Breaking News

လားရှိုးမြို့ သိမ်းဖို့ တိုက်ခိုက်မှုတွေနဲ့ အရပ်သား သေဆုံးမှု မြင့်တက်လာ


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၄

လားရှိုးမြို့ သိမ်းဖို့ တိုက်ခိုက်မှုတွေနဲ့ အရပ်သား သေဆုံးမှု မြင့်တက်လာ 

၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေနဲ့ စစ်စခန်းအချို့ကို မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့နဲ့ ဒေသခံ PDF အချို့တို့ တိုက်ခိုက်နေတယ်လို့ သတင်းဖေါ်ပြနေကြပြီး ကာယကံရှင် မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ကတော့ အခု ဒုတိယအကျော့ စစ်ဆင်ရေး နဲ့ ပတ်သက်လို့ ခုချိန်ထိ ထုတ်ပြန်ချက် ထုတ်ပြန်တာ မရှိသေးပါဘူး။ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ ဟိုင်ဂင် သဘောတူညီချက်ကို ဇန်နဝါရီလဆန်းမှာ လက်မှတ်ထိုးသဘောတူခဲ့ကြပြီးနောက် ၆ လခန့်အကြာမှာ အခုလို တကျော့ပြန် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတဲ့ အပေါ် တရုတ်နိုင်ငံရဲ့ ဖိအားကို ထည့်သွင်း စဥ်းစားတာကြောင့် ထုတ်ပြန်ခြင်း မပြုသေးတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

အခုဒုတိယအကျော့ တိုက်ခိုက်မှုတွေမှာ TNLA နဲ့ MNDAA အကြား ဘယ် နယ်မြေကို ဘယ်အဖွဲ့က တိုက်မလဲ၊ သိမ်းမလဲ ဆိုတာတွေ ရှင်းရှင်းလင်းလင်း မသိရှိကြရသေးပါဘူး။ လတ်တလော သတင်းတွေအရတော့ နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေကို TNLA က တိုက်ခိုက်နေတာ ဖြစ်ပြီး လားရှိုးမြို့ကိုတော့ MNDAA က တိုက်ခိုက်နေတာဖြစ်ပါတယ်။ သီပေါမြို့ကိုလည်း တိုက်ခိုက်မယ်ဆိုရင် MNDAA က တိုက်ခိုက်နိုင်ခြေရှိပြီး လောလောဆယ်တော့ သတင်းတွေ ထွက်ပေါ်လာတာ မရှိသေးပါဘူး။ 

ဇန်နဝါရီလ နောက်ပိုင်းမှာ စစ်ကောင်စီဘက်ကလည်း တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ လားရှိုးမြို့ ကို ကာကွယ်ဖို့ အတွက် လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အားနဲ့ စစ်လက်နက် အင်အားဖြည့်ဆည်း နေခဲ့တဲ့ လက္ခဏာတွေ တွေ့ရပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ကာကွယ်သွားမယ်လို့ ပိုင်းဖြတ်ထားတဲ့ အသွင်သဏ္ဍာန် ရှိပါတယ်။ 

တဖက်မှာလည်း လားရှိုးမြို့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဝိုင်းပတ်ပိတ်ဆို့ခံရမယ့် ပထဝီ ရေမြေအနေအထားမျိုး ဖြစ်နေတဲ့ မြို့တမြို့ဖြစ်ပြီး မန္တလေး၊ နေပြည်တော်ဘက်ကနေ ကုန်းလမ်းအားဖြင့် ရပ်စောက်ဘက်က တက်လာနိုင်တဲ့ လမ်း၊ နောင်ချို၊ ကျောက်မဲ သီပေါဘက်က တက်လာနိုင်တဲ့ လမ်း ၂ သွယ်သာရှိပြီး အဲဒီလမ်းကြောင်းတွေကို မြောက်ပိုင်းလက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ ပိတ်ဆို့ ဖြတ်တောက်ထားမယ်ဆိုရင် စစ်ကောင်စီ အနေနဲ့ လေကြောင်းကိုသာ အဓိက အားကိုးရမယ့် အနေအထားလည်း ဖြစ်ပါလိမ့်မယ်။ 

ပြီးခဲ့တဲ့ ရက်အနည်းငယ်က စလို့ မျှော်လင့်ထားတဲ့ အတိုင်း လားရှိုးမြို့ကို MNDAA က စတင်တိုက်ခိုက် လာရာမှာ မြို့ပေါ်ကို လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေ ကျရောက်လာနေပြီး နေ့စဥ် လူသေဆုံးမှုတွေ ရှိလာတာ ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသမှာ ကုန်သွယ်ရေး အရ အချက်အချာကျပြီး အုပ်ချုပ်ရေးအရလည်း လားရှိုးမြို့ကို အခြေပြုကာ အုပ်ချုပ်ခဲ့ကြတဲ့ မြို့ဖြစ်တာကြောင့် သန်းခေါင်စာရင်းအရ လားရှိုးမြို့နယ်မှာ လူဦးရေ ၃ သိန်း ၂ သောင်းကျော် နေထိုင်ကြတဲ့ မြို့လည်း ဖြစ်ပါတယ်။ စစ်တိုင်းဌာနချုပ် ရှိတဲ့မြို့ဖြစ်လို့ စစ်ကောင်စီ အနေနဲ့ လားရှိုးမြို့ကို လက်လွတ်မခံဘဲ ခုခံကာကွယ်လိမ့်မယ်လို့ မှန်းဆချက်ကြောင့်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လားရှိုးကိုတော့ လွယ်လွယ် သိမ်းယူဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ စဥ်းစားချက်တွေကြောင့် လားရှိုးမြို့ခံတွေ အနေနဲ့ မြို့ကနေ စောစောစီစီး စွန့်ခွာတာတွေ မတွေ့ရပါဘူး။ ခုရက်ပိုင်း လားရှိုးမြို့ကို MNDAA က စတင်တိုက်ခိုက်လာတဲ့ အခါမှာ လက်နက်ကြီး သို့မဟုတ် ရှော့တိုက်ဒုံးတွေ တရက်မှာ ၃/၄ နေရာကျရောက်ပေါက်ကွဲပြီး လူနေအိမ်တွေ ထိမှန်တာ၊ သေဆုံးတာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ အချို့သော မြို့ခံတွေအနေနဲ့ မြို့ကနေ တိမ်းရှောင်ဖို့ စဥ်းစားလာကြတဲ့ အနေအထားတွေ ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် လားရှိုးက ထွက်တဲ့လမ်းတွေကို လက်နက်ကိုင် အဖွဲ့တွေက တံတားချိုးဖြတ်ထားတာ၊ မြေသား ကျင်းတူးပြီး ကားလမ်း တဆက်ထည်းသွားမရအောင် လုပ်ထားတာတွေကြောင့် နဲ့ မြို့က ထွက်တဲ့လမ်းတွေမှာ တိုက်ပွဲဖြစ်နိုင်ချေ တွေကြောင့် မြို့က တိမ်းရှောင်တဲ့လမ်းကို ရွေးချယ်ရင်လည်း အန္တရာယ် အထိုက်အလျောက်ရှိနေတဲ့ အနေအထား ဖြစ်လာပါတယ်။ ဆိုရှယ်မီဒီယာမှာ ရေးသားနေကြတာတွေကို ကြည့်တဲ့အခါ အချို့သော မြို့ခံတွေအနေနဲ့တော့ မြို့ကို မစွန့်ခွာဖို့ ဆုံးဖြတ်ထားကြပြီး ဖြစ်ခါမှ ဖြစ်၊ ထိခါမှ ထိဆိုတဲ့ စိတ်မျိုးခံယူထားကြတာ ဖြစ်ပါတယ်။ မြို့ကို မစွန့်ခွာဖို့ ဆုံးဖြတ်ရတာ အကြောင်း ၂ ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ တချက်က မြို့ကနေ တိမ်းရှောင်တဲ့နောက် နေအိမ်၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးကုန်မယ့် အရေးကို တွေးပြီး စိုးရိမ်တာကြောင့် နောက်တချက်ကတော့ အသက်အရွယ်ကြီးသူတွေ အနေနဲ့ ကျန်းမာရေးကြောင့်သော်လည်းကောင်း မြို့ကို မစွန့်ခွာနိုင်တာ၊ တခြားမြို့မှာ နေထိုင်ရမယ့် ကုန်ကျစရိတ် အခက်အခဲတွေကြောင့် မြို့မှာပဲ ဆက်လက်နေထိုင်ပြီး ကံကြမ္မာကို ပုံချထားတဲ့ စိတ်မျိုးနဲ့ ဆက်လက် နေထိုင်ကြတာမျိုးလို့ ကောက်ချက်ချရပါတယ်။ 

မိမိတို့ မြို့၊ မိမိတို့နေအိမ်ကို ထားရစ်ခဲ့ရသူတွေ အဖို့ နေအိမ် နဲ့ ပစ္စည်းတွေကို ဆုံးရှုံးပြီးသကဲ့သို့ သဘောထားကာ ထားခဲ့ရတာမျိုးဖြစ်ပါတယ်။ နေအိမ်မီးလောင် ပျက်စီးနိုင်သလို၊ မီးမလောင်သည့်တိုင် ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူဆောင်သွားတာမျိုး နဲ့ ကြုံတွေ့ရဖို့ ရာခိုင်နှုန်း ၇၀ လောက်သေချာ နေတာကြောင့် နေအိမ်၊ မြို့ကို စွန့်ခွာခြင်း မပြုလိုကြတဲ့ သဘောမျိုးလည်း ဖြစ်ပါတော့တယ်။ 

ဒီနေရာမှာ ပစ္စည်းဆုံးရှုံးတာဟာ အသက်ဆုံးရှုံးတာထက် တော်သေးတယ်လို့ စောဒက တက်ကောင်း တက်နိုင်တာပါ။ သို့ပေမယ့်လည်း လောလောဆယ် ကြပ်တည်း ခက်ခဲလွန်းတဲ့ အခြေအနေအောက်မှာ လူ့အသက်ကလည်း တန်ဖိုးရှိသလို ပစ္စည်းတွေကိုလည်း မစွန့်လွှတ်နိုင်တဲ့ အနေအထားကို ရောက်နေကြတာ ဖြစ်ပါတယ်။ 

ခု ရက်ပိုင်း လားရှိုးမြို့ လူနေရပ်ကွက်တွေဆီ ကျတဲ့ လက်နက်ကြီး ကျည် သို့မဟုတ် ရှော့တိုက်ဒုံးတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ပစ်တဲ့ လက်နက်တွေလား၊ သို့မဟုတ် စစ်ကောင်စီ တပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ရှိတဲ့ မြို့ပြင်ကို ပစ်ခတ်တာလား ဆိုတဲ့အချက်တွေက အတည်ပြုနိုင်ဖို့ ခက်ခဲတာ တွေ့ရပါတယ်။ ယေဘုယျ အားဖြင့်တော့ မြို့ရဲ့ ရပ်ကွက်အချို့နဲ့ ထိစပ်နေတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေ ရှိနေတာကြောင့် မြို့အပြင်ဘက်က MNDAA လက်နက်ကိုင် တပ်ဖွဲ့ဘက်က အဆိုပါ တပ်ရင်းစခန်းတွေကို ပစ်ခတ်ရာမှာ လူနေရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲ့တဲ့ သဘောလို့ ယေဘုယျ အားဖြင့် ကောက်ချက်ချကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အရပ်သား တွေ ထိခိုက်သေဆုံးမှု မရှိဖို့ အထူးသတိပြုဖို့ လိုအပ်လာနေတဲ့ သဘောလည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar