Breaking News

ဝင်းတင့်ထွန်း - ရွှေဘိုမြေရေ …ဗိုလ်သံမဏိကို ထာဝရကြိုဆိုလိုက်ပါတော့ ...

Photo A- Credit

ရွှေဘိုမြေရေ …ဗိုလ်သံမဏိကို 
ထာဝရကြိုဆိုလိုက်ပါတော့ ... ’ 
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် .... ၊ ၂၀၂၄

                ( ၁ ) 

      အချိန်တွေက တော်တော်ကို ကြာခဲ့ပါပြီ။

       ဟိုတုန်းက ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ရွှေဘိုမြို့ရဲ့တောင်တံခါးပေါက်က ‘ ရတနာသိင်္ဃ ပြည်ရွှေဘိုမှ ကြိုဆိုပါ၏ ’ဆိုတဲ့ ဆိုင်းဘုတ်ကြီးအောက်ကနေ တောင်ဘက်ကိုထွက်လိုက်ရင် ‘ရွှေဘို-မန္တလေး’ ကားလမ်းမကြီးဟာ တမျှော်တခေါ်ပေါ့ ။ ဒီကားလမ်းမကြီးပေါ်မှာ ပထမဆုံး တွေ့ရမှာက ‘တဂဏန်းရွာ’ ။ အဲဒီနောက်  ‘ဘုန်းဘွဲ့’ ‘ စိုင်နိုင်လေး’ ‘ စိုင်နိုင်ကြီး’ ‘ သားနား ’ ‘ မောက်ကျိုး’ ‘ ရေထွက် ’ ‘ ရွှေကျင်’ ‘ လှတော’ ။
‘ တဂဏန်းရွာ’ က ရွှေဘိုမဟာအောင်မြေ ပြီးရင် ပထမဆုံး စစချင်း တွေ့ရမယ့်ရွာ။ ‘ရွှေကျင်ရွာ’ ကတော့ ဗမာပြည် ဗုဒ္ဒဘာသာလောကမှာ၊ ဝိနည်းကို အလေးထား လိုက်နာရာမှာ စံထားရတဲ့ ‘ ရွှေကျင်ဂိုဏ်းကြီး’ ရဲ့ပထမဆုံးသောသာသနာပိုင် ‘ရွှေကျင်ဆရာတော်ဘုရားကြီး’ ရဲ့ ဘူမိနက်သန်မြေ။ ‘လှတော’ ကလဲ အများသိကြတဲ့အတိုင်း ‘ လှတောသား- စကားအလင်္ကာ..’ လို့တောင် ဆို စမှတ်ပြုရတဲ့အရပ်လေ။ လှတောကနေ အရှေ့ဘက်ကို ကျောက်လမ်းကြမ်းကြမ်းအတိုင်း တက်လိုက်မယ်ဆိုရင်တော့ ‘ ပင်းဇင်း’ ‘မန်ကျည်းတုံ’ ‘ဝက်လက်’။

အဲဒီတုန်းက ‘လှတော- ဝက်လက်’ လမ်းကလဲ ဘယ့်လောက်ကြမ်းလိုက်သလဲဆိုရင် ကြာနီကန်ဆရာတော်ရဲ့တရားခွေထဲမှာတောင် ပါခဲ့သေးမဟုတ်လား။ “ ဒီကနေ ကျောက်ခဲ ကောက်စားသွား- ဝက်လက်ရောက်ရင် အစာကျေနေလိမ့်မယ်..” လို့တောင် လှတောသားက စကားအလင်္ကာနဲ့ဖြေခဲ့ဖူးတယ်မဟုတ်လား။ ဒီလောက်ကြမ်းတဲ့ ကျောက်လမ်းလေးပေါ်က မန်ကျည်းတုံရွာဟာ အကျော် ဒေးယျစာဆိုကြီး ‘လက်ဝဲသုန္ဒရ’ ရဲ့မွေးရာဇာတိမြေ ။ ‘ မဲဇာတောင်ခြေ..ရတု’ နဲ့တင် ကဗျာနယ်မှာ တံခွန်ထူထားနိုင်ခဲ့တဲ့ စာဆိုကြီးလက်ဝဲသုန္ဒရဟာ တကယ်တော့ တကယ့်စစ်ရေးပါရဂူ၊ စစ်သေနင်္ဂ ဗျူဟာ ကျွမ်းကျင်ပိုင်နိုင်လှသူကြီးလဲ ဖြစ်ပါတယ်။ သူ့ရဲ့‘ သေနင်္ဂဗျူဟာပျို့နဲ့ ‘ ဗျူဟစက္ကိ ပျို့ တို့ကို သာဓကအဖြစ် ကြည့်နိုင်ပါတယ်။
     မန်ကျည်းတုံဟာ စာဆိုလက်ဝဲသုန္ဒရ ရဲ့ဇာတိရွာသာမက၊ ကိုလိုနီခေတ်နှောင်းအတွင်း ကြီးပြင်းပေါ်ထွန်းခဲ့တဲ့ ဆရာကြီးရွှေဥဒေါင်း ရဲ့ မျိုး ရိုးနွယ်လာ ဆင်းသက်ရာလို့လဲ ဆိုနိုင်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ အဖေ ဦးအေရာဟာ မန်ကျည်းတုံရွာသားစစ်စစ် မဟုတ်လား။ ရွှေဘိုမြို့တောင်တံခါးကနေ ထွက်လိုက်ရင်  ‘ရွှေဘို-မန္တလေး’ ကားလမ်းမကြီးဝဲယာတဝိုက်က အနီးစပ်ဆုံးသော ဒီနယ်မြေတွေကို ဒီဒေသခံတွေကတော့ ‘ ရွှေဘို တောင်လက်’ လို့ပဲ ခေါ်ကြပါတယ်။ စာပေပညာရှင်များကိုယ်တိုင်ကလဲ စာဆိုလက်ဝဲသုန္ဒရအမတ်ကြီးရဲ့ဇာတိကို ဖော်ပြရင် “ ရွှေဘိုတောင်လက် - ခရီးလေးတိုင်အကွာ ‘မန်ကျည်းတုံရွာ’ ဇာတိ လို့ပဲ ဖော်ပြကြသလို၊ ဆရာကြီးရွှေဥဒေါင်းတို့ခေတ်မှာ ဆရာကြီးရွှေဥဒေါင်းကိုယ်တိုင်ကလဲ သူ့ရဲ့မျိုးရိုးအစဉ်ကို ဖော်ပြတဲ့အခါ “ ဖခင်ဟာ ရွှေဘိုတောင်လက် မန်ကျည်းတုံရွာသား ဦးအေရာ ဖြစ်တယ် ” လို့ သူ့ရဲ့‘တသက်တာမှတ်တမ်း’ ထဲမှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ဒီနယ်ဟာ မြင်းနယ်၊ ရှေး မြန်မာဘုရင်များလက်ထက်က မြင်း တပ်စစ်သား၊ မြင်းအမှုထမ်းများ၊ မြင်းစီးကျွမ်းကျင်သူများ ထွက်တဲ့နယ်လို့လဲ ဆိုခဲ့ကာ၊ ဖခင်ဖက်ဟာ ‘ မြင်းစီးရိုး ’ နွယ်လို့လဲ အမှတ်အသားပြုခဲ့ပါတယ်။ 

အလောင်းဘုရားကိုယ်တိုင် တတိယဗမာနိုင်ငံတော်ကို စတင်ခဲ့ရာမှာ မုဆိုးဘို( ရွှေဘို ) ကို ဗဟိုပြုပြီး ပတ်ပတ်လည်(၄၆) ရွာက မြင်းရည်တက် ခြောက်ကျိပ်ရှစ် (လက်ရွေးစင်ဗိုလ် ၆၈ ဦး)နဲ့အစပြုခဲ့တဲ့မှတ်တမ်းမှတ်ရာတွေလဲ ရှိခဲ့ဖူးပါတယ်။ ‘အိုးဝေဦးညိုမြ’ ကြီးကိုယ်တိုင် ‘ကုန်းဘောင်ရှာပုံ တော် ’ ရာဇဝင်မှတ်တမ်းစာအုပ်ထူကြီးကိုရေးသားရာမှာ ဒီ ရွှေဘိုတောင်လက်က ရွာတွေအတော်များများကိုလဲအရောက်သွားပြီး မေးခဲ့မြန်းခဲ့ မှတ်စု ယူခဲ့ဖူးတာတွေ ရှိပါတယ်။ ကျွန်တော်နဲ့အဘွားလေးတော်တဲ့ ဘွားလေးဒေါ်ခင်မြက ကျွန်တော်နဲ့ပြန်တွေ့တော့ “ ဒို့အိမ်ကိုတောင် အိုးဝေဦးညိုမြကြီး ရောက်လာသေးသကွဲ့။ ကုန်းဘောင်စာအုပ်ကြီး ရေးနေဆိုသကွဲ့။ သူနဲ့အတူအထောက်တော်မင်းအောင်ဆိုလား ..တ‌ယောက်လဲ ပါလာသေးသကွဲ့ ” လို့ တခုတ်တရ ပြန်ပြောပြတာ မှတ်မိနေပါသေးတယ်။ အကျဉ်းရုံးပြီးဆိုရရင် ရွှေဘို နဲ့ခပ်ကပ်ကပ်လေးပဲရှိတဲ့ ရွှေဘို-မန္တလေးကားလမ်းဘေးတဝိုက်ကရွာတွေဟာ ရွှေဘိုတောင်လက်နယ်။ ဒါပေမဲ့ ဒီဘက်ခေတ်တွေမှာတော့ ရွှေဘိုတောင်တံခါးကအထွက် ‘တဂဏန်း’ နဲ့ ‘ဘုန်းဘွဲ့’ လောက်ကိုသာ ရွှေဘိုမြို့နယ်ထဲ ထည့်ထားပြီး၊ စိုင်နိုင်လေး၊ စိုင်နိုင်ကြီး၊ သားနား၊ မောက်ကျိုး၊ ရေထွက်ကနေ  ရွှေကျင်၊ လှတော၊ ပင်ဇင်း၊ မန်ကျည်းတုံတို့အပါ၊ ရွှေဘိုတောင်လက်တခုလုံးနီးပါးဟာ ဝက်လက်နယ်ထဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။ စိုင်နိုင်ကြီးနဲ့သား နားအကြားက စိုင်နိုင်ကွေ့ဆိုတာကနေ အရှေ့ဖက်ဆီ တက်သွားရင် ကျေးသီးကုန်း၊ ရင်းတော ..ဆိုတာကနေ ဟန်လင်းကြီးကိုပါ ဝက်လက်နယ်ထဲ ထည့်ထားပါတယ်။ ‘ဟန်လင်းကြီး’ ဆိုတာ ဟန်လင်းကြီးပျူခေတ်ရဲ့ ရှေးဟောင်းမြို့တော်လေ။ ဒီရွှေဘို-မန္တလေးကားလမ်းမကြီးကိုပဲ အကြမ်းဖျင်းအားဖြင့် အလယ်ထားပြီး ကြည့်လိုက်မယ်ဆိုရင် အနောက်ခြမ်းထဲမှာက မင်းကျီရွာ၊ ကျောက်တိုင်၊ မျက်နှာပန်း၊ သမန်သာ၊ ဇွန်တဲကုန်း-စတဲ့ စတဲ့ရွာတွေ ရှိနေပြီး၊ အရှေ့ဖက်ဆီမှာက သစ်ဆိမ့်ကြီးတို့၊ အရှင်ဇနာကာဘိဝံသရဲ့မွေးရာ သရိုင်၊ မင်းကုန်း တို့တွေအထိ ရှိနေပါတယ်။ ဒီပဲယင်းနယ်နဲ့အစပ် ဝက်လက်နယ်ထဲမှာလဲ လက်ကောက်ကျ၊ ဆည်ကြီး၊ ဂွေးကုန်း၊ သဲကျွန်း.. စတဲ့ ရွာတွေ ပါနေဟန်တူပြီး၊ ကံကြီး၊ ငပိအိုး၊ ရွာသစ်ကုန်း၊ ထုံးဘိုကုန်း၊ ချောင်းမီးတို... စတဲ့ စတဲ့ ရွာတွေ အများအပြားရှိနေပါတယ်။

     ကျွန်တော် ရန်ကုန်ကိုရောက်တဲ့အချိန်၊ လွန်ခဲ့တဲ့ နှစ် (၅၀) ဝန်းကျင်လောက်ကတော့ ရန်ကုန်မြို့တော်ကြီးပေါ်မှာ ‘ရွှေဘိုအသင်း’ ဆိုတာ ရှိပါတယ်။ အဲဒီ ‘ ရွှေဘိုအသင်း’ ကြီးထဲမှာ ရွှေဘို ၊ ဝက်လက်၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူ စတဲ့ မြို့နယ် (၈) ခုအတွင်းကလူတွေ (ရန်ကုန်ရောက် ခြေချနေထိုင် လုပ်ကိုင်လှုပ်ရှားနေကြသူတွေ) ကျားမမရွေး ပါဝင်နိုင်ခွင့်ရှိပါတယ်။ ‘ရွှေဘိုအသင်း’ ဆိုတဲ့ ထီးရိပ်အောက်မှာ အဲဒီ (၈) မြို့နယ်လုံး အကျုံးဝင်တည်ရှိနေပါတယ်။ သည့်အရင် သည့်အရင်ကလဲ ဒီနယ်ဒီဒေသတွေအားလုံးကို အကြမ်းဖျင်းအားဖြင့် ‘ရွှေဘို စီရင်စု’ လို့ပဲ ခေါ်ခဲ့ကြတယ်မဟုတ်လား။ ဥပမာအားဖြင့် လယ်တီဆရာတော်ဘုရားကြီးကိုဆိုရင် ရွှေဘိုစီရင်စု ၊ ဒီပဲယင်းနယ် စိုင်ပြင်ရွာဖွား..။ ဆရာစံကိုဆိုရင်- ရွှေဘိုစီရင်စု- ဒီပဲယင်းနယ်- သရက်ကန်အရှေ့ရွာဇာတိ..လို့တရားဝင်ရေးသားဖေါ်ပြ အမှတ်အသားပြုခဲ့ကြပါတယ်။ (ဒီဘက်ကာလ နအဖစစ်အစိုးရခေတ်မှာတော့ ကန့်ဘလူခရိုင်ဆိုပြီး ခွဲထုတ်ပစ်လိုက်တော့ ကျွန်းလှတို့ဘာတို့ဟာ ရွှေဘိုနယ်ထဲမှာ ရှိတော့ဟန်မတူပါ။) 

၂၀၂၁ မှာ- နွေဦးတော်လှန်ရေးကြီး ထစ်ချုန်းမြည်ဟည်း ပေါ်ထွက်လာချိန်မှာတော့ ဒီရပ် ဒီနယ် ဒီမြေတလွှားက အညာသားတွေရဲ့သတ္တိမာန်ဟာ ခုခံစစ်နဲ့အတူ တလူလူပေါ်ထွက်လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးကို ခါးခါးသည်းသည်း တွန်းလှန်ဆန့်ကျင် တိုက်ပွဲဆင်ကြတဲ့အခါမှာ ကျွန်တော်တို့ရဲ့စစ်ကိုင်းတိုင်းဟာ ရှေ့ဆုံးတန်းက ပါဝင်လာခဲ့သလို၊ ကျွန်တော်တို့ရဲ့ ရွှေဘိုနယ် ရွှေဘိုစီရင်စုတခွင်က ပြည်သူ့ဘက်တော်သားများရဲ့ ခေါင်းငုံ့မခံ တော်လှန်သံတွေဟာလဲ တခန်းတကဏ္ဍကနေ အချိန်နဲ့တပြေးညီစွာ ထွက်ပေါ်လာတာ ကြားရပါတယ်။ အဝေးရောက်နိုင်ငံရေးသမားတယောက်အနေနဲ့ အဝေးကနေပဲ ဦးညွှတ်ရင်ခုန်နေခဲ့ရပါတယ်။ ဒါတွေ ဒါတွေဟာ သမိုင်းတကွေ့မှာ မမှိုင်းမမေ့ရအောင် မှတ်တမ်းတင်ထားရမှာတွေ ဖြစ်ပါတယ်။ 
     ဒီလှုပ်ရှားသံ ဒီလှုပ်ရှားသံတွေကြားထဲမှာ ‘ဗိုလ်သံမဏိ’  ‘ ဗိုလ်သံ မဏိ’ ဆိုတဲ့အသံကိုလဲ ကာလတခုမှာ ဟိုက သည်က ကြားလာရပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းထဲမှာပဲ ယင်းမာပင်နယ်က ‘ဗိုလ်သံမဏိ’ ဆိုတာနဲ့ရွှေဘိုနယ်က ‘ဗိုလ်သံမဏိ’ ဆိုပြီး ‘ဗိုလ်သံမဏိ’ နှစ်သံတောင် ကြားလာရပါတယ်။ ယင်းမာပင်နယ်က ဗိုလ်သံမဏိကတော့ သပြေအေးဆရာတော်ဟောင်း၊ ရွှေဝါရောင် ‘ရှင်သောပါက’ (တဖြစ်လဲ) ဗိုလ်သံမဏိဖြစ်နေတာ ပထမဆုံးကြားသိလာရချိန်အထိ၊ ကျွန်တော့်ဇာတိနယ်က ရွှေဘိုနယ်က ဗိုလ်သံမဏိကတော့ ဘယ်သူလဲ ဆိုတာ ကျွန်တော် သဲသဲ ကွဲကွဲမသိခဲ့ပါ။ ရွှေဘိုနယ်ဟာ ကျွန်တော့်ဇာတိနယ်ပေမဲ့၊ ဗိုလ်သံမဏိဟာ ဘယ်သူလဲဆိုတာ တခါမှ စူး စမ်းစပ်စုခဲ့ခြင်းလဲ မရှိပါ။ ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့ခံယူထားတဲ့နိုင်ငံရေးကျင့်ဝတ်နီတိများအရ၊ မသက် ဆိုင်တာ မလိုအပ်တာတွေအပေါ် စူးစမ်းလေ့လာ စပ်စုလိုခြင်းမရှိခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီဗိုလ်သံမဏိဟာ ရွှေဘိုနယ်ထဲက ‘ဗိုလ်သံမဏိ’ ဟာ ‘မောင်မောင်’ ဖြစ်နေမှန်း ကျွန်တော်ကောင်းစွာသိလိုက်ရချိန်မှာတော့ ‘ဗိုလ်သံမဏိ’ ဟာ  ‘မောင်မောင်’၊ မောင်မောင်ဟာ ဗိုလ်သံမဏိ ဆိုတာ သိရှိလိုက်ရချိန်မှာတော့ ကျွန်တော့်နှလုံးအိမ်ထဲက သွေးခုန်သံဟာ ပဲ့တင်ညံနေခဲ့ပါပြီ ။

               ( ၂ ) 

        ရွှေဘို ဝက်လက်မြို့နယ်ထဲက ‘ချောင်းမီးတို တိုက်ပွဲ’ အတွင်း၊ ဗိုလ်သံမဏိကျဆုံးသွားရခြင်းသတင်းနဲ့အတူ၊ အဲဒီ ‘ဗိုလ်သံမဏိ’ ဟာ ‘မောင်မောင်’ မှ ‘မောင်မောင်’ ဖြစ်နေတာ မလွဲနိုင်အောင် ရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့အခါမှာတော့ ကျွန်တော့်ရင်ထဲ ကြေကြေကွဲကွဲ ခံစားလိုက်ရပါတယ်။ တကယ်ကို ဆို့ဆို့နင့်နင့် ထိထိခိုက်ခိုက်ခံစားလိုက်ရပါတယ်။
      ၂၀၂၂ ဇွန်လ (၈) ရက်နေ့က ရွှေဘို့တောင်ဘက် ရွှေဘိုနဲ့ဝက်လက်အစပ်က ရွာတွေကို ( ရွာတွေ မီးရှို့၊ လူတွေ ဖမ်းဆီး၊ ပစ္စည်းတွေ လုယက်ကာ) ဆက်တိုက်နယ်မြေရှင်းလင်းရေးဆိုတာတွေလုပ်လာနေတဲ့ဖက်ဆစ်လူရမ်းကားစစ်ကြောင်းတကြောင်းဟာ ဖွတ်လှိုင်း ( ဖွံ့လှိုင်းရွာ)မှာ လူငယ်တဦးကိုပစ်သတ်သွားခဲ့ပြီး၊ ဖွတ်လှိုင်း(ဖွံ့လှိုင်း)ကနေတဆင့် ဝက်လက်နယ်ထဲဝင်လာနေပြီဆိုတဲ့သတင်းတွေကို မီဒီယာတွေကတဆင့် ကြားသိနေခဲ့ရရင်း၊ ဒီပဲယင်း၊ ခင်ဦး နဲ့ရေဦးဒေသတွေမှာလဲ စစ်တပ်က ဝင်ရောက်စီးနင်းအကြမ်းဖက်ပြနေတာတွေကိုပါ ဆက်တိုက်ကြားနေရပြီး ရင်ထဲမှာ အဆက် မပြတ်ခံပြင်း နာကျင်နေရဆဲမှာပဲ၊ ဇွန်လ (၉) ရက်နေ့ ညနေပိုင်းမှာတော့ ဝက်လက်နယ်ထဲက ချောင်းမီးတိုတိုက်ပွဲအတွင်းမှာ ‘ ဗိုလ်သံမဏိ ကျဆုံးသွားရပြီ ...’ ဆိုတဲ့သတင်းကိုပါ ဆက်တိုက်လိုလို ထပ်မံကြားသိလိုက်ရတာဖြစ်ပါတယ်။ ဘယ်ဘက်က ဝင်လာတဲ့ ဖက်ဆစ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလဲဆိုတာတော့ ကျွန်တော်မသိ၊ ချောင်းမီးတိုတိုက်ပွဲမှာ ကျဆုံးသွားရတဲ့ ဗိုလ်သံမဏိကတော့ ကျွန်တော်တို့တွေရဲ့ ‘မောင်မောင်’ ဖြစ်နေတာကို အဲဒီတရက် နှစ်ရက်အတွင်းမှာကို ခပ်သဲ့သဲ့ ကြားသိနေခဲ့ရပြီ ဖြစ်ပါတယ်။ တဆက်တည်းဆိုသလို- ဓါတ်ပုံတွေနဲ့ပါ သတင်းတွေသတင်းတွေ အခိုင်အမာတက်လာတော့ ‘မောင်မောင် မှ မောင်မောင်’ ဖြစ်နေတာ ကြေကွဲစရာ (မလွဲနိုင်စွာ) တွေ့လိုက်ရပါလေပြီ။ ခေါင်းမွှေးတွေ ဖြူ၊ နှုတ်ခမ်းမွှေးနဲ့မုတ်ဆိတ်မွှေး ထူလဗျစ်တွေပါ တဖြူဖြူ တလူလူကြားကနေ မဲနက်ထူထဲလှတဲ့ မျက်ခုံးအစုံနဲ့ မျက်ဝန်းညို့ညို့ မောင်မောင်ရဲ့မျက်နှာဟာ “ နွေဦးတော်လှန်ရေးကြီးထဲမှာ ကျွန်တော်တော့ တာဝန်ကျေခဲ့ပါပြီ..” လို့လဲ လှမ်းပြောနေသယောင် ခံစားလိုက်ရပါတယ်။ သူ့ရဲ့သက်မဲ့ခန္ဓာဘေးမှာ သူနဲ့အတူ ဒီတိုက်ပွဲအတွင်းမှာပဲ အသက်ပေးသွားကြရှာတဲ့ သူ့ရဲ့ရဲဘော်လေး (၂) ယောက်ရဲ့ ရုပ်ကလာပ်တွေပါ အတူတူတန်းစီရိုက်ပြထားတဲ့ ( သူတို့သုံးဦးသားရဲ့ နောက်ဆုံးရုပ်ကလာပ်ဓာတ်ပုံလေး) ကလဲ တကယ်ကို ဆို့နင့်ဖွယ်ဖြစ်ပါတယ်။ မုတ်ဆိတ်မွှေးဖြူဖြူ၊ နှုတ်ခမ်းမွှေးနဲ့ပါးသိုင်းမွှေးဖြူဖြူတွေကလဲ အပြည့်၊ ပြောက်ကျားဝတ်စုံ စစ်ဝတ်စုံအပြည့်နဲ့ မောင်မောင်တဦးတည်း ခပ်တောင့်တောင့် ခပ်တည်တည်ရပ်နေတဲ့ သူ့ရဲ့ဓာတ်ပုံလေးကတော့ သူဟာ ပြောက်ကျား၊ သူဟာ တော်လှန်ရေးသမားဆိုတာ အတိုင်းသားဖော်ပြနေဘိသကဲ့သို့ခံစားလိုက်ရပါတယ်။

     အဲဒီဓာတ်ပုံတွေ  အဲဒီဓာတ်ပုံတွေရဲ့နောက်မှာတော့ ကျွန်တော့်ရင်ထဲ ရစ်ဝဲခိုဝင်လာတဲ့ မောင်မောင်ရဲ့ရုပ်ပုံတချို့ဟာလဲ ကြိုတင်စဉ်းစားထားရခြင်းမရှိပါဘဲ အလိုအလျောက် ဖျတ်ခနဲ ဖျတ်ခနဲ စီးဝင်လာခဲ့ပါလေတယ်။ ဓာတ်ပုံမဟုတ်ဘဲ၊ အာရုံထဲ ရစ်ဝဲစီးဝင်လာခဲ့တဲ့ ရုပ်ပုံလွှာလေးတွေ ..လို့ဆိုရပါလိမ့်မယ်။

ကျွန်တော့်ရင်ထဲ ပထမဆုံးစီးဝင်လာခဲ့တဲ့ မောင်မောင်ရဲ့ပုံရိပ်တခုက တော့ ဖခင်ဖြစ်သူ ရခိုင်ဦးကျော်မြ (ရဲဘော်ကျော်မြ )ရဲ့ အရိုးပြာအိုးသေတ္တာလေးကို ရင်ခွင်ထဲမှာ လက်နှစ်ဖက်နဲ့ပိုက်ပြီး၊ ဖြေးလေးလှတဲ့ ခြေလှမ်းတွေနဲ့တလှမ်းချင်း တလှမ်းချင်း လှမ်းဝင်လာနေတဲ့ မောင်မောင်ရဲ့ရုပ်ပုံလေးပါပဲ။ သူ လေးလေးမြတ်မြတ်သယ်ဆောင်လာတဲ့၊ သူ့ရင်ခွင်ထဲက ပြာအိုးသေတ္တာလေးပေါ်မှာ လေးစားအပ်တဲ့ ရခိုင်ဦးကျော်မြ ( ရဲဘော်ကျော်မြ ) ရဲ့ အဖြူအမည်းဓာတ်ပုံလေးကလဲ အသင့်ကပ်ထားလျက်သား အနေအထားနဲ့ပါလာခဲ့ပါတယ်။ အရိုးပြာအိုးသေတ္တာလေးပေါ်က တည်ကြည်လှတဲ့ ဦးကျော်မြရဲ့ဓာတ်ပုံလေးဟာ ဗမာပြည်ဆီ ဦးတည်စီးဆင်းနေတဲ့ ရွှေလီမြစ်ရဲ့ မြစ်ဘေးတနေရာကနေ အသင့်စောင့်ကြိုနေကြတဲ့ ကျွန်တော်တို့တွေကို နောက်ဆုံးသောနှုတ်ဆက်ကြည့်နဲ့ လှမ်းလင့်ကြည့်နေသယောင် ခံစားလိုက်ရပါတယ်။ ၂၀၀၅ ဧပြီလ (၂၁) ရက်နေ့မှာ ကွယ်လွန်သွားရရှာတဲ့ ရဲဘော်ကြီးဦးကျော်မြရဲ့အရိုးပြာတွေဟာ တဦးတည်းသောသားဖြစ်သူ မောင်မောင်ကိုယ် တိုင်ရဲ့ ဂရုတစိုက်သယ်ဆောင်လာမှုကြောင့် ( ပြာကျပြီး ရက်ပိုင်းအတွင်းမှာပဲ ) ရွှေလီမြစ်ရဲ့ မြစ် ကမ်းပါးတနေရာအထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဦးကျော်မြရဲ့သားသမီးတွေထဲမှာ သားအဖြစ်က ‘မောင်မောင်’ တဦးတည်းဖြစ်တာကြောင့် တဦးတည်းသောသားလို့ ဆိုလိုက်ရတာပါ။ ကျန်တာတွေက သမီးတွေချည်းပါ။ ဦးကျော်မြရဲ့အရိုးပြာတွေကို အမိဗမာပြည်ထဲဆီ ရောက်ရှိစေရေး ရည် ရွယ်ချက်နဲ့နောက်ဆုံးနှုတ်ဆက် ရေမျှောရာမှာ ရွှေလီမြစ်ကြီးကိုယ်တိုင်ဟာလဲ တကယ်ကိုလွမ်းမောစရာဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အရိုးပြာစတွေ မြစ်ရေစီးကြောင်းနဲ့အတူ တရွေ့ရွေ့မျောပါသွားတာကို ရင်လှိုင်းခုန်စွာ ငေးမောကြည့်နေမိရင်း၊ “ ရွှေလီရေ… အာဇာနည်ကြီးကို ကြိုဆိုရင်း အမိနိုင်ငံအတွင်းဆီ ခေါ်သွားပါ၊ သင့်ရေစီးသံနဲ့အတူ လှိုင်းသံပေးပြီး ခေါ်သွားပါ ” လို့လဲ စိတ်ထဲမှာ အတွေးရေယဉ် တသွင်သွင်တွေ ဝင်လာနေမိရင်း၊ စိတ်ကူးရုပ်ပုံ နိမိတ်ပုံတွေဟာ ကျွန်တော့်ရင်ထဲ ကဗျာလှိုင်းတွေအဖြစ် တရိပ်ရိပ်ဝင်လာနေခဲ့ပါတယ်။ ဒါကြောင့်  ကျွန်တော်ဟာ ‘ ရွှေလီရေ … ’  ‘ ရွှေလီရေ…’ လို့ တမ်းတမ်းမက်မက် အစချီ မြည်ကြွေးလိုက်သံအပြည့်နဲ့ကဗျာလေးကို ညမဆိုင်းပဲ စတင်ရေးဖွဲ့မိပါတယ်။ ကဗျာရှည်ကြီးတခုလုံးမှ အပိုဒ်ပေါင်းက (၁၀) ပိုဒ်ပဲ ပါဝင်ရာမှာ ‘ ရွှေလီရေ…’ ‘ ရွှေလီရေ... နဲ့ အစချီ တမ်းခေါ် မြည်ကြွေးလိုက်တဲ့အပိုဒ်လေးတွေကချည်း (၅) ပိုဒ်တောင် ပါဝင်နေခဲ့ပါတယ်။ ဦးကျော်မြအထိမ်းအမှတ်အမှတ်တရအဖြစ် အဲဒီကဗျာလေးကို (၃) ရက်ကြာမျှ စိတ်ကြိုက်အချိန်ယူဖွဲ့သီပြီးတဲ့အခါမှာတော့ ကျွန်တော်က ‘ ဦးညွှတ်ကြပါတော့  ’ လို့ပဲ ခေါင်းစီးတင်ခဲ့ပါတယ်။
     အဲဒီ ‘ ဦးညွှတ်ကြပါတော့ ’ လို့ ခေါင်းစီးတင်ထားတဲ့ ကျွန်တော့်ကဗျာလေးကို ကျွန်တော့်ဆီ ကိုယ်တိုင်ကိုယ်ကျ လာယူသူကလဲ ‘မောင်မောင်’ ပဲ ဖြစ်နေပြန်ရာ၊ အဲဒီတုန်းက မောင်မောင်တယောက် ကျွန်တော့်အိမ်ခန်းလေးထဲအထိ ရောက်ရှိလာပုံဟာလဲ ကျွန်တော့်အတွက်တော့ တကယ်ကိုအမှတ်ရစရာ ရုပ်ပုံတခုပါပဲ။ 
     လက်ရေးနဲ့ပဲ ရေးထားရသေးတဲ့ အဲဒီကဗျာလေးကို ကျွန်တော့်အိမ်က ကျွန်တော့်ကွန်ပြူတာမှာ သူက သူကိုယ်တိုင်ပဲ သေသေချာချာ ဂရုတစိုက်နဲ့စာရိုက် စာကူးယူတာ လုပ်ပါတယ်။ 
     “ မောင်မောင်ရေ… ကဗျာကို သတ်ပုံကအစ၊ စာလုံး အဖြတ်အတောက်အထားအသိုကအစ သေချာလေးကြည့်ပြီး ရိုက်ပါကွာ။ ကဗျာက စကားပြေနဲ့ မတူဘူး ကွ။ ကဗျာစာသား စကားလုံးလေးတွေရဲ့နောက်ကထည့်ထားတဲ့ အစက်..အစက်ကလေးတွေ၊ ပုဒ်ထီး ပုဒ်မ ချထားတာလေးတွေကအစ အရေးကြီးတယ်ကွ။ အောက်ကမြစ်ကလေးတလုံးကအစ ကဗျာရဲ့စီးဆင်းမှုကို အကြီး အကျယ်သက်ရောက်နိုင်တယ်။ ငါက ‘ ရွှေလီရေ…’  ‘ ရွှေလီရေ…’ ရေးလိုက်တာကိုက ‘ ရေ…’ ဆိုတဲ့အသံဟာ ဘယ်တော့မှ အဆုံးမသတ်တော့ဘဲ၊ ပဲ့တင်သွေးနေစေချင်လို့ ရေးလိုက်တာကွ” လို့ ကျွန်တော်က သူ့ကို ပြောလိုက်မိလေတော့ သူက သူ့ရဲ့မျက်ခုံးထူထူကြီးအောက်က မျက်လုံးအစုံကို ကလေးကြီးတယောက်နှယ် တချက်နှစ်ချက် ပုတ်လိုက်သေးပြီး၊ “ ဟာ.. စိတ်ချ စိတ်ချ ဦးလေး၊ ကျွန်တော် တလုံးမှမမှားရအောင် ဂရုစိုက် ရိုက်ပါ့မယ်..” လို့အဖြေပေးရှာရင်း၊ တကယ်ကို လက်ရေးစာကိုကြည့်လိုက် ကွန်ပြူတာမျက်နှာပြင်ပေါ်ကြည့်လိုက်နဲ့ တလုံးချင်း တလုံးချင်း စာရိုက်ခြင်းကို ပြုပါတယ်။ တကယ်က သူဟာ ကွန်ပြူတာစာစီစာရိုက် အင်မတန်ကျွမ်းကျင် မြန် ဆန်သူပေမဲ့၊ ‘ ဦးညွှတ်ကြပါတော့  ’ ဆိုတဲ့ ဒီကဗျာလေးကို ရိုက်ကူးရာမှာတော့ အချိန်ပေးပြီး အေးအေးဆေးဆေး ရိုက်ယူသွားခဲ့ပါတယ်။ သူ့ဖခင်ဦးကျော်မြအထိမ်းအမှတ်တခုအဖြစ် ဦးကျော်မြရဲ့ဓာတ်ပုံလေးကို မျက်နှာဖုံးအဖြစ်ထားပြီး၊ ဒီကဗျာရှည်လေးတပုဒ်တည်းကိုပဲ သုံးခေါက်ချိုးလက်ကမ်းစာ ရွက် (ပန်းဖလက်) လေးအဖြစ် သူကိုယ်တိုင်ပဲ လုပ်ဆောင်သွားခဲ့ပါလေတယ်။

     နောက်ပိုင်းမှာလဲ သူ့ကို ဟိုနားတွေ့လိုက် သည်နားတွေ့လိုက်နဲ့ မကြာ ခဏဆိုသလို တွေ့နေ မြင်နေရရုံမက၊ သူနဲ့ပတ်သက်တဲ့ လူမှုရေးဆိုင်ရာကိစ္စလေးတွေတချို့မှာတောင် ကျွန်တော်ဟာ မလွှဲ သာ မရှောင်သာ ပါဝင်ပတ်သက်ပြောဆိုခဲ့ရတာလေးတွေလဲ ရှိခဲ့ပါတယ်။ သူ ကျူရှင်ပြတော့ ကျွန်တော့်ဆီက စာအုပ်တအုပ်ကို ကျွန်တော့်ဇနီးသည်ကိုကျိုးအကြောင်းပြောပြီး ငှားယူ ကူးယူတာမျိုးလဲ ရှိခဲ့ဖူးသလို၊ သူ ကျောက်စိမ်းလက် ကောက်လေးတွေ ရောင်းနေတာ၊ သူ ကလေးတယောက်ဖခင် ဖြစ်လာတာ၊ သူ ဘက်ထရီကားဝါ သေးသေးလေးနဲ့ဖြစ်နေတာတွေအထိ သူ့ရဲ့ရုပ်ပုံလွှာလေးတွေ ရုပ်ပုံလွှာလေးတွေဟာ ကျွန်တော့်ရဲ့အာရုံမှန်သားပြင်ရှေ့မှာ ဖျတ်ခနဲ ဖျတ်ခနဲ တွေ့နေခဲ့ရပါလေတယ်။ အခုတော့ ...

                 ( ၃ ) 

       ဗိုလ်သံမဏိ (ခေါ်) မောင်မောင်တယောက် သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ပါပြီ ။ သူဟာ အဖေရခိုင်၊ အမေ ရခိုင် ဖြစ်ရုံမက ရခိုင်မှာမွေး၊ရခိုင်သွေးအပြည့်နဲ့လူတယောက်ဖြစ်ခဲ့ပေမဲ့၊ သူ သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့တာက ရွှေဘိုနယ် ရွှေဘိုမြေ..။ ရွှေဘိုတောင်လက်၊ ဝက်လက်နယ်မြေ..။ ဒီပဲယင်းနဲ့ ဝက်လက်အစပ် နယ်မြေ..တဲ့။ ဗိုလ်သံမဏိ (ခေါ်) မောင်မောင်ဟာ ရွှေဘိုကာကွယ်ရေးတပ်ဖွဲ့ ( SBDF ) ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို ကျရာနေရာ ရောက်ရာအရပ်ကနေ ဦးစီးပါဝင် တိုက်ခိုက်ခဲ့ရာမှာ ရွှေဘိုအရှေ့ခြမ်းတလျောက်မှာလဲ လူသိများခဲ့ သြဇာရှိခဲ့တဲ့သူ.. တဲ့။ 

အင်မတန်လူမျိုးစွဲကြီးလှတဲ့ ရခိုင်တွေအများအပြားကြားမှာ သူ့ဖခင် ရခိုင်ဦးကျော်မြ ( ရဲဘော်ကျော်မြ) ဟာ ကျဉ်းမြောင်းလွန်းတဲ့ အမျိုးသားရေးဝါဒ၊ လူမျိုးရေးဝါဒကို ဆန့်ကျင်ကာ၊ နိုင်ငံ တကာဝါဒကိုပဲ ဆုပ်ကိုင်ပြီး၊ နိုင်ငံတကာ့ဝါဒီတယောက်၊ တကယ့်တော်လှန်ရေးသမားတယောက်အဖြစ် ခိုင်ခိုင်မာမာရပ်တည်ဖော်ပြသွားခဲ့သလို၊ ဦးကျော်မြ ရဲ့တဦးတည်းသောသား ဖြစ်တဲ့ မောင်မောင်ဟာလဲ နွေဦးတော်လှန်ရေးကြီးအတွင်း ခြေစုံပစ် ဝင်ရောက်ခဲ့ကာ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးကို အသက်ပေးဆင်နွဲခဲ့ရာမှာ ရခိုင်မြေ ရခိုင်ဒေသမှာ ရခိုင်တယောက်အဖြစ် အခြေမခံဘဲ၊ ကျွန်တော်တို့ရဲ့အညာဒေသ ရွှေဘိုမြေကိုမှ လာရောက်အခြေခံရင်း၊ ဖအေတူသားအဖြစ် ဖော် ပြသွားခဲ့တယ်လို့ပဲ ရှုမြင်လိုက်မိပါတယ်။ မောင်မောင် (ခေါ်) ဗိုလ်သံမဏိဟာ ရွှေဘို SBDF ရဲ့ခေါင်းဆောင်တဦးအဖြစ် ရပ်တည်လှုပ်ရှားသွားခဲ့ရင်း၊ တကယ့်တော်လှန်ရေးသမားတဦး အဖြစ်
နောက်ဆုံးထွက်သက်အထိ ရဲရဲရင့်ရင့် ဖေါ်ပြသွားခဲ့တယ် မဟုတ်လား။

ဦးကျော်မြ (ရဲဘော်ကျော်မြ )ကွယ်လွန်ဆုံးပါးသွားရချိန် ၂၀၀၅ ဧပြီလထဲတုန်းက ကျွန်တော်က ဦးကျော်မြအထိမ်းအမှတ်အဖြစ်  ‘ ဦးညွှတ်ကြပါတော့ ’ ဆိုတဲ့ကဗျာကို ရေးဖွဲ့ခဲ့ရာမှာ၊ အဲဒီထဲမှာ ... 

          ‘ ဘယ်နှနိုင်ငံ ရောက်ရောက် 
           ရခိုင်သံ မပျောက်တဲ့ ရခိုင်ပ 
            ( ဒါပေမဲ့ … )
            နိုင်ငံတကာ့ဝါဒကို ဆုပ်ကိုင် 
            တနိုင်ငံလုံးအပေါ် ချစ်မြတ်
              ပြည်ချစ်စိတ်ဓာတ်ကို တံခွန်ထူ
            အဖိနှိပ်ခံပြည်သူအားလုံးရဲ ့ဘက်တော်သား ’ 
        ... လို့လဲ ဖွဲ့သီခဲ့ဖူးပါတယ်။ လေးလေးနက်နက် ဖွဲ့သီခဲ့ဖူးပါတယ်။ 
        အခုတော့ .. ဗိုလ်သံမဏိ (ခေါ်) မောင်မောင်ကိုကော ...? 

        ကျွန်တော် ဘယ်လို အမှတ်အသားပြုရပါ့မလဲ။ ဘယ်လို ရေးသားရပါ့မလဲ။ 

         မောင်မောင်ရဲ့အားကောင်းချက်တွေကို ကျွန်တော်ထိုက်အလျောက်သိရှိနေခဲ့ပြီး ဖြစ်သလို၊ မောင်မောင်ရဲ့အားနည်းချက်တွေတချို့ကိုလဲ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေအပေါ်မှာ မလွှဲ သာမရှောင်သာ အတိုင်းအတာတခုအထိ ကျွန်တော် သိရှိခဲ့ပြီး ဖြစ်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ‘တသက်တာမှတ်တမ်း’ စာအုပ်ကြီးထဲက ဆရာဒဂုန်တာရာနဲ့ပတ်သက်ပြီး ရေးသားထားချက်တခုဖြစ်တဲ့ “ လူတယောက်ရဲ့အရည်အသွေးပြည့်ဝခြင်းကို တွေ့ရသည့်အခါ၊ သူ၏ အခြားသော ချို့ငဲ့ချက်များကိုခွင့်လွှတ်နိုင်ခြင်းမှာ ကျွန်ုပ်၏ ချွို့ယွင်းချက်ပင်လော သို့တည်း မဟုတ် ကောင်းခြင်းတရပ်ပင်လော မပြောတတ်ပါ ” ဆိုတဲ့ရေးသားဖော်ပြချက် ကောက် ချက်လေးကိုလဲ ကြံကြံဖန်ဖန်သတိရမိနေပြန်ပါတယ်။ မောင်မောင်တယောက် အခုလို သူရဲကောင်းပီသစွာ အသက်စွန့်လွှတ်သွားခဲ့ပြီဆိုတဲ့အခါမှာတော့ သူ့ရဲ့အားနည်းချက်တွေဟာ သာမညဖြစ်သွားခဲ့ပြီး၊ သူ့ရဲ့အားကောင်းချက်တွေသာ အဓိကအဖြစ်၊ ကျွန်တော့်ရင်ထဲ လင်းလက်ပီသလာခဲ့ပါတယ်။

                 ( ၄ ) 

        ဘာပဲဖြစ်ဖြစ် အခုတော့ မောင်မောင်ကို ကျွန်တော် အမှတ်တရ ပြုရပါတော့မယ်။
         သူ့ရဲ့ သူရဲကောင်းပီသစွာ ကျဆုံးသွားရခြင်းအပေါ်၊ အများအကျိုး စီးပွားအတွက် ကိုယ်ကျိုးစီးပွားမှန်သမျှကို ပိုင်းဖြတ်ချက်ရှိရှိ စွန့်လွှတ်သွားခြင်းအပေါ်၊ ကျွန်တော် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပါတယ်။
ဆရာဗန်းမော်တင်အောင်ကွယ်လွန်စဉ်က (ဦး) မြသန်းတင့်က အမှတ် တရဆောင်းပါးတပုဒ်ကို ရေးဖွဲ့ခဲ့ရာမှာ ဥရောပက တကယ့်ကဗျာဆရာကြီးတဦးရဲ့ကဗျာပိုဒ်လေးတခုဖြစ်တဲ့ “ မြေဝသုန်ရေ .. ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တော်ကြီးကို ကြိုဆိုလိုက်ပါတော့.. ” ဆိုတဲ့ အပိုဒ်လေးနဲ့ကိုးကားဖော်ပြ ဖွဲ့ဆိုလိုက်သံကိုလဲ အသစ်တဖန် ပြန်လည်ကြားယောင်လာပါတယ်။ { ကဗျာဆရာ ဝီလျံ ယိတ်စ် ကွယ်လွန်တော့.. ကဗျာဆရာကြီးအော်ဒင်က အဲသလိုလွမ်းမောစရာဖွဲ့ခဲ့တာပါ။] အဲဒီနောက်- အဲဒီနောက်မောင်မောင်ရဲ့ဖခင် ဦးကျော်မြ (ရဲဘော်ကျော်မြ ) ကွယ်လွန်တော့၊ အရိုးပြာတွေ မျှောရာမှအပြန် ပဲ့တင်ညံအောင်စီးဝင် စီးမျောလာခဲ့တဲ့၊ “ရွှေလီရေ…မောမြေကို ဖြတ်သန်းစဉ် .. မောမြေတခွင်ကိုလဲ ပြောလိုက်ပါ ” “ ရွှေလီရေ… ဧရာဝတီနဲ့ဆုံတဲ့အခါ.. အရိုးပြာစတွေကို လက်ဆင့်ကမ်း၊ ခွန်းဆင့်မှာတမ်းလေးလဲ ပြောလိုက်ပါ” စသဖြင့် စသဖြင့်.. ‘ ရွှေလီရေ..’ ‘ရွှေလီရေ..’ နဲ့ တမ်းခေါ် ဟစ်ကြွေးလိုက်မိတဲ့၊ ကျွန်တော်ကိုယ်တိုင်ရဲ့ကဗျာလေးထဲက ကဗျာပိုဒ်လေးတွေကိုလဲ အသစ်တဖန် တကျော့ပြန် တကျော့ပြန် ထပ်မံကြားယောင်လာပါတယ်။ အဲဒီတော့.. ‘ ရွှေလီရေ..’ ‘ရွှေလီရေ…’ နဲ့ လွမ်းလွမ်းမြမြ မှတ်မှတ်ရရ ဖွဲ့ဆိုခဲ့ဖူးတဲ့ ကျွန်တော်ဟာ အခုတော့ မောင်မောင် ကိုယ်တိုင်၊ ဗိုလ်သံမဏိ (ခေါ်) မောင်မောင်ကိုယ်တိုင်၊ ရွှေဘို SBDF ရဲ့ခေါင်းဆောင်အဖြစ်၊ ရွှေဘိုနယ်မြေထဲမှာ သူရဲကောင်းကောင်းပီသစွာ အသက်ပေးသွားခဲ့ရပြီ ဆိုတော့...
     ‘ ရွှေ ဘို မြေရေ … ဗိုလ်သံမဏိ ကို ဂုဏ်ပြု ကြိုဆိုလိုက်ပါတော့ - ’ 
       ‘ ရွှေ ဘို မြေရေ … ဗိုလ်သံမဏိကို ထာဝရသာ ဂုဏ်ပြု ကြိုဆိုလိုက်ပါတော့-’ 
     လို့ပဲ ဟစ်ကြွေး မြည်တမ်း ဂုဏ်ပြုလိုက်ချင်ပါတယ်။ ဟစ်ကြွေး ဂုဏ်ပြုလိုက်ချင်ပါတယ်။   ။

                   ဝင်းတင့်ထွန်း 
                    ၂၅ - ၆ - ၂၀၂၂ 
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar