ရှမ်းမြောက်က ဒုတိယအကျော့ နယ်မြေသိမ်းတိုက်ပွဲတွေ ဖြစ်လာမလား
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၅ မြင်ကွင်း
(မိုးမခ) ဇွန် ၂၆၊ ၂၀၂၄
ရှမ်းမြောက်က ဒုတိယအကျော့ နယ်မြေသိမ်းတိုက်ပွဲတွေ ဖြစ်လာမလား
ဇန်နဝါရီလလယ်လောက်က တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့သဘောတူခဲ့တဲ့ မြောက်ပိုင်း လက် နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်သဘောတူညီမှုဟာ ဇွန်လ ၂၅ ရက်နေ့ ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေအရဆိုရင် ပျက်ပြယ်သလောက် ဖြစ်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းတွေကတည်းက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေအနီးမှာ TNLA တပ်တွေ စုစည်းလာနေပြီး တိုက်ပွဲဖြစ်မယ့် လက္ခဏာတွေ မြင်တွေ့လာရတဲ့နောက် ဇွန်လ နောက်ဆုံး သီတင်းပတ်မှာတော့ နောင်ချို၊ ကျောက်မဲ နဲ့ မိုးကုတ်မြို့တို့ အနီးမှာ စစ်ကောင်စီ တပ်စခန်းနဲ့ မြို့တွေရဲ့ နေရာအချို့တို့ကို ဝင်ရောက်သိမ်းယူတဲ့ တိုက်ပွဲတွေ ဖြစ်လာနေတာပါ။
တိုက်ပွဲတွေ စတင်တဲ့ နေ့မှာပဲ နောင်ချိုမြို့မှာ ရဲစခန်း နဲ့ ရုံးအချို့ကို သိမ်းယူနိုင်တယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာသလို ကျောက်မဲမြို့အနီးက ငြိမ်းချမ်းရေးကုန်းအနီးက တပ်စခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေက မိုးမိတ်မြို့နယ်ဘက်က TNLA ရဲ့ စခန်းနေရာတချို့ကို စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုနဲ့ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ TNLA ဘက်က ကြေညာခဲ့ပြီး ဟိုင်ဂင် သဘောတူညီချက် ပျက်ပြယ်နိုင်တဲ့ သဘောမျိုး ပြောဆိုခဲ့ပြီး နောက် ရက်အတန်ကြာမှာ အခုလို စစ်ကောင်စီ တပ်စခန်းနဲ့ မြို့တွေကို သိမ်းယူဖို့ ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ် ဖြစ်တဲ့ တိန်းရှီကျွင်း နေပြည်တော်ကို လာရောက်ခဲ့တဲ့ အကြောင်း သတင်းမှာ ဖော်ပြထားပြီး လာရောက်ဆွေးနွေးတဲ့ အကြောင်းအရာတွေ အထဲမှာ တရုတ်-မြန်မာ နယ်စပ်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဆိုတဲ့ခေါင်းစဥ်ပါရှိတာလည်း တွေ့ရပါတယ်။ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်ကို စစ်ကောင်စီ ခေါင်းဆောင် ဖြစ်သူက လက်ခံတွေ့ဆုံတာ မတွေ့ရဘဲ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသာ တွေ့ဆုံခဲ့ပါတယ်။
အခုဖြစ်ပွားလာတဲ့တိုက်ပွဲတွေ ထိုးစစ်တွေကတော့ တရုတ်-မြန်မာနယ်စပ်နဲ့ အနည်းငယ် ကွာဝေးတဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တို့လို ဒေသတွေမှာဖြစ်ပွားတာ ဖြစ်ပေမယ့် TNLA အဖို့တော့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး၊ တရုတ်နိုင်ငံရဲ့ ဆန္ဒတို့ကို အလေးထားရမယ့် အတိုင်း အတာတချို့လည်း ရှိကောင်း ရှိနိုင်တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကိစ္စမှာ အဓိက ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့တော့ အခုလတ်တလောဖြစ်ပွားတဲ့ နယ်မြေ သိမ်းယူဖို့ရည်ရွယ်တဲ့ တိုက်ပွဲတွေနဲ့ ပါဝင်လာမလား ဆိုတာတော့ သဲသဲကွဲကွဲ မရှိသေးတာ တွေ့ရပါတယ်။
အခု ဖြစ်ပွားတဲ့ ရှမ်းမြောက်ရဲ့ တကျော့ပြန်တိုက်ပွဲတွေမှာ အဓိကအားဖြင့် TNLA ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်နဲ့ ၄င်းလက်နက်ကိုင် အဖွဲ့နဲ့ အချို့သော နယ်မြေခံ PDF တွေပူးပေါင်းပါဝင် တာမျိုးတွေ ရှိနိုင်သလို ရှမ်းမြောက်ရဲ့ အချို့သော နယ်မြေတွေမှာ TNLA လက်နက်ကိုင် တဖွဲ့ထည်းသာ လှုပ်ရှားနေတာ မဟုတ်ပဲ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ KIA၊ SSPP/SSA တို့လည်း လှုပ်ရှားမှုရှိနေကြပါတယ်။ ဒါကြောင့် အခု တကျော့ TNLA ရဲ့ စစ်ရေး လှုပ်ရှားမှုနဲ့ နယ် မြေသိမ်းယူဖို့ ရည်မှန်းချက်ထားတဲ့ ထိုးစစ်တွေကို သူတို့တွေကိုယ်တိုင်ကလည်း အနီးကပ် စောင့်ကြည့်နေကြမှာ သို့မဟုတ် ၄င်းတို့ရည်မှန်းချက်ထားတဲ့နယ်မြေတွေကို တိုက်ခိုက်သိမ်းယူတဲ့ အခြေအနေမျိုးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
ကျောက်မဲ၊ သီပေါ တို့လို မြို့နယ်တွေက နယ်မြေတွေမှာ SSPP/SSA က TNLA နဲ့ ပူးပေါင်းတာမဟုတ်ပဲ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ၊ တပ်စခန်းတွေကို အပြိုင် တိုက်ခိုက်တာမျိုး ဖြစ်လာနိုင်သလား ဆိုတာလည်း စောင့်ကြည့်ရမယ့် အနေအထား ရှိနေကောင်း ရှိနေနိုင်ပါတယ်။ အလားတူ မန္တလေးတိုင်းထဲက သပိတ်ကျဥ်း နဲ့ မတ္တရာမြို့နယ်တွေလိုမျိုးမှာ TNLA က နယ်မြေခံ PDF တွေနဲ့ ချိတ်ဆက် လှုပ်ရှားနိုင်သလား သို့မဟုတ် KIA နဲ့ ဆက်ဆံရေး ရှိနှင့်ပြီး Local PDF တွေနဲ့ လှုပ်ရှားလာ နိုင်သလားဆိုတာ သဲသဲကွဲကွဲ မပြောနိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ပထမအကျော့ စစ်ဆင်ရေး ဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ မြို့တွေ ရွာတွေကို လက်ဦးတဲ့ လက်နက်ကိုင်အဖွဲ့ကသိမ်းယူပြီး အုပ်ချုပ်ရေးဖော်ဆောင်တာတွေရှိသလို၊ သိမ်းယူတဲ့ လက်နက် ကိုင်အဖွဲ့ နဲ့ ဒေသခံ တိုင်းရင်းသား မျိုးနွယ်တွေချင်းမတူညီဘဲ ကွဲပြားမှုတွေ ရှိခဲ့ကြတာ တွေ့ရပါတယ်။ ဒါကြောင့်၊ အခုတဖန် ဒုတိယအကျော့ နယ်မြေသိမ်း စစ်ဆင်ရေးတွေမှာတော့ သိမ်းယူနိုင်တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေက တတ်နိုင်သလောက်အားစိုက်ထုတ်ပြီး လက်ဦးအောင် ကိုယ့်လူမျိုးအခြေခံဒေသတွေအတွက် တိုက်ခိုက်ကြမယ့် အလားအလာတွေလည်း ရှိနေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။
ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ အနေနဲ့ ဗျူဟာအရ တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို အပြင်းအထန်ကာကွယ်လိမ့်မယ်လို့ ယူဆရပြီး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ TNLA က လားရှိုးကို ပထမဆုံး မတိုက်ခိုက်ပဲ ၄င်းတို့လိုချင်တဲ့ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ် နောင်ချိုမြို့၊ ကျောက်မဲမြို့တို့ကို ပထမဦးစွာ တိုက်ခိုက်ပြီးနောက် သီပေါနဲ့ လားရှိုးမြို့တွေကို ဝိုင်းပတ် ပိတ်ဆို့ကာ ပြန်လှည့်လာမယ့် ဗျူဟာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
စစ်ကောင်စီ အဖို့ ရှမ်းမြောက်က တိုက်ပွဲတွေဟာ ပထဝီဝင် အနေအထားအရ၊ အကွာအဝေးအရ အားသာချက် ရှိမနေပဲ စစ်ကူပို့ဆောင်ဖို့ အရေးမှာ ကုန်းလမ်း ကိုသာအဓိက အားကိုးနေရပြီး ဆန့်ကျင်ဘက် လက်နက်ကိုင်တွေ အနေနဲ့ ၄င်းတို့ ကျွမ်းကျင်တဲ့ ဒေသ၊ ကောင်းစွာ လှုပ်ရှားနိုင်တဲ့ ဒေသတွေ ဖြစ်ပြီး စစ်ကောင်စီအဖို့ အခက်အခဲကြီးမားစွာ ရင်ဆိုင်ရမယ့် အနေအထားမျိုး ရောက်နေတာ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar