Breaking News

နိုင်မွန်အောင်သွင် - မီးလောင်မြေမှာ အဘိုးအို ဘာပြန်ရသလဲ

Photo- Credtit
မီးလောင်မြေမှာ အဘိုးအို ဘာပြန်ရသလဲ
နိုင်မွန်အောင်သွင်
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၄

မီးလောင်မြေက အခုထိ အငွေ့တလူလူ။
လောင်ရာညှော်နံ့တွေက တအူအူ။

အဘိုးအိုပြန်လာတယ်။
ရီဝေဝေမျက်လုံးအစုံက
ခေတ်ကြောင့်လား
မျက်ရည်ကြောင့်လား
ပုံရိပ်တွေက ဝိုးတဝါး။

အဖြူအမည်းစစ်ကားဟောင်းတစ်ခုလိုပဲ။
မီးကျွမ်းငုတ်တွေက အနက်ရောင်ရင့်ရင့်။
လွင့်ပျံကျလာတဲ့ပြာမှုန်တချို့က ဖြူရော်ရော်။

အဘိုးအိုရဲ့မိသားစုတွေမရှိတော့ဘူး။
အဘိုးအိုရဲ့အိမ်ယာမရှိတော့ဘူး။

အဘိုးအို ဘာပြန်ရသလဲ။

အဘိုးအိုရဲ့သရက်ပင်တွေမရှိတော့ဘူး။
အဘိုးအိုရဲ့ ဆိတ်တွေနွားတွေမရှိတော့ဘူး။

အဘိုးအို ဘာပြန်ရသလဲ။

ပြိုကျနေတဲ့နောက်ဖက်လှေခါးအောက်မှာ
ဖလားလေးတစ်လုံး။
ပိန်လိန်နေတဲ့ ဒန်ဖလားလေးတစ်လုံး။
မီးလောင်မြေမှာ ဒန်ဖလားလေးတစ်လုံး အဘိုးအိုပြန်ရတယ်။

မနက် မနက်တွေမှာ မျက်နှာသစ်ခဲ့တဲ့
ထမင်းစားချိန်မှာ လက်ဆေးခဲ့တဲ့
ညနေခင်းတွေမှာ ရေချိုးခဲ့တဲ့
ဒန်ဖလားလေးတစ်လုံး ပြန်ရတယ်။

ဘဝဟာ အဆုံးမတိုင်သေးခင်တော့ 
ရတဲ့နေရာကပဲ ပြန်စရမယ်။
မီးလောင်မြေမှာ ဒန်ဖလားလေးတစ်လုံး အဘိုးအိုပြန်ရတယ်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar