Breaking News

သီအိုဇော် - ခရီးအဆုံးထိလျှောက်မည့်သူများ

သီအိုဇော် - ခရီးအဆုံးထိလျှောက်မည့်သူများ

(မိုးမခ) ဇွန် ၂၆ ၊ ၂၀၂၄

ခဏခဏ သည်းခံဖူးကြတယ်

ဘယ်သတ္တဝါတွေက

အထပ်ထပ် ရောင့်တက်ခဲ့ကြသလဲ။

ခွင့်လွှတ်ဖို့ အပြန်ပြန် ကြံစည်ဖူးကြတယ်

ခွင့်လွှတ်လို့မရအောင်

ဘယ်မိစ္ဆာတွေက

ယုတ်မာ ရက်စက်ပြခဲ့သလဲ။

နာဇီဖက်ဆစ်အကြောင်းတွေ မမေ့ပျောက်ကြဖို့

ကမ္ဘာကြီးက ခဏခဏ

အထပ်ထပ် သတိပေးနေဆဲ

ခံစားတတ်တဲ့ နှလုံးသား

စဉ်းစားတတ်တဲ့ ဦးနှောက်များအတွက်

နာဇီလက်သစ်တွေကို မေ့ပျောက်ပစ်ပါလို့

လာလာပြီး နားမချနဲ့

မာစီဒီးကားနဲ့ အလဲအထပ်လုပ်

မေ့ဖျောက်တတ်ကြမယ့် သူတွေမှ မဟုတ်တာ။


‘ကြိုးစားပြီး မေ့ပစ်လိုက်တော့’ဆိုပြီး

ကိုငှက် သီချင်းနဲ့လည်း လာလာရောမချကြနဲ့

ဒီမျိုးဆက်တွေက

အသက်ခန္ဓာ တည်နေသရွေ့

အမှောင်ခေတ်ရဲ့ အိပ်မက်ဆိုးတွေကို

မမေ့ပစ်ဖို့ ကြိုးစား

စွဲချက်မတင်နိုင်တော့တဲ့သူတွေ ကိုယ်စား

မျှော်လင့်ချက် ကြီးကြီးမားမား

လက်ဆင့်ကမ်း ဆက်ပြီးထားသွားကြမယ့်သူတွေ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar