Breaking News

ပစ်ခတ်သတ်ဖြတ်မှုတွေက ဘယ်သူ မဆိုခံရနိုင်တာကို သက်သေပြတဲ့ ဖြစ်ရပ်တခု

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၉ မြင်ကွင်း

(မိုးမခ) ဇွန် ၂၀၊ ၂၀၂၄

ပစ်ခတ်သတ်ဖြတ်မှုတွေက ဘယ်သူ မဆိုခံရနိုင်တာကို သက်သေပြတဲ့ ဖြစ်ရပ်တခု

ပဲခူးမြို့က အထင်ကရ ဝင်းနိမ္မိတာရုံ ပရိယတ္တိစာသင်ကျောင်းတိုက်ရဲ့ နာယကဆရာတော်နဲ့ အခြားဆရာတော်တပါးတို့ မန္တလေးမြို့မှာ ပြုလုပ်မယ့် ရွှေကျင်ဂိုဏ်း အစည်းအဝေး တက်ရောက်ဖို့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင် ရန်ကုန်ကနေ မန္တလေးသို့ လေယာဥ်နဲ့ ကြွခဲ့ကြပြီး တံတားဦးလေဆိပ်ကနေ အထွက်မှာ လုံခြုံရေးဂိတ်က တားဆီးတာကို ရပ်မပေးတာကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ပြီး ဆရာတော် ပျံတော်မူခဲ့ပါတယ်။ 

ဝင်းနိမ္မိတာရုံဆရာတော်ဟာ နိုင်ငံတော် သံဃနာယက တာဝန်ယူခဲ့ဖူးတဲ့ဆရာတော်ဖြစ်ပြီး တံတားဦးလေဆိပ်ကနေ မန္တလေးဘက်ကိုအသွား စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်မှာ ကားရပ်မပေးတာနဲ့ သေနတ်နဲ့ လှမ်းပစ်ခဲ့ရာမှာက နေရာတင်ပျံလွန်ခဲ့ပြီး အတူပါတဲ့ဆရာတော်နဲ့ ယာဥ်မောင်းဖြစ်သူတို့ပါ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းဌာနတချို့ကဖော်ပြတဲ့ ကနဦးသတင်းတွေမှာ  ဖော်ပြခဲ့ကြပါတယ်။ 

နေ့ခင်းပိုင်းမှာတော့ ဆရာတော် ၂ ပါးစီးနင်းလာတဲ့ကား ပစ်ခတ်ခံရတဲ့သတင်းတွေနဲ့အတူ မန္တလေး တိုင်းသာသနာရေးဦးစီးဌာနက နေပြည်တော်သာသနာရေးဝန်ကြီးဌာနဆီ ပေးပို့တဲ့ဌာနတွင်းစာတစောင်ပါ ဆိုရှယ်မီဒီယာတွေပေါ် ပျံ့နှံ့ရောက်ရှိလာခဲ့ပြီး အဆိုပါစာအရ တံတားဦးလေဆိပ်အထွက်မှာ ပစ်ခတ်ခံရတာမဟုတ်ဘဲ၊ တံတားဦးလေဆိပ်ကနေ ဆရာတော်တပါးရဲ့ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့ နယ်ထဲက ပန်းချီကမ္မရွာမှာ နေ့ဆွမ်းကပ်လှူတာကိုသွားရောက်စဥ် မြို့သာနဲ့ပန်းချီကမ္မရွာအကြားလမ်းခရီးမှာ လှည့်ကင်းလုံခြုံရေးတပ်ဖွဲ့တွေနဲ့တွေ့စဥ် ကားရပ်ခိုင်းတာကို ရပ်မပေးတာနဲ့ ကားမှန်ချမထားတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့ပြီး ကားရှေ့ခန်းက စီးနင်းလာတဲ့ဆရာ တော်ကိုထိမှန်ပြီး ပျံတော်မူခဲ့ရတာလို့ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီဘက်ကတော့ ည ၈ နာရီ သတင်းကျမှ အဖြစ်အပျက်ကို လိုချင်တဲ့ ပုံဖော်ရေးသားပြီး PDF နဲ့ စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှုမှာ PDF ပစ်ခတ်မှုကြောင့် ဆရာတော်ကား ထိမှန်ခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာတော်ရဲ့ ကားမောင်းသူကိုလည်း ၄င်းတို့ ထွက်ဆိုစေလိုတဲ့ဖြစ်စဥ်အတိုင်း ထွက်ဆိုခိုင်းတယ်လို့ယူဆရတဲ့ ဗီဒီယိုသက်သေနဲ့ ပစ်ခတ်သေဆုံးရမှုရဲ့ လက်သည်အဖြစ် PDF အဖွဲ့တွေကို ပုံချစေခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 

ဝင်းနိမ္မိတာရုံဆရာတော်ဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ သံဃအဖွဲ့အစည်းတွေအနက် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ မဟန လို့ အတိုကောက်ခေါ်ဆိုတဲ့ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်တွေအဖြစ်တာဝန်ယူဖူးသလို ဗုဒ္ဓဘာသာကျမ်းစာဖွင့်ဆိုရေးသားရာမှာ ထင်ရှားတဲ့ဆရာတော်အဖြစ် ကျော်ကြားတဲ့ဆရာတော်ဖြစ်ပြီး အသက်အားဖြင့် ၇၉ နှစ်သာရှိသေးတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပြီးနောက် အခုလိုပစ်ခတ်သတ်ဖြတ်ခံရတာတဲ့ဖြစ်ရပ်မျိုးတွေ ရာ၊ ထောင်ချီ ဖြစ်ပျက်ခဲ့ပြီးဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ လက် နက်ကိုင်အဖွဲ့ဝင်တွေနဲ့ တဖက်လက်နက်ကိုင်တွေ ပစ်ခတ်တာ၊ အလစ်အငိုက် ဝင်ရောက်တိုက် ခိုက်တာ၊ ဖမ်းဆီးရမိတဲ့အခါ တရားဥပဒေစီရင်မှုတွေဆီမရောက်စေတော့ပဲ အဖြစ်အပျက်ထဲမှာတင်သော်လည်းကောင်း၊ ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းစဥ်မှာသော်လည်းကောင်း သတ် ဖြတ်လိုက်တဲ့အဖြစ်တွေက ပုံမှန်ဖြစ်နေကျဖြစ်ရပ်တွေလို့ မှတ်ယူလို့ရနေတာပါ။ နောက်တဆင့်ဖြစ်တဲ့အရပ်သားတွေကို PDF အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊ ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင် ဖြစ်သော်လည်းကောင်း သို့မဟုတ် အမျိုးသားဖြစ်ရုံ၊ အသက်အရွယ်အားဖြင့် ၁၈ နှစ်ဝန်းကျင်ကနေ ၅၀ ကျော် ၆၀ ဝန်းကျင်အတွင်းဖြစ်ရုံနဲ့ PDF သံသယနဲ့ စွပ်စွဲသတ်ဖြတ်မှုတွေလည်း အဖြစ် အပျက်ပေါင်း ရာနဲ့ချီဖြစ်ပျက်ခဲ့ပြီး ဖြစ်ပါတယ်။ တဖက်မှာလည်း PDF / LPDF အဖွဲ့တွေကလည်း တဖက်က အသိုင်းအဝိုင်း၊ ရပ်ရွာမှာ နေထိုင်သူ မိသားစုဝင်ဖြစ်သူတွေကို အရပ်သားဖြစ်နေသည့်တိုင် စစ်ကောင်စီ ဒေါက်တိုင်၊ သတင်းပေး၊ ဒလန်၊ ပျူစောထီး အဖွဲ့ဝင် အဖြစ် စွပ်စွဲသတ်ဖြတ်မှုတွေလည်း စစ်ကောင်စီဘက်က ကျူးလွန်မှုတွေနဲ့ မနှိုင်းယှဥ်လောက်သည့်တိုင် ပမာဏတခုထိ ရှိနေတာလည်း ဖြစ်ပါတယ်။ 

ဒီလိုသံသယနဲ့ သတ်ဖြတ်မှုတွေ ကား၊ သို့မဟုတ် ဆိုင်ကယ်ကိုတားတာ မရပ်ပေးရုံနဲ့တင် လက် လွတ်စပယ်ပစ်ခတ်မှုတွေက စစ်မက်ဖြစ်ပွားမှုတွေအကြား နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ နေ့စဥ်လိုလို အပတ်စဥ်လိုလိုဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ နေ့စဥ်သတင်းတွေထဲမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ကချင်နဲ့ တနင်္သာရီ စတဲ့ နိုင်ငံအနှံ့မှာ သာမန်ပြည်သူတွေထဲက ကံမကောင်းအကြောင်းမလှသူတွေ ပစ်ခတ်သတ်ဖြတ်ခံနေကြရတာ ဖြစ်ပါတယ်။ လေကြောင်းတိုက် ခိုက်မှုကြောင့် သော်လည်းကောင်း၊ လက်နက်ကြီးကျည်ထိမှန်တာကြောင့် သေဆုံးရတဲ့အဖြစ် အပျက်တွေကလည်း နေ့စဥ် ဖြစ်နေကျအဖြစ်အပျက်တွေလို မထူးဆန်းတော့တဲ့ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။ 

အခုဖြစ်ရပ်က ဘာသာရေးလည်း ဘာသာရေးနယ်ပယ်က၊ လူများစုကြီးဖြစ်တဲ့ ဗုဒ္ဓဘာသာရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်ဆရာတော်ကြီး၊ လူအများက လေး စားကြည်ညိုကြတဲ့ ထင်ရှားတဲ့ကျမ်းပြုဆရာတော်လည်းဖြစ်တဲ့ ဆရာတော်သည်ပင်လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အရပ်သားတွေအပေါ်  ပြုမူနေကျပစ်ခတ်မှုမျိုးကြောင့် ပျံတော်မူရပြီး အခုဖြစ်ရပ်က သတင်းကြီးတပုဒ်အဖြစ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့တော့ သူ့အလုပ်ဖြစ်တဲ့ လိမ်ညာဝါဒဖြန့်ရမယ့်အလုပ်ကိုလုပ်ဖို့ ဖြစ်စဥ်ဖြစ်ပျက်ပြီးနာရီအတန်ကြာ ယာဥ်မောင်းဖြစ်သူကို ပြန်ပြင်ဆင်ထားတဲ့ဖြစ်စဥ်ကိုပြောဆိုခိုင်းပြီး အဆင်သင့်ဖြစ်ချိန်ကျမှသာသတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒီဖြစ်စဥ်က အလားတူ တရားဥပဒေမဲ့သတ်ဖြတ်မှုတွေ ရာထောင်ချီရှိနေတာကို ကိုယ်စားပြုတဲ့ အဖြစ်အပျက်တရပ်အဖြစ် သတင်းမီဒီယာတွေက ဖော်ပြဖို့ လိုအပ်ပါတယ်။ တရားဥပဒေမဲ့ သတ် ဖြတ်မှုတွေကို အများအားဖြင့် စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ကျူးလွန်တာဖြစ်သော်လည်း PDF လက်နက်ကိုင်အဖွဲ့ဝင်တွေလိုမျိုးဘက်က ကျူးလွန်ခဲ့ရင်လည်း တာဝန်ခံမှုရှိဖို့အတွက် မခြွင်းမချန် ဖော်ပြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်တွေက ဆောနယ်ကမိသားစုတစုကို သတ်ဖြတ်ခဲ့တဲ့အဖြစ်လို၊ ချောင်းဦးမြို့နယ် ကျေး ရွာတရွာမှာ အရွယ်မရောက်သေးတဲ့ကလေးတွေပါဝင်တဲ့ ပလတ်စတစ်ပုလင်းကောက်သူ လူငယ်တွေကို မုဒိမ်းကျင့်၊ သတ်ဖြတ် အလောင်းဖျောက်ခဲ့တဲ့အဖြစ်တွေလိုမျိုးကိုလည်း ဘယ်လို အရေး ယူဆောင်ရွက်ထားခဲ့ပြီလဲဆိုတာ သတင်းမီဒီယာတွေအနေနဲ့ မေးမြန်းဖော်ပြဖို့လိုအပ်တာ ဖြစ်ပါတယ်။ 

အခုလိုနိုင်ငံသိ ထင်ရှားတဲ့ဆရာတော်တပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တရားလက်လွတ် ပစ် ခတ်မှုက ဒီဖြစ်ရပ်တခုတည်းကို မီးမောင်းထိုးပြတာထက် အလားတူရာထောင်ချီတဲ့  တရား လက် လွတ်ပစ်ခတ်သတ်ဖြတ်မှုပေါင်းများစွာအတွက်ပါ ကျူးလွန်သူတွေ တာဝန်ခံမှုအောက်ရောက်လာစေဖို့ တွန်းအားပေးတဲ့ ဖြစ်ရပ်တခုလို့ ယူဆမိပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar