Breaking News

ရတနာပုံဆရာမှတ်ကြီး - ကမ္ဘာအေးလိုဏ်ဂူထဲ ဝင်လာတဲ့ ခွေးအူသံများ

ကမ္ဘာအေးလိုဏ်ဂူထဲ ဝင်လာတဲ့ ခွေးအူသံများ

ရတနာပုံဆရာမှတ်ကြီး 

(မိုးမခ) ဇွန် ၂၁ ၊ ၂၀၂၄

ရွှေကျင်ဂိုဏ်းကိုယ်တိုင်က ဖြစ်ဖြစ်၊ စမိုင်းလင်းကိုယ်တော် ဂိုဏ်းလုံးဖခင်အရှင်ကြီးက ဖြစ်ဖြစ်၊ သံဃာ့ဖားသားမဟနဆရာတော်များကဖြစ်ဖြစ် မဘသခေါ်ဆို သာသနာကိုအချစ်ဆုံးပုဂ္ဂိုလ်တော်ကြီးတွေကဖြစ်ဖြစ် စစ်သေနာတွေရဲ့ အပစ်ကို သေချာပြောရဲဖို့ကား ဘုရားတဆူပွင့်ဖို့ထက် ခဲယဉ်းနိုင်ချေသေး၏။ 

ဇော်မဲလုံးရဲ့ ထုတ်ပြန်ချက်ကို လွန်ဆန်အာခံ၍ စာစီပြန်ရင်လည်း နိုင်ငံတော်အကြည်ညိုခံဆတော်ကြီးများသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု မြောက်သွားနိုင်ပေရာသည်။

မထုတ်ပြန်ရင်လဲ မုသာဝါဒါ ဝေရာမဏိနှင့် ငြိနိုင်ရုံမက ပါဏာတိပါတ် ဘုန်းကြီးသတ်မှုများ အား ပေးရာရောက်ချေမည်တမုံ့။ 

ခုအခါတွင် မအလရဲ့ လက်ရဲဇက်ရဲ ဆေးကွဲအရက်မူး ဘီလူးစိတ်သွင်း လူသတ်ခြင်းများသည် ကမ္ဘာအေးတံခါးဝပင် ရောက်လာချေပြီ။ ရွာမအေးသလို ကမ္ဘာလဲ မအေးတော့ပေ။ ကျောပေးမမြင်ယောင် ဟန်ဆောင်ဇာတ်လမ်း ဘုန်းတော်ကြီးခန်းလဲ တခန်းရပ်ပြီ။ ဧယဉ်ကျူးငှားပြီး အငိုဇာတ်သွင်းစရာမလို လူတွေလိုဘဲ သံဃာတွေလဲ ငိုကို ငိုနေကြရပြီ။ ငိုသံကို သံဝေဂသံနဲ့ဖုံးပေမယ့် အပူလုံးကတော့ ဖုံးမရ၊ ပြုံးမရ၊ ဘုန်းကြီးဘဝလည်း ခါးရပြီ။ ပြိုပျက်သွားတဲ့ ဘုရားကျောင်းကန်တွေနဲ့ ဗြောင်းဆန်နေတဲ့ သာသနာ့အဖြစ်ဆိုးကို မသိကျိုးကျွန်ဆက်ပြုဖို့တော့ ခက်လေပြီတကား။

သံဃာတွေ ဘာလုပ်ကြမည်နည်း။ ဆတော်များ ဘာမိန့်ကြမည်နည်း။ မအလနဲ့ စစ်တပ်ကို ဩဝါဒမပေးဘဲ ဩကာသဆို လက်အုပ်ချီကြတော့မလား။ သာသနာ့ဒါယကာဆိုပြီး သံဃာ့အပေါ် ချလာတဲ့ဘေးရန်အန္တရာယ်အရှင် တိုင်းပြည်မီးတိုက်သခင် ပြည်သူသတ်ဘုရင်ရဲ့ လက်ကို ဆက်လက်တွဲခို သံသာလေဆုံးတိုင် သီချင်းဆိုနေကြအုံးမလား။ တကယ့်ဒုက္ခသည် တကယ့် သာသနာ့ဒါယကာ ဒါယိကာမများနဲ့အတူ ဘယ်ကလောက်မွဲမွဲ တဇွန်း တယောက်မ အမြဲလောင်းလှူမပျက်ခဲ့ကြတဲ့တော်လှန်ပြည်သူများနဲ့အတူ ရပ်ကြတော့မလား။ 

ကနေ့ အခြေအနေမှာ အမျိုး ဘာသာသာသနာလည်း မကာကွယ်၊ တိုင်းပြည်ကိုလည်း မစောင့် ရှောက်၊ အားလုံး အိုးရောအိမ်ရော ကျောင်းရောကန်ရော ဘုရားရော တရားရော အသက်ရော အနာဂတ်‌ရော ပျောက်အောင်လုပ်နေတဲ့ မိစ္ဆာစောက်ရူး စစ်ဘီလူးဆိုတာ ထူးပြီးလင်းစရာမလိုလောက်အောင် ရှင်းနေပြီမို့ မဘသတွေလည်း မအလကို အဖေခေါ်တာ ရပ်ချိန်ရောက်ပြီဟု ဆိုလိုက်ရချေသတည်း။ 

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar