည်ကောင်စီ (အင်္ဂလိပ်ဘာသာနဲ့ အတိုကောက်အားဖြင့် CC လို့ခေါ်ဆို) တဲ့အဖွဲ့ ကို ထပ်မံဖွဲ့စည်းခဲ့ကြပါတယ်။
ချင်းညီနောင်အဖွဲ့ဟာ အဆိုပါ CC နဲ့ သဘောထားရပ်တည်မှုမတူကြဘဲ ချင်းညီနောင်အနေနဲ့ ရခိုင့်အမျိုးသားအဖွဲ့ချုပ်နဲ့ အာရက္ခတပ်တော် ULA/AA နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး၊ လက်နက်၊ စစ်သင် တန်းအကူအညီတွေရရှိပြီး အချို့သောစစ်ကောင်စီကိုတိုက်ခိုက်ရာမှာ AA ကလည်း ပူးပေါင်းပါ ဝင် တိုက်ခိုက်တဲ့အဖြစ်အပျက်တွေ ရှိခဲ့တာ ဖြစ်ပါတယ်။
မကြာသေးတဲ့ရက်ပိုင်းအတွင်းမှာတော့ မတူပီမြို့သိမ်းတိုက်ပွဲအကြောင်းပြုပြီး AA နဲ့ မဟာမိတ် ပြုထားတဲ့ချင်းညီနောင်နဲ့ CC အဖွဲ့က CNF/CNA လက်နက်ကိုင်အဖွဲ့အကြား ပွတ်တိုက်မှုတွေ ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ၂၀ရက် ချင်းညီနောင်အဖွဲ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ CDFမင်းတပ်မှ Thang Chawm Phe ကတော့ အခုလိုမှတ်ချက်ပေးခဲ့တာ ဖတ်လိုက်ရပါတယ်။ "CNA လက်အောက်ခံတပ်ဖွဲ့တွေက အပစ်ရပ်ရင် တိုက်ပွဲက အလိုလိုရပ်သွားမှာပါ။ ကျနော်တို့က ထိုးစစ်ဆင်နေတာမဟုတ်ပါဘူး။ ဒီသုံးရက်စလုံးမှာ သူတို့က လိုက်ပစ်နေတာပါ။ စကစကို ကျနော်တို့က ပစ်နေတာမှာ သူတို့က ကျနော်တို့ကိုမပစ်တော့ရင် အလိုလို တိုက်ပွဲရပ်သွားမှာပါ" လို့ ဆိုပါတယ်။
ချင်းပြည်နယ်ဟာ မျိုးနွယ်စုတွေဆယ်ဂဏန်းနဲ့ ရှိကြသလို မျိုးနွယ်စုအလိုက်နဲ့ မြို့အလိုက် လက် နက်ကိုင်တပ်ဖွဲ့တွေဖွဲ့စည်းထားကြပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနယ်မြေစိုးမိုးရေးကိုဖယ်ရှားဖို့ လုပ်ဆောင်လျက်ရှိကြရာမှာ ချင်းမျိုးနွယ်စုလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားမှုတွေ ဖြစ်ပွားလေ့ သိပ်မတွေ့ခဲ့ရပါဘူး။ သို့သော်လည်း ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝဒေသနဲ့ပတ်သက်လို့ ချင်းလက်နက်ကိုင်အဖွဲ့တွေအကြား အမြင်မတူတာတွေ၊ သဘောထားကွဲလွဲမှုတွေရှိနေခဲ့သလို၊ အတိတ်ကာလမှာ ချင်းအမျိုးသားတပ်ဦးရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတချို့ အတွက်လည်း ချင်းပြည်နယ် မြောက်ပိုင်းရှိ ဒေသက မျိုးနွယ်စုတချို့က ချင်းအမျိုးသားတပ်ဦးရဲ့ ဦးဆောင်မှုကို လက်မခံချင်ကြတဲ့ ပြဿနာက ရှိနှင့်ပြီး ဖြစ်ပါတယ်။
အခုလတ်တလောပေါ်ထွက်လာတဲ့ချင်းညီနောင်အဖွဲ့ နဲ့ CNF/CNA တို့အကြားပြဿနာကအတိတ်က သမိုင်းကြောင်းနဲ့ လက်ရှိ ပစ္စုပ္ပန် ဆက်ဆံရေးတွေရဲ့ အရိပ် ၊ သံသယတွေ လွှမ်းမိုးနေတာ ဖြစ်ပြီး ချင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်နဲ့ဖြေရှင်းတာထက် နှုတ်အားဖြင့်ဆွေးနွေး အဖြေရှာကြဖို့ လည်း အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar