Breaking News

ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၅) ကိုယ့်ကယ်တင်ရှင်ဟာ ကိုယ်ပါပဲ

ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၅) ကိုယ့်ကယ်တင်ရှင်ဟာ ကိုယ်ပါပဲ 

(မိုးမခ) ဇွန် ၁၁ ၊ ၂၀၂၄

"သမဂ္ဂါနံ တပေါ သုခေါ"

စည်းလုံးညီညာလျှင် အောင်မြင်မည်။

စည်းလုံးညီညွတ်ခြင်းဆိုတာ အသင်းအဖွဲ့ အစုအဝေးနဲ့ နေထိုင်ရုံနဲ့ မရနိုင်ပါဘူး။ တစ်ဦးနဲ့တစ်ဦး တသားတည်ရှိမှ၊ ဘယ်သူ့ကိုထိခိုက်သည်ဖြစ်စေ ကိုယ့်ကိုထိသလို ခံစားနိုင်မှ၊ တစ်ဦးကိုတစ်ဦး စောင့်ရှောက်ကာကွယ်မှ၊ တစ်ဦးကိုတစ်ဦး ဖေးမကူညီမှသာ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို ရရှိမှာဖြစ်ပါတယ်။ နမူနာအနေနဲ့ပြောရရင်တော့ ခွန်အားကြီးပြီး ဦးချိုရှိတဲ့ ကျွဲတွေ နွားတွေဟာ အစုအဖွဲ့နဲ့နေပေမယ့် ခြင်္သေ့တို့ ကျားတို့လို သားရဲတွေကို ကြောက်ကြပါတယ်။ ဒါပေမယ့် အဲဒီသားရဲတွေထက် အရွယ်ရော ခွန်အားရော သေးငယ်တဲ့ Hyena လို့ခေါ်တဲ့ တောခွေးတွေကိုတော့ သားရဲတွေက သိပ်ကြောက်ပါတယ်။ Hyena တွေဟာ တစ်ကောင်ကို ရန်အလုပ်ခံရပြီဆိုတာနဲ့ ဝိုင်းအုံကိုက်ခဲပြီး သူတို့ဘက်တော်သားကို ကယ်တင်ကြသလို ရန်ပြုတဲ့သားရဲကိုပါ တိုက်ခိုက်ကြပါတယ်။ တခါတရံ သူတို့ကတောင် သားရဲတွေကို ဖမ်းဆီးစားသောက်ပစ်တတ်ကြပါတယ်။ ဒါဟာ စုစည်းခြင်းရဲ့ အင်အားဖြစ်ပါတယ်။

ဒီလိုဆိုတော့ တစ်ကောင်တည်းနဲ့ မစွမ်းဘူးလို့ မဆိုနိုင်ပါ။ အသက်ဘေးကြုံလာတဲ့အခါဖြစ်စေ၊ မိမိရဲ့သွေးသားကို ကာကွယ်ဖို့ဖြစ်စေ သားရဲကို ရင်ဆိုင်တိုက်ခိုက်ပြီဆိုရင်တော့ ခြင်္သေ့ဖြစ်စေ၊ ကျားဖြစ်စေ ကျွဲရဲ့ ဦးချိုဖျားမှာ မရှုမလှ အရှုံးပေးကြရပါတယ်။ ရန်သူကိုတိုက်ခိုက်ဖို့ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လို ပြင်ဆင်ရမယ်ဆိုတဲ့ အသိအမြင် အတွေးအခေါ်ဆိုင်ရာ သင်တန်းတွေ၊ ကျောင်းတွေမရှိဘဲ သဘာဝကပေးတဲ့အသိနဲ့တင် ရင်ဆိုင်ကြတဲ့ အရိုင်းသတ္တဝါတွေရဲ့ တုံ့ပြန်မှုသာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သောတုံ့ပြန်မှု ဖြစ်ရပ်တွေက သက်ရှိတွေထဲမှာ  အသိဉာဏ်အမြင့်မားဆုံးဖြစ်တဲ့ လူတွေကတောင် သင်ခန်းစာယူရတဲ့အထိ တန်ဖိုးရှိလှပါတယ်။

သမိုင်းထဲမှာ ရှင်သန်နေကြသူတွေအနေနဲ့ သမိုင်းထဲကနေ သင်ခန်းစာယူနိုင်သလို သမိုင်းသစ်မွေးဖွားဖို့လည်း ကိုယ်တိုင် ဆောင်ရွက်နိုင်ပါတယ်။ သမိုင်းဆိုတာ လူတွေက ဖန်တီးတာမို့ ကိုယ်ကြိုက်တဲ့သမိုင်းကို ကိုယ်တိုင်ရွေးချယ် ရေးထိုးရမှာဖြစ်ပါတယ်။

ခေတ်ဟောင်းသမိုင်း၊ ခေတ်သစ်သမိုင်း ဘယ်သမိုင်းကိုပဲကြည့်ကြည့် သမိုင်းထဲမှာ လူစွမ်းကောင်းတွေရှိသလို လူဆိုးလူယုတ်တွေလည်း ရှိပါတယ်။ လူစွမ်းကောင်းဆိုသူတွေကို ခေတ်အဆက်ဆက် အားကိုးကြတာလည်း ဓမ္မတာပါ။ ဒါပေမယ့် ဒဏ္ဍာရီမဟုတ်တဲ့ တကယ့်သမိုင်းထဲက လူစွမ်းကောင်းတွေကတော့ အများနည်းတူ သူလိုကိုယ်လို မိသားစုများက မွေးဖွားလာခဲ့ကြသူတွေသာ ဖြစ်ပါတယ်။ 

သမိုင်းနဲ့ပတ်သက်လို့ အမှတ်ရမိတဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့ အဖြစ်အပျက်ပါ။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ဝန်ကြီးများရုံးလို့ ပြောင်းလဲခေါ်ဝေါ်တဲ့ အတွင်းဝန်ရုံးကိုဝိုင်းပြီး ကျောင်းသားဆန္ဒပြပွဲ ပြုလုပ်ပါတယ်။ အဲဒီဆန္ဒပြပွဲကို ကိုလိုနီအစိုးရက မြင်းစီးပုလိပ်အပါအဝင် စစ်ပုလိပ်တွေ စေလွှတ်ပြီး ဖြိုခွဲပါတယ်။ အဲဒီနေ့ စစ်ပုလိပ်တွေက မြင်းနဲ့တိုက်၊ တုတ်နဲ့ရိုက်တဲ့အတွက် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးပြီး (၁၉၃၈ ခုနှစ်ဒီဇင်ဘာလ ၂၂ နေ့မှာ ကွယ်လွန်ပါတယ်။) ကျောင်းသား ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ရန်ကုန်လူထုက မြင်တွေ့လိုက်ရသလို သတင်းထောက်တွေကလည်း ဓာတ်ပုံမှတ်တမ်း တင်ဖြစ်လိုက်ပါတယ်။ ဒီဓာတ်ပုံတွေ အများမြင်တွေ့မှာကြောက်တဲ့ ကိုလိုနီအစိုးရက နောက်နေ့ထွက်မယ့် သတင်းစာတွေမှာ မထည့်ဖို့ သတင်းစာတိုက်တွေကို ညွှန်ကြားချက်ထုတ်ပါတယ်။ အဲဒီတုန်းက အခုခေတ်လို ဆက်သွယ်ရေးမကောင်းတော့ ရန်ကုန်မှာရှိတဲ့ သတင်းစာတိုက်တွေဆီ ဆက်သားတစ်ယောက်ကို စက်ဘီးနဲ့ သွားစေပြီး ညွှန်ကြားချက်ကို ပို့ခိုင်းပါတယ်။ စေခိုင်းခံရတဲ့သူကလည်း သတင်းစာတိုက်တွေဆီ သွား၊ ညွှန်ကြားချက်ကို ပေးဖတ်၊ ညွှန်ကြားချက်ကို ဖတ်ရှုပြီးကြောင်းနဲ့ မလိုက်နာရင် အရေးယူမှာကို သိရှိကြောင်း လက်မှတ်ထိုးစေတယ်။ 

ဒီသတင်းကို သတင်းစာတိုက်တွေ အချင်းချင်း ဆက်သွယ်ပြီး အသိပေးကြတာပေါ့။ လက်မှတ်ထိုးလိုက်ရတဲ့ သတင်းစာတိုက်က သူတို့ဆီတော့ ဘယ်အချိန်မှာ လာသွားပြီ၊ ဘယ်သတင်းစာတိုက်ဘက်ကို ထွက်သွားပြီ စသဖြင့် သတင်းပေးကြတဲ့အခါ ဒီလိုသွားတဲ့လမ်းကြောင်းအတိုင်းဆိုရင် နောက်ဆုံးမှရောက်နိုင်မယ့် သတင်းစာတိုက်ရဲ့အယ်ဒီတာက သူတို့သတင်းစာတိုက်ကို မရောက်ခင် လမ်းကနေ ဆက်သားကို ချောင်းရိုက်ဖို့ စီစဥ်လိုက်ပါတယ်။ ဆက်သားလာတဲ့လမ်းကြောင်းက သူ့တွက်ကိန်းအတိုင်းပါပဲ။ ဒါကြောင့် သူ့အစီအစဥ်အတိုင်း ဆက်သားကို ချောင်းရိုက်လိုက်တာ ဟိုလူ သတိလစ်သွားပါတော့တယ်။

ဒီတော့ နောက်နေ့ထုတ် သူတို့သတင်းစာမှာ အတွင်းဝန်ရုံးရှေ့ ရိုက်ပွဲသတင်းကို ဓာတ်ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။ ညွှန်ကြားချက်ကို သူတို့မသိကြောင်း၊ သူတို့သတင်းစာတိုက်ဆီ ဆက်သားမရောက်ကြောင်း ပြောနိုင်တဲ့အတွက် ဒီလို ဓာတ်ပုံနဲ့တကွဖော်ပြလိုက်လို့ သူတို့သတင်းစာတိုက်ကို အရေးယူတာ မခံရတော့ဘူးပေါ့။ နောင်အခါ အဲဒီဓာတ်ပုံတွေကို ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ဒေါ်ခင်မျိုးချစ်တို့ရဲ့ ကြိုးပမ်းမှုကြောင့် ကမ္ဘာကျော်စာရေးဆရာကြီး H.G.Wells ရဲ့ လက်ထဲရောက်သွားပြီး Trouble in Burma ဆိုတဲ့ဆောင်းပါးနဲ့ မြန်မာကျောင်းသားတွေ ဖိနှိပ်ခံရတဲ့အကြောင်း ကမ္ဘာက သိသွားပါတယ်။ တကယ်တော့ ပိတ်ထားတဲ့ ချုပ်ချယ်မှုတွေမှာပဲ ထွက်ပေါက်တွေ ရှိနေတယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်။

ကမ္ဘာပေါ်က ထူးချွန်ထင်ရှားတဲ့ပုဂ္ဂိုလ်များဟာ အများထက် ခန္ဓာကိုယ် ၂ ဆ ၃ ဆ ကြီးမားသူတွေမဟုတ်သလို အများထက် ခေါင်းတစ်လုံး အပိုပါသူတွေ မဟုတ်ပါဘူး။ သတ္တိ၊ ဗျတ္တိ၊ ဉာဏ်၊ ပညာ၊ ဝီရိယ၊ စာရိတ္တ၊ ဇွဲ၊ လုံ့လ စတဲ့အရာတွေမှာ သာလွန်အောင် ကြိုးပမ်းခဲ့ကြသူများသာ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း သူလိုကိုယ်လို ဘာမှ ကြိုးစား ဆန်းသစ် တီထွင် ကြံဆခြင်းတွေ မရှိခဲ့ဘူးဆိုရင် ကျနော်တို့အားလုံး ဒီကနေ့အထိ ညဘက်ဆိုရင် အမှောင်ထဲမှာပဲ နေကြရမယ်၊ သဘာဝအတိုင်းပဲ တောထဲတောင်ထဲမှာ အိုးမရှိအိမ်မရှိ နေကြရမယ်၊ ခြေထောက်တစ်ခုကိုပဲ အဖော်ပြုပြီး ခရီးသွားရမယ်၊ ဖိစီးဖြစ်ပေါ်လာသမျှ ရောဂါဘယနဲ့ပဲ သေဆုံးကြရမယ်၊ အနိုင်အထက်ပြုသူတွေရဲ့အောက်မှာပဲ ပြားပြားဝပ် ကြောက်ရွံ့နေရမယ် စသဖြင့် တောရိုင်းသတ္တဝါတွေလိုပဲ ရှင်သန်ကြရမှာ ဖြစ်ပါတယ်။ 

စစ်မှုထမ်းဥပဒေကြောင့် စိုးရိမ်ကြောင့်ကြနေတဲ့ ပြည်သူများကို ခွန်အားဖြစ်စေမယ့် စကားတစ်ခွန်း ပြောရရင်တော့ "ရခိုင်ပြည်ကို နမူနာကြည့်ပါ" လို့ပဲ ပြောပါရစေ။ စစ်မှုထမ်းဥပဒေကို အဓိက အကောင်အထည်ဖော်သူများက စစ်သားတွေ ရဲတွေ မဟုတ်ပါဘူး။ မြို့နယ်နဲ့ ရပ်ကျေး ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ လုံခြုံတယ်လို့ ယူဆတဲ့အတွက် ဒီတာဝန်တွေကို ထမ်းဆောင်နေကြတာပါ။ သူတို့ကြောင့် အာဏာရှင် သက်ဆိုးရှည်နေတာပါ။ သူတို့မလုံခြုံဘူးလို့ ယူဆလာရင်၊ ဒီတာဝန်တွေကို ယူတဲ့သူမရှိရင် အာဏာရှင်ကျဆုံးခန်းကို ရောက်ပါပြီ။ ၂၀၁၉ တုန်းက ရခိုင်ပြည်မှာ ရာနဲ့ချီတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်တာ မှတ်မိကြမယ်ထင်ပါတယ်။ အခုလည်း အဲဒီလို နုတ်ထွက်ကုန်ပါတယ်။ ဒါမျိုး ကျန်တဲ့အရပ်ဒေသမှာ မဖြစ်နိုင်စရာ မရှိပါ။ အမှည့်ခြွေခံရင်း အစားခံမလား၊ ရှင်သန်ဖို့နည်းလမ်းရှာမလား ရွေးချယ်ရပါမယ်။ 

နိုင်ငံသစ်မှာ ကျနော်တို့ပြည်သူလူထုအနေနဲ့ ကယ်တင်ရှင်ကို မမျှော်ဘဲ ကိုယ်တိုင်က ကိုယ့်ရဲ့ကယ်တင်ရှင်၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ကယ်တင်ရှင် ဖြစ်နေဖို့ လိုအပ်ပါတယ်။ အကြောက်တရားဟာ လူအများရဲ့စိတ်ကို လွှမ်းမိုးနိုင်တာမှန်ပေမယ့် အမှန်တရားနဲ့ ကိုယ့်အခွင့်အရေးကို ကာကွယ်ဖို့ သတ္တိတွေတော့ မွေးမှဖြစ်ပါမယ်။ သူများစေစားရာ နေထိုင်ရတဲ့ ကျွန်ဘဝနဲ့ ရှင်သန်မလား၊ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်ယုံကြည်ချက်ပေါ်မှာ ရဲရဲဝံ့ဝံ့ ရပ်တည်တဲ့ သခင်ဘဝနဲ့ ရှင်သန်မလား မဖြစ်မနေ ရွေးချယ်ရမှာပါ။ အနာဂတ်ဟာ ကျနော်တို့ တစ်ဦးချင်းရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ။


👉ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ

၂၄၊ ၃၊ ၂၀၂၄



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar