Breaking News

ရတနာပုံဆရာမှတ်ကြီး - ရွှေနန်းဆီသို့

ရတနာပုံဆရာမှတ်ကြီး - ရွှေနန်းဆီသို့

(မိုးမခ) ဇူလိုင် ၅ ၊ ၂၀၂၄

“အာဏာသိမ်းပြီးကထဲက နန်းတော်ကို မှန်းမျှော်လို့ တပ်ထောင်ဗိုလ်စုပြီး ပုန်ကန်ခြားနားလာလိုက်တာ ခုတော့ နန်းရင်ပြင်တောင် လှမ်းမြင်နေရပါရောလားဘိုးဘိုးရဲ့”

“အိမ်း… ဟုတ်သဗျ၊ ဘာလိုလိုနဲ့ ကျုံးဘေးလမ်းလျှောက် အေရိုးဗစ်လေးတွေ လှမ်းနောက်ရင်း ဘော်ဘော်တွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ရောက်တတ်ရာရာပြန်ပြောရတော့မှာပါကလား”

“နန်းတော်ရောက်ဆို မနားတထောက် လျှောက်ခဲ့ကြတာကိုး၊ အင်း….ဘယ်လောက်ခိုင်တဲ့ မဏ္ဍိုင်ကြီးပါပြောပြော ရဲဘော်တို့ဇွဲမာန်မျိုးနဲ့ ဆွဲလှန်ချိုးလိုက်တော့လဲ ဒေါင်းအလံသူခိုးတွေ ဗြောင်းဆန်ကျိုးရတော့တာပေါ့လေ”

“ဟုတ်ပါ့ ဘိုးဘိုးရေ၊ တူမီးလက်လုပ်နဲ့ တက်ဖုတ်တုန်းက အဖက်မလုပ်ခဲ့သူတွေတောင် ဒို့မြို့ဘယ်တော့သိမ်းမလဲ၊ မျှော်နေပြီလို့ ပြောနေကြရဲ့”

“မျှော်တဲ့ထဲ ဘဏ်သူဌေးတွေတောင် ပါရော့မယ်၊ သူတို့လဲ ဟိုအကောင်တွေက ဟောင်လိုက် ကိုက်လိုက် ဆွဲခါလိုက်နဲ့ ခွေးအုပ်ထဲ ရောက်နေတဲ့ ကြောင်ပေါက်လိုဖြစ်နေသာကိုး”

“အာဏာသိမ်းတုန်းက ဟေးဆို ကောင်းချီးနုမော် သာဓုခေါ်ခဲ့တဲ့ ဆန်သူဌေး ဆီသူဌေး ရွှေသူဌေး ငွေသူဌေးတွေလဲ ဂျေးထဲမှာ ခွေးဆွဲတာခံနေရတော့ တပြည်လုံးက အချစ်ဆုံးလေးဟာ မအလဖြစ်နေပြီပေါ့လေ၊ တရားမျှတမှုဆိုတာရယ်၊ တရားမျှတမှုရဖို့ဆိုတာရယ် တရားဥပဒေအရ လူထုဆန္ဒနဲ့အညီတက်လာတဲ့အစိုးရဆိုတာရယ်၊ ကိုယ့်ပါတီမနိုင်လဲ ကိုယ့်ဘဝမပျက်ဖူးဆိုတာရယ် အာ ဏာသိမ်းတဲ့ကောင်တွေကိုသွားပြီး တက်လာတဲ့အစိုးရ ငါ့အစိုးရလုပ်လို့မရဘူးဆိုတာရယ် အနုလုံ ပဋိလုံ ဆင်ခြင်မိကြရော့မယ်”

“ရဲဘော်လေးရေ..ဆည်တော်ထိပ်က တပ်ဦးအလံတော်တဖျတ်ဖျတ်ခတ်နေတာမြင်တော့ ဘိုးဘိုးဖြင့် နတ်သျှင်နောင်သီချင်းတောင် ဟစ်ချင်စိတ်ထလာရဲ့”

“ဟစ်တော်မူဘိုးဘိုး”

“ဒါကတော့ ပြည်လှဖေမဟုတ်၊ မန်းဘိုးဘိုးဗားရှင်းပေါ့ဗျာ”

“တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့

ရဲတံခွန်တွေလေကစား ကြွားတလူလူဝေ

တပ်ဦးဆီမျှော်လိုက်ပြန်တော့

တံခွန်တွေအလံတွေ ရဲမာန်ပွှားလောက်ပေ)၂


သေပစေ ရင်ကိုမြေကတုတ်လို

မဆုတ်မတွန့် မရွံ့တဲ့သူတွေ

သတ္တိပြောင်ထောင်ထောင်မောင်းမောင်း

သူရဲကောင်းတို့လက္ခဏာညီပေ

မြင်းသည်တော်တွေ ခြေသည်တော်တွေ

မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာတွေ

အစောင့်အနေစီမံဗိုလ်ခြေ....

စစ်ဆင်တွေတသီတတန်း စစ်စခန်းချရာမြေ။


(တောင်ကညိုပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ

မိုးသက်တွေလေဝှေ့လို့ တရွေ့ရွေ့ယူသလေ)၂

တိမ်ဦးလေပြည် လွမ်းငွေ့ကိုစေ

ဖော်မစုံကျွှမ်း လွမ်းစိတ်တွေပွေ

ချစ်တဲ့သူဓာတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင်

ထင်မြင်မိစေတဲ့ ဘုရားတိုင်စစ်ချီရတုတွေရေးလို့

ဩော်... ကျေးငှက်ကိုစေလိုစေ

ဖြေလည်းငယ် ပြေပြေပါနိုင်ပဲ

စစ်ထွက်ဆဲ တောင်ငူဘုရင်မှာလေ

လွမ်းစာတွေ ရွှေပေထက်မှာ တင်ရှာပေ။


~ပေါ်နွေလလျှင်... တောင်ကခြိမ့်မြူး ...မင်းလွင်ဦးနှင့်

ပျံပျူးချုပ်ဆိုင်း... မုန်တိုင်းဆင်လို...

တိမ်ညို့မှိုင်းထပ်... ပြတ်လျှပ်ပြကာ...

စိမ်းဝါမိုးပန်း... ထွေထွေစွန်းက

ရေသွန်းသာကြည် ပျော်ရမည်ကို...

မြရည်သက်မှတ် ရောက်ခဲ့လတ်ဟု ချစ်ထွတ်တင်သည်...

ပြာစင်မွှန်လတ်... ဖြူဝင်းမွတ်လျှင်...

ကြာညွှတ်ဖယောင်း... နေရှိန်ပျောင်းလို့...

ဆင့်လောင်းလွမ်းဝှန် ရှိလိမ့်ဟန်ကို...

တိမ်စွန်လေလျှင်... ဖူးရောက်ချင်သည်...

ငှက်သွင်ပျံကြွမတတ်သော်။


(ပိတောက်တွေ... ရွှေရည်လူးကြမယ့်အနေ

ပုလဲငုံစံပယ်ဖြူ ဖူးခိုက်ဝေဝေ

ပန်းမျိုးစုံရာသီစုံ ကူးခဲ့ပေါ့လေ

ချစ်သူကိုရည်စူး ခူးတဲ့လို့ခြွေ)၂


ကိုယ်တိုင် လှရာရာရွေး ဆင်မပေးရဆံမြညှာကေ

စစ်မြေမှာ ကြာညောင်းရက်ရှည်

ရောက်မယ်အထင်နဲ့ မျှော်တဲ့သူ ပူဗျာပွေ

တတွေးတွေး ဆွေးရှာရော့မယ်လေ


(တောင်ကညိုပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ

မိုးသက်တွေလေဝှေ့လို့ တရွေ့ရွေ့ယူသလေ)၂

တိမ်ဦးလေပြည် လွမ်းငွေ့ကိုစေ

ဖော်မစုံကျွှမ်း လွမ်းစိတ်တွေပွေ

ချစ်တဲ့သူဓာတုကလျာဆွေ လွမ်းရတဲ့ဖြစ်အင်

ထင်မြင်မိစေတဲ့ ဘုရားတိုင်စစ်ချီရတုတွေရေးလို့

ဩော်... ကျေးငှက်ကိုစေလိုစေ

ဖြေလည်းငယ် ပြေပြေပါနိုင်ပဲ

စစ်ထွက်ဆဲ တောင်ငူဘုရင်မှာလေ

လွမ်းစာတွေ ရွှေပေထက်မှာ တင်ရှာပေ...”

“ကောင်းလှချည်လား ဒေါင်းမြကြည်ရဲ့ဘိုးဘိုးရေ၊ ဒီသီချင်းကို ငယ်ကတည်းက ကြားဖူးပေမယ့် ခုလို ရင်ထဲထိသိအောင် လိုက်မခံစားမိဘူး ဘိုးဘိုးရေ”

“စစ်ထွက်ကဗျာစာဆိုရဲ့ တိုင်းရေးပြည်ရေး အလွမ်းရေးဆိုတော့ ခုမှ တထပ်တည်းကျတာကိုးရဲဘော်ရဲ့”

“ဘာလဲ ရဲဘော်လေးရော ပြည်ထဲရေးနဲ့ ဝမ်းရေးတို့ထက် လွမ်းရေးပိုခက်လာလို့လား”

“ဟား ဟား ဒါတော့ ဘိုးဘိုးလွဲသွားပြီ၊ နတ်သျှင်နောင်ခေတ် မဟုတ်တော့ဘူးလေ ဘိုးဘိုးရဲ့၊ အိုင်တီခေတ် အိုင်တီခေတ်။ အိုင်တီတောင် အစိုးရနဲ့မဆိုင်ပြီဆိုတဲ့ စတားလင့်အိုင်တီခေတ်။ ကျေးစေတမန်ထက် မြန်လဲမြန် မြင်လဲမြင် ပြောလည်း ပြော၊ ကြားလဲကြားရတဲ့ စတားလင့်တမန် ရုပ်မြင် သံကြား စာလည်းပါးခေတ်ပါ ဘိုးဘိုးရဲ့၊ အမျိုးတွေနဲ့လည်း ဖေ့စ်တူဖေစ်၊ အဖေ အမေနဲ့လည်း ဖေ့စ်တူဖေ့စ်၊ ညီအကိုမောင်နှမတွေနဲ့လဲ ဖေ့စ်တူဖေ့စ်၊ မြတ်နိုးသူနဲ့လဲ ဖေ့စ်တူဖေ့စ်၊ သားသားမီးမီးတို့နဲ့လဲ ဖေ့စ်တူဖေ့စ်၊ သူငယ်ချင်းရောင်းရင်းတွေနဲ့လည်း ဖေ့စ်တူဖေ့စ်၊ ရင်ဘတ်ထဲက စကားတွေလည်း ဖွဲ့နွဲ့ပေးပို့ စာဗျို့စာကို မျှော်နေရတဲ့ခေတ်လည်း မဟုတ်တော့ဘူးလေ”

“ဪ ဟုတ်သား၊ ခွေးတွေ လှမ်းမဟပ်နိုင်တာက စိတ်ဓာတ်နဲ့အိုင်တီပဲ”

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar