ကိုသန်းလွင် - ကျား/ မ ကွဲပြားမှုနှင့် ကျန်းမာရေး
ကိုသန်းလွင် - ကျား/ မ ကွဲပြားမှုနှင့် ကျန်းမာရေး
(မိုးမခ) ဇွန် ၁၉ ၊ ၂၀၂၄
( ၁ )
၂၀၂၂ ခုနှစ်တွင် ပြင်ပဆေးခန်းများတွင် စမ်းသပ်မှုများအရ Lecanemab ဆေးသည် အယ်ဇိုင်းမား ဖြစ်နေသူများကို ရောဂါပြင်းအား လျော့ပါးစေကြောင်း တွေ့ရှိကြရပါသည်။ တကမ္ဘာလုံး အယ်ဇိုင်းမားရောဂါ ဖြစ်ပွားနေသူများအကြား ဤဆေးကို များစွာ အားထားခဲ့ကြသည်။ သို့သော် နောက် ပိုင်း လွတ်လပ်စွာ စမ်းသပ်မှုများအရ ဤဆေးသည် ယောကျ်ားများ၌သာ အကျိုးသက်ရောက်မှုရှိပြီး မိန်းမများတွင် ထိရောက်မှုနည်းကြောင်း သိရှိလာကြရပါသည်။
ဤတွေ့ရှိချက်မှသိလာရသည်မှာ ဂျင်း (Gene) ကို ပြုပြင်ခြင်းဖြင့်ဖြစ်စေ၊ အေအိုင် (AI- Artificial Intelligence) ကို သုံးစွဲခြင်းဖြင့် ဖြစ်စေ ဆေးပညာလွန်စွာ ရှေ့တန်းရောက်၍ တိုးတက်နေသော်လည်း မိန်းမနှင့် ယောကျ်ား လိင်ဆိုင်ရာ ကိစ္စများတွင် ကျွန်တော်တို့ နားလည်မှု အားနည်းနေသေးကြောင်း သိရှိလာပါသည်။
( ၂ )
လွန်ခဲ့သော ၁၀ နှစ်ကျော် ကာလကစတင်၍ ဤလိင်ကွဲပြားမှုကြောင့်ဆေးပညာ အပေါ်မည်သို့ အကျိုး သက်ရောက်မှုရှိပုံကို ငွေကြေး မြောက်မြားစွာ အကုန်အကျခံ၍ သုတေသနပြုခဲ့ကြသည်။ ထိုသုတေသနပြုချက်များမှ သိလာရသည့် အကျိုးအမြတ်မှာ အယ်ဇိုင်းမားကဲ့သို့သော ရောဂါများကို ကုသရာ၌ ယောကျ်ားနှင့် မိန်းမကို ကုသရပုံခြင်း မတူညီသည်ကို သတိပြုမိလာကြပါသည်။ အခြားနှလုံးလမ်းကြောင်းဆိုင်ရာရောဂါ (Cardio- Vascular diisease) များ ကင်ဆာနှင့်ကုရခက် သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဆီးချိုရောဂါ စသည်တို့ကို ကုသရာတွင် လိင်ပေါ်တွင်များစွာ အခြေခံမှုရှိကြောင်း တွေ့ရှိရသည်။ ရောဂါတိုးပွားပုံ၊ ရောဂါကို ရှာဖွေတွေ့ရှိပုံ ရောဂါကိုကုသမှု အခြေအနေတို့ကို သုံးသပ်ကြရပါသည်။
မည်သို့ လေ့လာကြသည်ဆိုစေ၊ မေးစရာ မေးခွန်းများ ကျန်ရှိနေဆဲ ဖြစ်ပါသည်။
ကူးစက်ခြင်းမရှိသော ရောဂါများအတွက် ယောကျ်ားနှင့် မိန်းမတို့တွင် ကွဲပြားသော အချက် အလက်များ ရှိသည်။ ရောဂါဖြစ်ပွားမှုကို သိရှိခြင်း၊ ပျမ်းမျှအသက်၊ ကွယ်လွန်သောအရွယ် သူတို့၏သေနှုန်းမှာ မတူညီကြပေ။
နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါအဖြစ်များသော ယောကျ်ားများတွင်လည်းကောင်း အယ်ဇိုင်းမား ပိုမို၍ဖြစ်တတ်သော မိန်းကလေးများ အနေဖြင့်လည်းကောင်း အခြေခံသည်မှာ မတူညီသည့် ဘိုင်အိုလိုဂျီ၏ သဘောသဘာဝဖြစ်ပြီး ရောဂါဖြစ်ပွားမှုနှင့် ရောဂါကုသရာ၌ ကွဲပြားသည်။ ရောဂါကို တုံ့ပြန်မှုတို့မှာလည်း ခြားနားကြ၏။ ရောဂါဖြစ်ပွားစေရန် ပတ်ဝန်းကျင် အခြေအနေများအရ သူတို့၏ လက်ခံယူပုံ၊ တုံ့ပြန်ပုံ၊ ရောဂါကုသသူများနှင့် ဆက်ဆံရေး စသည့် အခြေအနေများကို စဉ်းစားရပါသည်။ ထိုအဖြစ်အပျက်အားလုံးမှာ ယောကျ်ား မိန်းမ မတူညီ ကွဲပြားသော အချက်များကြောင့် ဖြစ်သည်။
နှလုံးရောဂါ (Heart attack) အတက်ရပုံကို ဥပမာအနေဖြင့်ကြည့်ပါ။ လွန်ခဲ့သော ဆယ်နှစ်အတွင်းက သုတေသနပြုသူများ၏ တွေ့ရှိချက်မှာ လိင် (Sex) ကွဲပြားခြင်းကြောင့် ဂျင်း မှာလည်း ကွဲပြားရသည်။ ထိုဂျင်းက နှလုံးသား ၏ အလုပ်လုပ်ပုံကို လွှမ်းမိုးသည်။ ထို့ကြောင့် ယောကျ်ားများတွင် မိန်းမများထက် ၆ နှစ်ခန့်ပိုစော၍ အတက် ရတတ်ကြောင်းသိရှိရပါသည်။ အမေရိကန်ပြည်တွင် ယောကျ်ားများ အတက် ရတတ်သောအရွယ်မှာ ၆၅ ဒသမ ၆ နှစ်ဖြစ်ပြီး မိန်းမများတွင် ၇၂ နှစ် ဖြစ်သည်။ သြစတြေးလျပြည်တွင် ယောကျ်ားများသည် အသက်အရွယ်တူ မိန်းမများထက် နှစ်ဆပို၍ ရတတ်ကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် မိန်းမများသည် သူတို့၏ နှလုံးရောဂါဖြစ်ချိန်တွင် ပခုံးနှစ်ဖက်အကြားတွင် (Shoulder blade) မခံမရပ်နိုင်ဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ အသက်ရှူမဝဖြစ်ခြင်း စသည်တို့ကို ခံစားရပါသည်။ ယောကျ်ားများတွင်မူ ရင်ဘတ်အောင့်ခြင်း (Chest Pain) ချွေးထွက်များခြင်းတို့ကိုပိုမိုခံစားကြရသည်။ မိန်းကလေးများသည် နှလုံး အတက်ကြောင့် ယောကျ်ားများထက် နှစ်ဆမျှပို၍ သေဆုံးနေကြသည်။
သေရန် အခွင့်အလမ်းများ ရခြင်းတို့တွင် ယောကျ်ားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းတို့ကြောင့်ဖြစ်ရသော ဆိုရှယ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ ရှိနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေရှိပေရာ တကမ္ဘာလုံးတွင် ယောကျ်ားလေးများက ဆေးလိပ်အသောက်များသည်။ တကမ္ဘာလုံး လူဦးရေ၏ ၃၇% ရှိပြီးမိန်းကလေးများက ၈ % မျှရှိသည်။ ဆရာဝန်များနှင့် စောင့်ရှောက်သူများအဖို့ ယောကျ်ားလေးများ အတက် ရခြင်းကို ပိုမို၍ များများစားစား တွေ့ကြရပြီး မိန်းကလေးများအတွက်မှု ရောဂါဖြစ်ချိန်၌ အကူအညီရှာဖွေရာတွင် ခက်ခဲမှုများကို တွေ့ကြုံရပါသည်။
ဗြိတိန်နိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း လူ ၅ သိန်းမျှအတက်ရပြီး ဆေးရုံတက်ခဲ့ကြရာ မိန်းကလေးများ၏ ၃၇% မှာ မမှန်ကန်သော ပြုစုမှုများကို အစတွင် ရရှိခဲ့ကြသည်။ ယေဘူယျအားဖြင့် မိန်းကလေးများတွင် ရင်ဘတ်အောင့်ခြင်းကို ခံစားရသော်လည်း မှားယွင်း ဆုံးဖြတ်ခံကြရပြီး နှလုံးကုသသော ဌာနဆီသို့ ကန ဦးတွင် အပို့မခံကြရသည်ကို တွေ့ရှိရသည်။ သူတို့သည် ယောကျ်ားလေးများထက် ၂ ဆမှ ၃ ဆခန့်ပိုမို၍ အတက် ရတတ်ကြသည်။ ရောဂါဖြစ်လျှင်လည်း မိန်းကလေးများက ယောက်ျားလေးများထက် ပို၍အသေများသည်။
ထို့အတူ စထရုတ်ခေါ် (Stroke) ဦးနှောက် သွေးကြောပိတ်ရောဂါတွင်လည်း ထိုနည်းတူ မတူသော လက္ခဏာများကိုတွေ့ရှိကြသည်။ ကလေးမွေးဖွားခြင်းနှင့် မဆိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် ဖြစ်သော ကင်ဆာရောဂါများတွင် ယောကျ်ားများသည် မိန်းကလေးများထက် စောစောပို၍အဖြစ်များသည်။ ပါးစပ်အောက် လည်ချောင်းပြွန်တွင် ဖြစ်သော ကင်ဆာရောဂါတွင် ယောကျ်ားလေးများသည် ၄ ဒဿမ ၅ ဆမျှပို၍ အဖြစ်များလေ့ရှိပြီး သေဆုံးကြသည်။ တကမ္ဘာလုံး အဆုတ်ကင်ဆာရောဂါတွင် ယောကျ်ားလေးများမှာ ၄၀% ပို၍အဖြစ်များပြီး သေဆုံးကြသည်။
လူတို့ အပြုအမူများနှင့်ဆိုင်သော ရောဂါများတွင် စထရုတ်နှင့် နှလုံးရောဂါများအပြင် အခြားရှိပါသေးသည်။ ဥပမာ-ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာရောဂါ (သိုင်းရွိုက်ကင်ဆာ) ဖြစ်လေ့ရှိရာ မိန်းမများ၌ ပို၍ အဖြစ်များ၏။ အချို့နေရာများတွင် ၃ ဆမျှ ပိုမိုဖြစ်ပွားသည်။
အဆုတ်ကင်ဆာဖြစ်ပြီးဟု သိထားပြီးသည့်နောက်ပိုင်းတွင် မိန်းကလေးများသည် ယောကျ်ားများထက် ပို၍ခံနိုင်ရည်ရှိသည်ကို တွေ့ရှိကြသည်။ ဤသည်မှာ သူတို့တွင်ပါသော ခရိုမိုဇုန်ုး(Chromosone) ကြောင့် ဖြစ်ပါ၏။ မိန်းမများတွင် XX ခရိုမိုဇုန်း ပါဝင်ပြီး ယောကျ်ားများက XY ခရိုမိုဇုန်း ပါဝင်သည်။ X တွင်ပါဝင်သော ခရိုမိုဇုန်းမှာ ခုခံနိုင်စွမ်းအားနှင့် (encode many gene) များစွာ ဆက်သွယ်မှုရှိသောကြောင့် ဖြစ်သည်။
ကင်ဆာရောဂါ ကုသသည့် ကီမိုသာရာပီ (Chemotherapy) ပြုလုပ်ရာတွင်လည်း မိန်းမများက ဆေးကို တန်ပြန်အားပို၍ကောင်းသည်။ မိန်းကလေးများတွင်ဘေးထွက်ဆိုးကျိုး (Side effect) ဖြစ်စေသော ဓာတ်များကို ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းကာမှု၌ ပို၍ကြာသည်။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးများကို တွန်းကန်နိုင်အားသည် မိန်းကလေးများတွင် ၃၄ ရာခိုင်နှုန်းမျှ ပို၍များပြားသည်။ ထို့ကြောင့်ပင် အဆုတ်ရောဂါအတွက် ခွဲစိတ်ကုသမှု ခံယူအပြီးတွင် မိန်းကလေးများက ပို၍ခံနိုင်ရည်အားကောင်းသည်။ ယေဘုယျအားဖြင့် ကိုယ်၏ခံနိုင်ရည်အားတွင် မိန်းကလေးများက ပို၍ကောင်းပါသည်။
မိန်းကလေးများတွင် ယောကျ်ားလေးများနှင့်စာသော် ပို၍ သေးငယ်သောနှလုံးနှင့် ပို၍ သေးငယ်သော သွေးကြောများ ရှိသည်။ သို့သော် ထောက်ပံ့သည့် ဒေတာများ နည်းပါးမှုကြောင့် ဆရာဝန်များအဖို့ ကောက်ချက်ချရာတွင် အခက်အခဲများရှိသည်။ Clinical Trial ခေါ် ဆေးအသစ် စမ်းသပ်သည့် စမ်းသပ်မှုများတွင်လည်း မိန်းမများ ပါဝင်မှု နည်းပါးကြသည်။ အဆုတ်ကင်ဆာ နမူနာယူထားသော ဆေးပုလင်းများတွင် ယောကျ်ားလေးများက ၂ ဆမျှရှိသည်။ အသည်းကင်ဆာနမူနာများတွင်မူ ၇ ဆမျှ ပို၍များပြားသည်။ စထရုတ်နှင့် နှလုံးရောဂါ စမ်းသပ်ရာတွင်လည်း မိန်းကလေးများ၏ ပါဝင်နှုန်းများ နည်းပါသည်။
( ၃ )
ကမ္ဘာပေါ်တွင် မိန်းကလေးများ၏ အရေအတွက်မှာ ယောကျ်ားများ၏ အရေအတွက်နှင့် ဆတူနီးပါးမျှရှိနေရာ သူတို့၏ ကျန်းမာရေးမှာ ယောကျ်ားနည်းတူ အရေးကြီးပါသည်။
၁၉၉၇ ခုနှစ်နှင့် သက္ကရာဇ်၂၀၀၀ အကြားတွင် အမေရိကန်ပြည်၌ ဆေး ၈ မျိုးကို အများသုံးဆေးအဖြစ်မှ ရပ်စဲခဲ့ရာ ထိုဆေးများကို အသုံးပြုစက အမျိုးသမီးများအပေါ် အကျိုးသက်ရောက်မှုမရှိဟု ယူဆခဲ့ကြသောကြောင့် ဖြစ်ပါသည်။ ယခုမှ ဤဆေးများသည် အမျိုးသမီးများအပေါ် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေသည်ဟု သိလာကြသောကြောင့် အသုံးပြုခွင့် ရပ်စဲခံရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ၂၀၀၇ ခုနှစ်တွင် သူ၏အကြိမ် ၆၀ မြောက် တွေ့ဆုံပွဲ၌ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ရာ သူက သုတေသနပြုလုပ်သူများကို သူတို့၏လုပ်ငန်းများကို နှစ်ပိုင်းခွဲ၍ ပြုလုပ်ကြရမည် ဖြစ်ကြောင်း။ ယောက်ျား၊ မိန်းမ ခွဲ၍ သုတေသနရလဒ်များကို ဖော်ပြရန်လိုသည်ဟု သတ်မှတ်ပေးခဲ့ပါသည်။ ၎င်းတို့အထဲတွင် လိင်ပြောင်းလဲသောပုဂ္ဂိုလ် (Transgender people) များအတွက်ပါ လေ့လာချက်တွင် ထည့်သွင်းပေးရန် လိုသည်ဟု ဖော်ပြထားပါသည်။
Ref: Neglecting sex and gender in research By Sue Haupt, Nature 16 May 2024
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar