Breaking News

မြန်မာနိုင်ငံရေး အကျပ်အတည်းရဲ့ မဟာဗျူဟာ


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၈ မြင်ကွင်း

(မိုးမခ) ဇွန် ၁၉၊ ၂၀၂၄

မြန်မာနိုင်ငံရေး အကျပ်အတည်းရဲ့ မဟာဗျူဟာ 

မျက်မှောက်ကာလ မြန်မာနိုင်ငံရဲ့ နေ့စဥ် မြင်ကွင်းလို့ ဆိုလိုက်ရင် တိုက်ပွဲ အနိုင်အရှုံး၊ အသေ အပျောက် ကိန်းဂဏန်းတွေ၊ နယ်မြေသိမ်းယူမှုနဲ့ ဆုတ်ခွာပေးရခြင်းတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းတွေ၊ ဖမ်းဆီးမှု၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေ၊ နေအိမ်၊ ရပ်ရွာနဲ့ မြို့တွေ မီးရှို့ဖျက်ဆီးခံရခြင်းတွေလို့ဆိုရင် မမှားပါဘူး။ ဒီဖြစ်စဥ်တွေ ဘယ်လောက်ထိကြာရှည်နိုင်သလဲ၊ အနိုင် အရှုံး အဆုံးအဖြတ် အဖြေပေါ်ထွက်လာဖို့ ဘယ်လို အနေအထားတွေ လိုအပ်သလဲ ဆိုတဲ့ မေးခွန်းက မေးဖို့ လွယ်ကူပေမယ့် ဖြေဖို့ ခက်ခဲသည့် မေးခွန်းတခု ဖြစ်နေတာပါ။ 

ယုံကြည်မှုရှိခြင်းက တခု၊ တကယ်လက်တွေ့ အဖြစ်အပျက်မှာ မျှော်လင့်မထားသည့် တွက်ဆမထားသည့်အခြေအနေ ဦးတည်ချက် အကျိုးစီးပွားတွေရဲ့ရလဒ်က ယုံကြည်ထားသည့် မျှော်လင့် ချက်နဲ့ ကွဲလွဲပြီး ဖြစ်ပေါ်လာတတ်တာကိုလည်း သမိုင်းဖြစ်စဥ်တွေထဲ တွေ့မြင်ကြရမည် ဖြစ်သည်။ အထူးသဖြင့် စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက မျှော်လင့်ခြင်း မရှိသည့် ရလဒ်များ ပေါ်ထွက်လာလေ့ ရှိသည်ကို သမိုင်းဖြစ်စဥ်များက သက်သေပြခဲ့ပြီး ဖြစ်သည်။ ကမ္ဘာတလွှားက ပြည်ပစွက်ဖက်မှုမရှိသည့် ပြည်တွင်းစစ်များနှင့် ပြည်ပ စွက်ဖက်မှုရှိသည့် ပြည်တွင်း စစ်များကို လေ့လာကြည့်ပါက တွေ့ကြရမည် ဖြစ်သည်။ 

အီရတ်နိုင်ငံက အာဏာရှင် ဆက်ဒမ်ဟူစိန် ဖြုတ်ချရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ စွက်ဖက်မှုနဲ့ အာဏာရှင်ဖြုတ်ချနိုင်ခဲ့သော်လည်း ဒီမိုကရေစီအစိုးရတရပ်ပေါ်ထွန်းပြီး နိုင်ငံပြန်လည်ထူ ထောင်ရေးကို လုပ်ဆောင်နိုင်ဖို့ထက် ISIS လို ဘာသာရေး အစွန်းရောက်အကြမ်းဖက် လက်နက် ကိုင်တွေရဲ့ အခွင့်ကောင်းယူ တိုက်ခိုက်သိမ်းယူမှုတွေ ပေါ်ထွက်လာပြီး နိုင်ငံရဲ့ ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီစနစ် ပန်းတိုင်နဲ့ အလှမ်းကွာခဲ့ကြရသည်ကို တွေ့ကြရသည်။ နောက်နိုင်ငံတနိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန် နိုင်ငံတွင်လည်း ၁၉၈၉ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုရဲ့ ကျူးကျော်မှုက စတင်ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပေါ်ထွက်လာခဲ့တဲ့နောက် ဆယ်စုနှစ်တခုအကြာ ဆိုဗီယက်တပ်တွေ ဆုတ်ခွာအပြီး ပြည်တွင်းစစ်ပွဲဆယ်စုနှစ် တခုကျော်ဆင်နွှဲကာ အဲဒီနောက် အမေရိကန် ပြည်ထောင်စုက ထောက်ခံသည့်အစိုးရအဖွဲ့နှင့် ပြည်တွင်းစစ်က ဆယ်စုနှစ် ၂ ခုကျော် ထပ်မံကြာ မြင့်ခဲ့ပြီး ၂၀၂၁ တွင် အမေရိကန်ထွက်ခွာခဲ့ရပြီး တာလီဘန်လက်နက်ကိုင်လက်ထဲ နိုင်ငံ့အာဏာ ကျရောက်ခဲ့ရသည်ကို တွေ့ကြရမည် ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခတွေ စစ်ပွဲတွေဖြင့် နိုင်ငံ၏ အာဏာကိုရယူနိုင်ဖို့ ကြိုးပမ်းကြရာတွင် လူထု၏ဆန္ဒ၊ လူထုထောက်ခံမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကိုလေးစားသည့် လက်နက်ကိုင်အဖွဲ့အစည်းများက နိုင်ငံ့အာဏာကိုရယူနိုင်လိမ့်မည်ဟု မည်သည့်အခါမျှ ကံသေကံမ မပြောနိုင်သည့်အဖြစ်ကို သမိုင်းအဖြစ်အပျက်များတွေ အထင် အရှားတွေ့ ကြရလိမ့်မည် ဖြစ်သည်။ အာဏာရှင်ဆန်သည့် သို့မဟုတ် အာဏာရှင်စနစ်ကို ကိုင်စွဲသည့် လက်နက်ကိုင် အဖွဲ့အစည်းများက လူထုထောက်ခံမှုထက် လက်နက်အင်အား၊ စစ်ရေးစွမ်းဆောင်မှုတို့ဖြင့်အနိုင်ရကာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုလေးစားသော တန်ဖိုးထားသော နိုင်ငံ ရေး စစ်ရေးအင်အားစုတွေကို အနိုင်ယူ သွားကြသည့် သာဓကတွေလည်း မျက်မှောက်ခေတ် နိုင်ငံတကာ သမိုင်းအဖြစ်အပျက်များတွင် တွေ့မြင်ကြရမည် ဖြစ်သည်။ 

အထက်က နည်းလမ်းနှင့် မတူသည့် နိုင်ငံရေးလှုပ်ရှားမှု၊ နိုင်ငံရေးတိုက်ပွဲ ဖြင့် နိုင်ငံ၏ အာဏာကို ရရှိအောင် ကြိုးပမ်းကြသည့် နည်းလမ်း အဖြစ်အပျက်တွေလည်း မျက်မှောက်ခေတ် သမိုင်းမှာ ရှိနေကြသည်။  ယင်းကဲ့သို့ နိုင်ငံရေးနည်းလမ်း အယူဝါဒ၊ အမြင်၊ အကျိုးစီးပွားချင်း မတူကြသည့် ဆန့်ကျင်ဘက်အင်အားစုတွေအကြား နိုင်ငံရေးအရအင်အားပြိုင်မှုတွေက တခါတရံ နှစ်အနည်း ငယ်သာ ကြာမြင့်ပြီး တချို့သော ဖြစ်ရပ်တွေမှာတော့ ဆယ်စုနှစ်နဲ့ ချီကြာမြင့်လေ့ရှိသည့် သာဓကတွေလည်း သမိုင်းတလျှောက်မှာ တွေ့မြင် ကြရမည်ဖြစ်သည်။ 

ပါတီနိုင်ငံရေး၊ ရွေးကောက်ပွဲနည်းဖြင့် သော်လည်းကောင်း လူထုတိုက်ပွဲဟု ခေါ်ဆိုသည့် ဆန္ဒပြမှု၊ အာဏာဖီဆန်မှု၊ အာဏာရ အစိုးရနှင့် မပူးပေါင်းရေး စသည့် လက်နက်ကိုင်နည်းလမ်း မဟုတ်သည့် လူထုလှုပ်ရှားမှုများဖြင့် နှစ်နဲ့ချီ သို့မဟုတ် ဆယ်စုနှစ်နဲ့ချီသည့် အားပြိုင်မှုများ နိုင်ငံအချို့မှာ ဖြစ်ပွားခဲ့သည့် သမိုင်းတွေ ကြားသိလေ့လာဖူးကြမည် ဖြစ်သည်။ 

၁၉၈၉ ခုနှစ် မတိုင်ခင်ကာလတွေက ကွန်မြူနစ်အစိုးရ၊ ကွန်မြူနစ် အာဏာရှင်တွေ အုပ်ချုပ်သည့် နိုင်ငံများတွင် မြေအောက်လှုပ်ရှားမှုများ၊ မြေပေါ် လှုပ်ရှားမှုတချို့တို့ဖြင့် ကွန်မြူနစ် အာဏာရှင် စနစ်ကိုဆန့်ကျင် အားပြိုင်ခဲ့ကြသည့် သာဓကတွေရှိခဲ့ကြသည်။ သာဓက အားဖြင့် ပိုလန်နိုင်ငံတွင် ဆိုဗီယက်ရုရှား၏နောက်ကရပ်ခံအားပေးသည့် စစ်ဗိုလ်ချုပ်ကိုဆန္ဒပြမှု၊ သပိတ်တိုက်ပွဲနှင့် မြေ အောက်လှုပ်ရှားမှုများ ဖြင့် Solidarity အမည်ရှိ အလုပ်သမားသမဂ္ဂ၏ လှုပ်ရှားမှုက ဆယ်စုနှစ် တခုနီးပါး ကြာမြင့်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ 

အထက်ပါ နိုင်ငံတကာဖြစ်ရပ်တွေ၊ သာဓကတွေကို နှိုင်းယှဥ်လေ့လာကြည့်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ အကြပ်အတည်းကို အတိုင်းအတာတခုထိ မဟာဗျူဟာအရ သုံးသပ်အကဲဖြတ်နိုင် ပါလိမ့်မည်။ လက်ရှိ အနေအထားမှာတော့ လူထုတိုက်ပွဲ၊ မြေပေါ်လှုပ်ရှားမှု တို့ထက် စစ်ရေးနည်းလမ်းပေါ် ၈၀/ ၉၀ ရာနှုန်းမျှ ရောက်နှင့်နေပြီး ဖြစ်သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ စစ်ရေးနည်းလမ်းကို ရွေးချယ်ပြီးနောက်မှာ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လေးစားတန်ဖိုးထားဖို့ စံနှုန်းများနှင့် တိုင်းတာ ပြောဆိုဖို့ ပိုမိုခက်ခဲလာသည့် အခြေအနေမျိုးဆီ ကျရောက်လာနေသည့် သဘောလည်း ဖြစ်သည်။ 

စစ်ပွဲအနိုင်ရရေးအတွက် မတရားတာ မရှိ၊ မလုပ်သင့်တာမရှိ၊ ငဲ့စရာ မလိုသည့် အနေအထားမျိုး ရောက်ရှိသွားသည့် သဘောလည်း ဖြစ်သည်။ အခါအားလျော်စွာ မုသာဝါဒလည်း သုံးသင့်သုံးကြရသည့် အနေအထားမျိုးရောက်ရှိ နေပြီး အင်အားက အစစ အရာရာကို အဆုံးအဖြတ်ပေးလာသည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။ 

အခုလို စစ်ရေးလမ်းကြောင်းက ဘယ်အထိ ဆက်လက်လျှောက်လှမ်းကြမလဲဆိုသည့် မဟာဗျူ ဟာကျသည့် မေးခွန်းလည်း ပေါ်ထွက်လာကောင်း ပေါ်ထွက်လာနိုင်သည်။ ဘုံရန်သူ ကျဆုံးသည့် အချိန်ထိဟု ယေဘုယျအားဖြင့် နားလည် ဖြေကြားကြမည် ဖြစ်သော်လည်း ဘုံရန်သူအပြီးတိုင် မကျဆုံးမီနှင့် အပြီးတိုင်ကျဆုံးပြီးနောက် ကျန်ရှိနေသည့်နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ကလည်း အရေးကြီးဆုံး အချက်ဖြစ်ပြီး အဲလိုမဟုတ်ခဲ့လျင် စစ်ပွဲတွေထဲ ဆယ်စုနှစ်နှင့်ချီ နစ်မြုပ်နိုင်သည့် အန္တရာယ်လည်း ရှိနေသည်ဟု ဆိုချင်ပါသည်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar