Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၅ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၅ )

(မိုးမခ) ဇူလိုင် ၅ ၊ ၂၀၂၄


4/7/24

Diary in the darkness 


မတ္တရာ လေကြောင်းရန်ကာကွယ်ရေးစခန်းကျ။

စစ်သုံ့ပန်းနဲ့ မိသားစုများ လက်နက်များနဲ့တကွ တော်လှန်ရေးတပ်များက သိမ်းဆည်းရမိ။ 

စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေက သူတို့စစ်သားများကို လက်နက်မချရန် အမျိုးမျိူး အကြပ်ကိုင်နေသည့်ကြားမှ လက်နက်ချမှု၊ စခန်းစွန့်ခွာမှုတွေ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေ။

လက်နက်ချ တပ်သားတွေရဲ့ ဗွီဒီယိုဖိုင်တွေ တွေ့လိုက်ရတယ်။ မိန်းမတွေ အပါအဝင် လူ တစ်ရာကျော်ရှိမယ် ထင်ပါတယ်။

မိုးကုတ်အနောက်ပိုင်းကို TNLA က သိမ်းပိုက်လိုက်တယ် ဆိုတဲ့သတင်းနဲ့အတူ TNLA စစ်ခေါင်းဆောင်တွေ အနောက်ပိုင်း ကျပ်ပြင် လမ်းမပေါ်မှာ စစ်ဆေး အမိန့်ပေး ညွှန်ကြားနေပုံတွေတက်လာ။ 

မိုးကုတ် အရှေ့ပိုင်း ခံတုတ်ကျင်းထဲမှာ ကလေး ငါးဆယ်လောက် ပိတ်မိနေတဲ့ ဗီဒီယို ကလစ်တခု တက်လာတယ်။ ရင်ထဲ စိုးထိတ်မှုတွေ ဆောင့်တက်လာတယ်။ မသန်စွမ်း ကလေးတစ်ယောက်နဲ့အတူ ယောက်ဖ မိသားစုလည်း အဆက်အသွယ်ပြတ်နေတယ်။ တနေ့က ရှမ်းတောရပ်ရှိ သူတို့အိမ်နား လက်နက်ကြီးကျတယ်လို့ သိရတယ်။ 

လားရှိုးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်။ မြို့ထဲကို လက်နက်ကြီးကျလို့ မိသားစု ခြောက်ယောက် ထမင်းစားဝိုင်းမှာပဲ သေဆုံးကုန်တယ်လို့ သတင်းတွေတက်လာတယ်။ 

နှစ် ခုနစ်ဆယ်မြောက် ဗန်းဒေါင်း စာချုပ်နှစ်ပတ်လည်  အခမ်းအနား တက်ဖို့ သွားတဲ့ ဦသိန်းစိန် တရုတ်ခရီးစဉ် ဘာသံမှ တိတိကျကျ ထွက်မလာသေးဘူး။ တရုတ်ဖွင့်ပေးတဲ့ ခွေးတိုးပေါက်က ထွက်ရင်တော့ စစ်ကောင်စီ နည်းနည်းသက်သာမယ် ထင်တယ်။ ဒါပေမဲ့ လွယ်တော့မလွယ်ဘူး။ 

အရေးထဲ ဘဏ် ခုနှစ်ခုကို အစိုးရက အရေးယူမယ် လို ကြေညာလိုက်တော့ စစ်ကောင်စီဟာ ကိုယ့်လည်ပင်းကြိုးကွင်းကို ကိုယ် ကိုယ်တိုင် ဆွဲတင်းနေသလို ဖြစ်နေတယ်။ နောက်ဆက်တွဲအနေနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ လေဆိပ်မှာ အဖမ်းခံရတယ်လို့ ကုန်သည်ကြီးတစ်ယောက်က ဖုန်းဆက်ပြောတယ်။ သတင်းဌာနတွေမှာတော့ ဒီသတင်းမပါသေးဘူး။

စတုတ္ထအကြိမ် စစ်မှုထမ်းခေါ်တာ လူမပြည့်သေးလို့ ရန်ကုန်က ရပ်ကွက်တွေထဲ သန်းခေါင်စာရင်းစစ်ကာ လူငယ်တွေကို လာဖမ်းမယ် ဆိုတဲ့သတင်း ထွက်လာလို့  လူငယ်တွေ ပျောက်ကုန်တယ်။ 

နေရော ညရော စစ်သတင်းတွေပဲ နားစွင့်နေမိ။ တရားမနာနိုင်။ တရားမထိုင်နိုင်။ ညတရေးနိုးရင် အင်တာနက်ဖွင့်ပြီး စစ်သတင်းတွေ ခဏခဏ ဖွင့်ကြည့်နေမိ။ မသိစိတ်မှာ ဒဏ်ရာတွေ ရနေပြီထင်တယ်။ နိုးတဝက် အိပ်မက်တွေကလည်း ကြောက်စရာ။ ဘာပုံရိပ်မှလည်း ထင်ထင်ရှားရှား မမြင်။ ဝိုးတဝါးတွေ။ ကျောထဲက စိမ့်ပြီးကြောက်နေတာ။ အသံမထွက်ဘဲ အကျယ်ကြီး အော်နေမိတယ်။ ဗုံးကျင်းလိုက်ရှာနေမိတယ် ထင်တယ်။ သဲအိတ်တွေကြားမှာ လမ်းပျောက်နေတယ်။ ပင်ပန်းလိုက်တာ။ ဖုန်းနာရီ ဖွင့်ကြည့်တော့ မနက် ၂ နာရီပဲရှိသေးတယ်။

ပြန်အိပ်တယ်။ အိပ်ပျော်သွားမှာ ကြောက်ကြောက်နဲ့ ပြန်အိပ်ရတာ။ နိုးနေသလား၊ အိပ်နေသလားလဲ မသိတော့။

အန်ကယ် တူမီး



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar