Breaking News

သံဃာတွေ နဲ့ နိုင်ငံရေး ယှက်နွယ်မှု

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၁ မြင်ကွင်း

(မိုးမခ) ဇွန် ၂၂၊ ၂၀၂၄

သံဃာတွေ နဲ့ နိုင်ငံရေး ယှက်နွယ်မှု 

ဗုဒ္ဓဘာသာဝင် သံဃာတော် အရေအတွက် သိန်းဂဏန်းနဲ့ ရှိတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ဖြစ်စဥ်တွေ၊ အရေးအခင်းတွေ လူထုအုံကြွမှုတွေလို အဖြစ်အပျက်တွေမှာ ရဟန်းသံဃာတွေရဲ့ ထောက်ခံမှု၊ သဘောထား၊ ပြောဆိုမှုတွေက အတိုင်းအတာတခုထိ သက်ရောက်မှုရှိနေတာ မျက်မှောက်ခေတ် သမိုင်းအဖြစ်အပျက်တွေမှာ တွေ့ရမှာဖြစ်ပါတယ်။ 

လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ နိုင်ငံရေးကို စိတ်ဝင်စားတဲ့၊ နိုင်ငံလွတ်လပ်ရေး အတွက် စိတ်အားထက်သန်တဲ့ ရဟန်းတော် တချို့ရှိခဲ့ပါတယ်။ ဦးဥတ္တမ၊ ဦးဝိစာရ စတဲ့ ဆရာတော်တွေက နယ်ချဲ့ အစိုးရကို အန်တုခဲ့ကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ လမ်းညွှန်မှုအရတော့ သံဃာတွေ အနေနဲ့ လောကီကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်း ပါဝင်ဆောင်ရွက်ခြင်းဟာ ဝိနည်းနဲ့ မညီသလို၊ အားပေးခြင်းလည်း မရှိပါဘူး။ သို့ပေမဲ့ အများပြည်သူလူထုရဲ့ အလှူ ထောက်ပံ့မှုနဲ့ ပရိယတ္တိ၊ ပရိပတ္တိ စတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြတဲ့ ရဟန်းသံဃာတွေ အနေနဲ့ လူထုရဲ့ ဒုက္ခ၊ ဘေးအန္တရာယ်ကျရောက်နေတဲ့ အခြေအနေမျိုးတွေမှာ ဝင်ရောက် ထိန်းသိမ်းပေးကြတာမျိုး အချို့သော အခြေအနေမှာ ဦးဆောင်ပါဝင်ကြတဲ့ အခြေအနေမျိုးတွေ တွေ့ရမှာ ဖြစ်ပါတယ်။ 
ဖဆပလ ခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီခေတ်မှာတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုက ကြီးကြီးမားမား ဖြစ်ရပ်တွေ မတွေ့ခဲ့ရသော်လည်း ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၁၉၉၀ ပြည့်နှစ်တွေမှာတော့ ရဟန်းသံဃာတွေက စစ်တပ်ကို ကံဆောင်ခဲ့တဲ့ အဖြစ်အပျက်တွေ မန္တလေးမြို့တို့မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ 

၈၈ အရေးအခင်းမှာ ရဟန်းသံဃာတော်တွေ နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြတာ မဟုတ်ပေမယ့် လူထုအများအပြား အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်တွေ၊ စားဝတ်နေရေး ကျပ်တည်းမှုတွေကို ကြားသိမြင်တွေ့နေရာက စာနာမှုနဲ့ နိုင်ငံရေးနယ်ပယ်ထဲ အချို့က ဝင်ရောက်လှုပ်ရှားလာကြတာ ဖြစ်ပါတယ်။ 

၁၉၉၀ ပြည့်နှစ်တွေ ပြီးနောက်မှာတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာမှာ ဖြစ်ပွားတဲ့ ရွှေဝါရောင် လှုပ်ရှားမှုက သံဃာတွေ ဦးဆောင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုလို့ ဆိုရလောက်အောင် ကြီးမားတဲ့ လှုပ်ရှားမှုကြီးတခု ဖြစ်ပြီး နိုင်ငံတကာအထိ ရောက်ရှိလောက်အောင် ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားမှုတခု အဖြစ် အသိအမှတ်ပြုကြရတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှု၊ မေတ္တာပို့သ စီတန်းလမ်းလျှောက် ဆန္ဒပြတဲ့ သံဃာတွေကို နံပါတ်တုတ်နဲ့ ရိုက် သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်း၊ ဘုန်းတော်ကြီးကျောင်းတွေ ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေက စစ်အစိုးရရဲ့ ရဟန်းသံဃာတွေအပေါ်  ပြုမူပုံကို ထင်ရှားစေခဲ့တာ ဖြစ်ပါတယ်။ 

ရွှေဝါရောင် အရေးအခင်းနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပေါ်လာပြီးနောက်မှာ နိုင်ငံရေး လှုပ်ရှားမှု အတိုင်းအတာတခုထိ လွတ်လပ်လာခဲ့ပြီး ရဟန်းသံဃာတွေအကြား စစ်အစိုးရ၊ စစ်တပ်နဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့ အမြင်ရှိတဲ့ သံဃာတွေသာမက အမျိုး ဘာသာ သာသနာ ဆိုတဲ့ ကိုလိုနီခေတ်က ကြွေးကြော်သံကို ပြန်ဖော်ထုတ်ပြီး အမျိုးသားရေး အစွန်းရောက်တဲ့ မျိုးချစ်ရဟန်းသံဃာ အဖွဲ့အစည်းတွေ၊ မဘသ လို့ အတိုကောက် ခေါ်ဆိုတဲ့ အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထူထောင်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

မဘသ အဖွဲ့တွေက အစ္စလာမ်ဘာသာဝင် ဆန့်ကျင်ရေးနဲ့အတူ ဗမာလူမျိုးကြီးဝါဒ၊ အာဏာရှင်တွေကို ထောက်ခံအားပေးတဲ့ အင်အားစု ဖြစ်လာခဲ့ပြီးနောက် ဗုဒ္ဓဘာသာ ရဟန်းတော် အဖွဲ့အစည်းတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေအကြား ဆက်ဆံရေး အေးစက်ခဲ့ပြီး တခါတရံ ရန်လိုတဲ့ အနေအထားမျိုးထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

သံဃာ အဖွဲ့အစည်းတွေ အနေနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် လှုပ်ရှားမှုတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာတာ မတွေ့ခဲ့ရပါဘူး။ အချို့သော တသီးပုဂ္ဂလ သံဃာတဦးချင်း နဲ့ အချို့ သံဃာသမဂ္ဂီတချို့ သာ ပါဝင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ 
NLD အစိုးရလက်ထက်တလျှောက် ဗုဒ္ဓဘာသာ ရဟန်းသံဃာအဖွဲ့အစည်းတွေနဲ့ အေးစက်ခဲ့တဲ့ ဆက်ဆံရေး၊  စစ်အာဏာသိမ်းပြီးနောက် သီးခြားစီ ဖြစ်နေခဲ့တဲ့ ဆက်ဆံရေးနဲ့ အခု လတ်တလော ပရိယတ္တိနယ်ပယ်မှာ ကြည်ညိုလေးစားခံရတဲ့ ဆရာတော်တပါးကို စစ်တပ်က သေနတ် ပစ်ခတ်ခံရမှုကြောင့် အသက်ဆုံးရှုံးရတဲ့ အဖြစ်က သံဃာတွေ အနေနဲ့ စစ်တပ်ကို ဆန့်ကျင်ကြဖို့ အစပျိုးမှု တခု ဖြစ်စေမလားလို့ မျှော်လင့်ချက်တွေ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ 

၁၉၉၀ ကျော်ကာလတွေတုန်းကလို ပရိကံဆောင်ခြင်း၊ စစ်တပ်အသိုင်းအဝိုင်းနဲ့ ကင်းရှင်းအောင် နေထိုင်ခြင်း၊ အလှူလက်မခံခြင်း၊ ဆွမ်းစားမကြွရောက်ခြင်း စတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာမလား ဆိုတဲ့ မျှော်လင့်မှုတချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အဖြစ်အပျက်ဖြစ်ပွားတဲ့ ရက်မှာ အခုဖြစ်ရပ်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့သော်လည်း နောက်တရက်မှာ ဖြစ်ပျက်ပုံ အချက်အလက်မှန်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဆရာတော်ကြီးက ဖွင့်ပြောခဲ့တဲ့နောက် သံဃာထုရဲ့ ဆန့်ကျင်မှုကို အတိုင်းအတာတခုထိ သဘောပေါက်လာပုံရပြီး စုံစမ်းစစ်ဆေးမှု လုပ်မယ်ဆိုတဲ့ ပြောဆိုချက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

စစ်ကောင်စီတပ်တွေအနေနဲ့ နိုင်ငံအနှံ့အပြား ချောင်းမြောင်းတိုက်ခိုက်ခံရတဲ့ သာဓက ဖြစ်ရပ်တွေ ရှိနှင့်တာကြောင့် တစုံတရာ သင်္ကာမကင်းဖြစ်မိတာနဲ့ မိမိတို့ဘက်က လက်ဦးအောင် ပစ်ခတ်သတ်ဖြတ်လေ့ ရှိပြီး ဒီလုပ်ပုံလုပ်နည်းမျိုးကို အထက်ကလည်း သဘောပေါက် ခွင့်ပြုထားတဲ့ အနေအထားမှာ ဆရာတော် ပါလာတဲ့ ကားကို တားလို့ ရပ်မပေးရုံသက်သက်နဲ့ ကားခေါင်းခန်းက ယာဥ်မောင်းကို ပစ်ခတ် သတ်ဖြတ်ခဲ့တာသာ ဖြစ်ပါတယ်။ ၄င်းတို့ စစ်ကားတွေကို ချောင်းမြောင်း ပစ်ခတ်တာ၊ ကြားဖြတ်တိုက်ခိုက်ခံရတာမျိုးတွေ ရှိခဲ့တာကြောင့် ရန်သူလား၊ အရပ်သားလား ဆိုတာ အတည်မပြုနိုင်ဘဲနဲ့ အခုလို လက်ဦးမှုယူပြီး ပစ်ခတ်ခွင့်ရှိတယ်ဆိုတာကို စစ်ကောင်စီရဲ့ စစ်တပ်ဘက်က အရာရှိ အဆင့်ဆင့်က လက်ခံသဘောတူထားပြီး ဖြစ်ပါလိမ့်မယ်။

သို့ပေမဲ့ အခုဖြစ်ရပ်မှာ အသက်ဆုံးရှုံးရသူက သာမန် အညတရ အရပ်သားတဦး မဟုတ်ခဲ့တဲ့ အဖြစ်က စစ်ကောင်စီအဖို့ ပေးဆပ်ရမယ့် တန်ဖိုးက ကြီးမားမယ့် အနေအထားလည်း ဖြစ်နေပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar