Breaking News

မောင်လူပေ - အမေရိကားကို နယ်စပ်ဖြတ်ပြီး ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသားတွေ ပို၍များလာ

အမေရိကားကို နယ်စပ်ဖြတ်ပြီး ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသားတွေ ပို၍များလာ

မောင်လူပေ 

မောင်လူပေ၊ (မိုးမခ) ဇွန် ၂၀ ၊ ၂၀၂၄

ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြတာ သဘာဝပါ။ အထူးသဖြင့် နိုင်ငံရေးမတည်ငြိမ်တဲ့ နေရာ၊ ဆင်းရဲတဲ့ နေရာတွေက ပြည်သူတွေဟာ ပိုကောင်းမယ်ထင်တဲ့ နိုင်ငံတွေကို ပြောင်းရွှေ့ကြတယ်။ တရားဝင်လမ်းကြောင်းက သွားဖို့မဖြစ်နိုင်ရင် တရားမဝင်လမ်းကြောင်းက လာကြတယ်။

ကျောပိုးအိတ်လေး လွယ်ပြီး ရေဘူးကိုယ်စီနဲ့ အမေရိကန်နယ်စပ်ကို မက္ကဆီကိုဘက်ကနေ တရားမဝင် ဖြတ်ဝင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ နေ့စဉ် ထောင်နဲ့ချီပြီး ရှိတယ်။ နိုင်ငံပေါင်းစုံက အသားအရောင်မျိုးစုံ၊ ကိုးကွယ်ရာ ဘာသာပေါင်းစုံ ပါဝင်တယ်။ ကလေး လူကြီး အရွယ်စုံ ဆိုက်စုံ။ အများစုက အမေရိကအလယ်ပိုင်းနိုင်ငံတွေကနေ မိုင်ထောင်ချီခရီးကို ဖြတ်လာကြတာ ဖြစ်တယ်။ အဲဒီလူအုပ်ကြီးထဲမှာ ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံး၊ ဆူပါပါဝါနိုင်ငံ ဖြစ်တဲ့ တရုတ်လူမျိုးတွေလည်း အများအပြား ပါဝင်ကြတယ်။ 

၂၀၂၃ ခုနှစ်ရဲ့ ပထမ ၁၁ လအတွင်းမှာ မက္ကဆီကိုနယ်စပ်ကနေ တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံရတဲ့ တရုတ်နိုင်ငံသား ၃၁၀၀၀  ရှိတယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်မှုစာရင်းတွေအရ သိရတယ်။ အဖမ်းမခံရဘဲ လွတ်သွားတဲ့ တရုတ်နိုင်ငံသားတွေက ဒီစာရင်းရဲ့ နှစ်ဆ သုံးဆ အထိ ရှိနိုင်တယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာ အမေရိကန်မှာ နေထိုင်လိုတဲ့အတွက် နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားတဲ့ တရုတ်နိုင်ငံသားပေါင်း တစ်သိန်းနီးပါး ရှိတယ်လို့ သိရတယ်။ 

အမေရိကန်နိုင်ငံကို ထွက်ပြေးလာကြတဲ့ တရုတ်နိုင်ငံသားတွေဟာ လူငယ်လူရွယ်တွေ အများစုဖြစ်ကြတယ်။ အလုပ်လုပ်နိုင်တဲ့အရွယ် လူငယ်တွေဟာ တရုတ်ပြည်ရဲ့ အလုပ်အကိုင် ရှားပါးမှု၊ ဆင်းရဲကျပ်တည်းမှု၊ ဘာသာရေး  နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှု စတဲ့ အထွေထွေ ဘေးဒုက္ခတွေက ကင်းဝေးရေးအတွက် အမေရိကန်နိုင်ငံထဲကို အခက်အခဲမျိုးစုံကို ရင်ဆိုင်ပြီး ဝင်လာကြတာ ဖြစ်ပါတယ်။ 

အမေရိကန်နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ကြတဲ့ နိုင်ငံမျိုးစုံက လူစာရင်းမှာ အမြန်ဆုံး တိုးတက်များပြားလာတဲ့ နိုင်ငံသားတွေဟာ တရုတ်တွေ ဖြစ်တယ်လို့ နယ်စပ်ဖြတ်ကျော်စာရင်းဇယားတွေကလည်း ညွှန်ပြနေတယ်။

အမေရိကားကို တရားမဝင်ဖြတ်ကျော်ဖို့အတွက် အများအားဖြင့် သူတို့အတွက် ဗီဇာမလိုအပ်တဲ့ အမေရိကားတိုက် အလယ်ပိုင်းရှိ နိုင်ငံငယ်လေးတွေကို အသုံးပြုကြတယ်။ ဥပမာအားဖြင့် အီကွေဒိုးနိုင်ငံ ဆိုပါစို့ ။ ၂၀၂၃ ခုနှစ်အတွင်း အီကွေဒိုးကို တရုတ်လူမျိုး ငါးသောင်းနီးပါး ဝင်ရောက်ခဲ့ပြီး ထက်ဝက်ခန့်က ပြန်လည်ထွက်ခွာခြင်း မရှိခဲ့ဘူး။ ဒါကြောင့် အီကွေဒိုးနိုင်ငံဟာ တရုတ်အစိုးရရဲ့သဘောတူညီချက်ရယူပြီး တရုတ်လူမျိုးတွေအတွက် ဗီဇာကင်းလွတ်ခွင့်ကို ပြန်လည်ပိတ်ပင်ခဲ့ရတယ်။ 

အမေရိကန် အိပ်မက်အတွက် သွားရတဲ့ခရီးက ခရီးကြမ်းပါ။ လူကုန်ကူးတွေနဲ့ ချိတ်ဆက်ပြီးသွားကြရတာ ဖြစ်တယ်။ အင်္ဂလိပ်လိုလည်း မတတ်၊ စပိန်စကားလည်း မတတ်သူများတဲ့ တရုတ်နိုင်ငံသားအများစုကို လူပွဲစားတွေက အီကွေဒိုးမြို့တော် Quito လေဆိပ်ကနေ တရုတ်လူမျိုးတွေပိုင်တဲ့ တစ်ညကို ဒေါ်လာနှစ်ဆယ်ပေးရမယ့် ဟော်တယ်တွေဆီကို ပို့ပေး၊ ကိုလံဘီယာနယ်စပ်ကိုကားနဲ့ခရီးဆက်၊ တောလမ်းခရီးကြမ်းအတွက် ကာကွယ်ဆေးတွေထိုး၊ လိုအပ်မယ့် ပစ္စည်းတွေဝယ် စသည်နဲ့ ပြင်ဆင်ရတယ်။ ကိုလံဘီယာနယ်စပ်ကို ဖြတ်တဲ့အခါ ကံမကောင်းလို့ လူဆိုးဂိုဏ်းနဲ့တိုးရင် ပါလာသမျှ တန်ဖိုးရှိတဲ့ ငွေ၊ ဖုန်း စတာတွေ ကုန်ပြီပဲ။ ဒီလိုနည်းနဲ့ ကိုလံဘီယာနယ်စပ်ကို ဖြတ်ကျော်နေတဲ့ တရုတ်နိုင်ငံသားတွေ တစ်ပတ် တစ်ပတ်ကို ရာနဲ့ချီပြီးရှိတယ်လို့ သိရတယ်။ 

ကိုလံဘီယာနိုင်ငံကနေ အမေရိကားနယ်စပ်အထိ ခရီးစဉ်က အမျိုးမျိုးရှိတယ်။ ကိုယ့်အားကိုယ်ကိုးပြီး တောလမ်းကြမ်းကိုဖြတ်၊ တွေ့တဲ့နေရာ အိပ်ပြီး လမ်းလျှောက်၊ ဖြစ်သလို သွားမယ်ဆိုရင် အန္တရာယ်များပြီး အချိန်ကြာမယ်။ ဒီလိုခရီးမျိုးအတွက် ဒေါ်လာ ငါးထောင်လောက်အထိ ကုန်ကျမယ်။ ဒီငွေဟာ သာမန် တရုတ်ပြည်သူတစ်ယောက်အတွက် တစ်နှစ်စာ ဝင်ငွေ ဖြစ်တယ်။ 

ကိုလံဘီယာနိုင်ငံရဲ့ တောနက်ကြီးကို လမ်းလျှောက် ဖြတ်ကျော်ရတဲ့ ခရီးလမ်းက တကယ့်ငရဲခန်းကြီးပါ။ မိုင်ရာချီ လမ်းလျှောက်ရမှာဖြစ်ပြီး ရွှံ့နွံတောတွေ ဖြတ်ရမယ်၊ မတ်စောက်တဲ့ ကျောက်တောင်ကြီးတွေကို ဖြတ်ရမယ်၊ တံတားမရှိ ရေစီးအရမ်းသန်တဲ့ မြစ်ချောင်းတွေကို ကြိုးတစ်ချောင်း ကိုင်ပြီး အသက်စွန့် ဖြတ်ရမယ်။ တောလမ်းကြမ်းရဲ့ နောက်ဆုံးအဆင့်ကတော့ ကွေ့ကောက်နေတဲ့ မြစ်ပြင်ကို လှေစီး ဖြတ်ကြရတယ်။ ဒါဆိုရင် ပနားမားနိုင်ငံထဲက ယာယီရွှေ့ပြောင်းလုပ်သားများစခန်းကို ရောက်ပါမယ်။ အဲဒီစခန်းရောက်မှ စာရင်းပေးပြီး အခမဲ့ကျွေးမွေးတဲ့ အစားအစာတွေစားလို့ ခဏ အနားယူရတယ်။

ပနားမားနိုင်ငံရောက်မှ ခရီးက တဝက်ပဲ ရှိသေးတာပါ။ အဲဒီကမှတဆင့် ကော့စတာရီကာ၊ နီကာရာဂွါ၊ ဟွန်ဒူးရပ်၊ ဂွါတီမာလာ စတဲ့ နိုင်ငံငယ် အသီးသီးကို ဆက်လက်ဖြတ်ကျော်ရမှာဖြစ်တယ်။ ပြီးမှ မက္ကဆီကိုနိုင်ငံတောင်ပိုင်းရဲ့ နယ်စပ်ကို ရောက်ရှိလာမှာ ဖြစ်တယ်။ နယ်စပ်ရဲတွေ၊ ဓားပြတွေ တားဆီးနှောင့်ယှက်တဲ့ ရန်ကို မတွေ့ခဲ့ဘူး ဆိုရင်တော့ မက္ကဆီကိုနိုင်ငံထဲ ရောက်ပါပြီ။

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဂွါတီမာလာ နယ်စပ်ကနေ အမေရိကန်နိုင်ငံ နယ်စပ်အထိ သွားမယ့်လမ်းကလည်း မလွယ်လှပါဘူး။ ကံမကောင်းရင် မက္ကဆီကိုနယ်စပ်ရဲက ဖမ်းပြီး ပြန်ပို့တာ ခံရတတ်သေးတယ်။ လမ်းမှာ သူခိုး ဓားပြရန်လည်း ရှိတယ်။ ဒါကြောင့် လူကုန်ကူးပွဲစားတွေနဲ့ဆက်သွယ်၊ ဒေါ်လာတစ်ထောင်လောက် ထပ်ပြီးအကုန်ခံနိုင်မှ ချောချောမောမောနဲ့ အမေရိကန်နယ်စပ်ကို ရောက်ဖို့ သေချာတယ်။

အဆင့်ဆင့် ဖြတ်ကျော်ရတဲ့ ဒီလမ်းခရီးမှာ ကံမကောင်းလို့ ခြေချော်လက်ချော်ဖြစ်ပြီး အသက်ဆုံးရသူတွေ ထောင်နဲ့ချီပြီးရှိတယ်။ ဘယ်သူက ဘယ်သူ့ကိုမှ မကယ်နိုင်ဘူး။ အားလုံးက ကိုယ့်အသက်ရှင်ရေးသာ ဦးစားပေးကြရတာကြောင့်မို့ပါ။ 

ဒီလမ်းကြမ်းကိုပဲ လမ်းပြ ငှားမယ်၊ တောလမ်းကြမ်း တချို့နေရာတွေကို လမ်းမလျှောက်ဘဲ လှေစီးဖြတ်မယ်၊ တချို့နေရာမှာ ဘတ်စ်ကားစီးပြီး သွားမယ်ဆိုရင် ဒေါ်လာ တစ်သောင်းနှစ်ထောင်လောက်အထိ ကုန်ကျမယ်။

ကိုလံဘီယာတောလမ်းကြမ်းကို ရှောင်ဖို့အတွက် အီကွေဒိုးမြို့တော် Quito မှာ မက္ကဆီကို ဗီဇာရအောင် ကူညီပေးမယ်၊ လေယာဉ်နဲ့ မက္ကဆီကိုမြို့တော်ကို ရောက်မယ်၊ အမေရိကန်နယ်စပ်အထိ ကားနဲ့ လိုက်ပို့မယ်၊ ဒီလို ဇိမ်ကျမယ့် ခရီးမျိုးအတွက်ဆိုရင် ဒေါ်လာနှစ်သောင်းကျော်အထိ ကုန်ကျမှာ ဖြစ်တယ်။

မက္ကဆီကိုနယ်စပ်ကနေ အမေရိကန်နိုင်ငံထဲကို တရားမဝင်ဖြတ်ကျော်ဖို့ကလည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။ လူကုန်ကူးသူတွေကို ငွေပေးပြီး နယ်စပ်ဖြတ်ကြသူအချင်းချင်း အတူတူပေမဲ့ လွတ်သူကလွတ်ပြီး အဖမ်းခံရသူက အဖမ်းခံကြရတယ်။ တချို့ကတော့ အဖမ်းခံရမဲ့အတူတူ ငွေကုန်ထပ်မခံတော့ပဲ နယ်စပ်ခြံစည်းရိုးမှာ ဖြတ်ကူးဖို့ ရှေ့ကလူတွေ ဟထားတဲ့ သံတိုင်နေရာကို တိုးဝင်ပြီးဖြတ်၊ အသင့်စောင့်နေတဲ့ အမေရိကန် နယ်စပ်ရဲဆီမှာ အဖမ်းခံကြပါတယ်။ 

နယ်စပ်ရဲဆီမှာ အဖမ်းခံပြီးရင် နယ်စပ်ထိန်းသိမ်းစခန်း ရောက်မယ်၊ အဲဒီမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ရမယ်၊ အမေရိကားမှာ တရားဝင်နေထိုင်တဲ့ ကိုယ့်အသိ  ကိုယ့်ဆွေမျိုးတစ်ဦးဦးက အာမခံပြီး လာထုတ်ယူပေးရင်တော့ အဲဒီထိန်းသိမ်းရေးစခန်းက ထွက်ခွင့်ရပါပြီ။ အာမခံပေးမယ့်သူ မရှိရင်တော့ စခန်းထဲမှာပဲ ခိုလှုံခွင့် မရမချင်း နေကြရမှာဖြစ်တယ်။ ခိုလှုံခွင့် ရ၊ မရက ကံတရားသာဖြစ်ပြီး နှစ်နဲ့ချီပြီးစောင့်ကြရတယ်။ 

တရုတ်နိုင်ငံသားတွေဟာ အမေရိကားမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိမှု အများဆုံး နိုင်ငံသားတွေ ဖြစ်တယ်။ ၂၀၂၂ စာရင်းအရ အဲဒီနှစ်မှာ ခိုလှုံခွင့်ရရှိသူ တရုတ် (၁၃%) ရှိပြီး လူဦးရေ ၄၅၀၀ ရှိတယ်။ 

ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကို ငွေကုန်ကြေးကျခံပြီး ဖြတ်ကျော်နေကြသူ တရုတ်နိုင်ငံသားတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ သူတို့နိုင်ငံမှာ ဘယ်လိုမှမရရှိနိုင်တဲ့ အမေရိကန်အိပ်မက်ကို မက်ခွင့်ရရေးပါပဲ။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ အလုပ်လုပ်သလောက် အကျိုးခံစားခွင့်၊ သားသမီးတွေရဲ့ ထွန်းပတဲ့ရှေ့ရေး စတာတွေဟာ အမေရိကားမှာသာ ရနိုင်တဲ့အတွက်ကြောင့် နောက်ထပ် ထောင်ပေါင်းများစွာသော တရုတ်လူငယ်တွေ၊ မိသားစုတွေဟာ တရုတ်ပြည်ကို စွန့်ခွာပြီး အမေရိကားကို ရတဲ့ နည်းလမ်းမျိုးစုံနဲ့ လာနေကြဆဲပါပဲ။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar