ကိုသန်းလွင် - မွေးသဖခင်
ကိုသန်းလွင် - မွေးသဖခင်
(မိုးမခ) ဇူလိုင် ၆ ၊ ၂၀၂၄
( ၁ )
ကလေးသုံးယောက်၏ ဖခင်တစ်ယောက် မကြာသေးမီက ကျွန်တော့်ကို ပြောပါသည်။ အကယ်၍သာ အချိန်ကို နောက်ပြန်လှည့်၍ သွားနိုင်ခဲ့ပါလျှင် သူသည် ကလေးကို စောစောယူရန် သူ့ကိုယ်သူ အကြံပေးမိမှာ သေချာပါသည်။ ဖခင်ဖြစ်ရခြင်းက သူ့စိတ်ကို ပြောင်းလဲသွားစေခဲ့ပါသည်။ သူ့ဘဝအတွက် ဦးတည်ရာကိုပေးပါသည်။ နျူရို ဆရာဝန်များကလည်း ဤအဆိုကို ထောက်ခံကြပါသည်။
( ၂ )
ယခုအခါ သုတေသနဓာတ်ခွဲခန်းများက ကလေးရသွားလျှင် လူ၏ဦးနှောက် ပြောင်းလဲသွားပုံကို လေ့လာနေကြပါသည်။ ဖခင်တစ်ယောက် ဖြစ်ရခြင်းက ဦးနှောက်နှင့် ခန္ဓာကိုယ်ကို ပြောင်းလဲပေးသည်။ ဖခင်အသစ်များတွင် ဦးနှောက်နှင့် ကိုယ်ခန္ဓာထဲမှ ဟိုမုန်းများ ပြောင်းလဲနေကြသည်။ သဘာဝကြီးက ဖန်တီးပေးနေပုံမှာ ကလေးမွေးဖွားပြီး ကြီးပြင်းလာခြင်းတွင် ဖခင်များ ပါဝင်စေချင်ကြောင်း ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် နျူရိုသဘောအရ ဖန်တီးပေးမှုများကို တွေ့နေရသောကြောင့် ဖြစ်သည်။ ထိုကြောင်းအရာများမှာ မိခင်များကို သဘာဝကြီးက ကလေးငယ်အပေါ်တွင် သံယောဇဉ်ဖြစ်စေရန် အပြောင်းအလဲများ လုပ်ပေးသည်နှင့်တူလှပါသည်။
ကလေးများ၏ မွေးဖွားခြင်းနှင့် ကြီးပြင်းဆိုင်ရာကိစ္စများသည် ဖခင်တို့၏ ဦးနှောက်အပေါ် ရေရှည်အကျိုးသက်ရောက်မှုများနှင့် ၎င်းတွင် လူမှုရေးဆိုင်ရာ သက်ရောက်မှုများလည်း ပါဝင်ပါသည်။ ယခုအချိန်မှာ ယောကျ်ားလေးဖခင်များသည် ယခင်ကနှင့်မတူဘဲ လူမှုအသိုင်းအဝိုင်းမှ အထီးကျန်ဖြစ်နေချိန်တွင် ဖခင်ဖြစ်ရခြင်းဆိုသော အချက်မှာ အရေးကြီးနေပါသည်။ သို့ရာတွင် ဖခင်တယောက်အဖြစ်သို့ ကူးပြောင်းချိန်မှာ ပျက်စီး ထိခိုက်လွယ်လှသဖြင့် ထိုဖခင်များကို အထောက်အပံ့ပေးရန်မှာ ပေါ်လစီချမှတ်သူများအဖို့ အရေးတကြီး စဉ်းစားသင့်သည့် ကိစ္စရပ်တခု ဖြစ်သည်။
၁၉၂၂ ခုနှစ်က စပိန်နိုင်ငံတွင် ပထမဆုံး ကလေး၏ဖခင် ဖြစ်လာမည့် သူ၏ဦးနှောက်ကို ကလေးမွေးပြီးစအချိန်တွင် (Scan) လုပ်ကြည့်ကြသည်။ ပြောင်းလဲပုံမှာ မိခင်များ၏ ဦးနှောက်တွင် ဖြစ်ပေါ်လာသည်များနှင့် ဆင်ဆင်တူသည်ကို တွေ့ရပါသည်။ မိန်းကလေးများသည် ကလေးကို မွေးဖွားပေးလိုက်သောအခါ သူတို့၏ ဦးနှောက်တွင် မွဲပြာရောင်အရာများ (Grey Matter) များ၏ အရွယ်ပမာဏမှာ သေးငယ်ကျုံ့ဝင်သွားကြောင်း တွေ့ရသည်။ မွဲပြာရောင်အရာများ ဆိုသည်မှာ လူတို့၏ဦးနှောက်အတွင်းတွင် နျုရုန်းများဖြင့် ပြည့်နှက်နေသော ဦးနှောက်၏ အစိတ်အပိုင်း တခု ဖြစ်ပါသည်။ ၎င်းတို့သည် ဦးနှောက်၏နေရာအနှံ့ ရှိနေကြသည်။ ၎င်းးတို့သည် လူတို့၏ လူမှုရေးနှင့် နှလုံးသားခံစားချက် (Emotion) များကို ကိုင်တွယ်ဖြေရှင်းပေးကြသည်။
၎င်းအရာများ ကျုံ့ဝင်သွားသည် ဆိုခြင်းမှာ မကောင်းသောသတင်းဟု ထင်စရာရှိပါသည်။ (Less can be more) ဆိုသကဲ့သို့ ဦးနှောက်က ကျုံ့ဝင်သွားခြင်းမှာ ပိုမို၍ ကောင်းမွန်စွာ (Efficient) ဖြစ်စေရန် ထိန်းညှိ (fine tune) လုပ်ပေးခြင်း ဖြစ်ပါသည်။ ဆယ်ကျော်သက်များတွင်လည်း သူတို့ ကြီးပြင်းလာသောအခါ ထိုကဲ့သို့ ကျုံ့ဝင်သွားတတ်ခြင်းမျိုး ရှိပါသည်။
မိန်းမများတွင် မွဲပြာရောင်အရာများ ပိုမိုကျုံ့ဝင်သွားလေလေ ကလေးအပေါ်တွင် ထားရှိသည့် ချစ်ခင်မေတ္တာများ ပိုမိုတိုးပွားပြီး ရင်းနှီးမှု (Bonding) ပို၍များလေလေဖြစ်ကြောင်း တွေ့ရှိရသည်။ ကျုံ့ဝင်သွားခြင်းသည် ရင်းနှီးမှုကို ပမာဏကို ရောင်ပြန်ဟပ်သည်။
ဖခင်များတွင်လည်း မိခင်များကဲ့သို့ ကလေးမွေးဖွားပြီးချိန်တွင် ဦးနှောက်ကျုံ့ဝင်သွားသည်ကို တွေ့နေပြီး မိန်းမများနှင့်စာသော် ပမာဏသေးငယ်သည်။ မိန်းကလေးများ ကျုံ့ဝင်သွားသော ဦးနှောက် နေရာများ၌ပင် ဖြစ် သည်။ မိန်းကလေးများ၏ ဘရိန်းစကင် (Brain Scan) ကျုံ့ဝင်သွားပုံမှာ ကလေးမွေးဖွားသူနှင့် မမွေးဖွားရ သေးသူများကို ကွဲပြားပြောနိုင်လောက်အောင် သိသာသည်။ ဖခင်များတွင်မှု မိန်းကလေးများမှာလောက် မသိသာပါ။ ကလေးများပေါ်တွင် စိတ်ဝင်စားမှု အနည်း အများပေါ်တွင် မူတည်၍ ယောကျ်ားများ၏ မွဲပြာရောင် အသားကျုံ့ဝင်ခြင်းမှာ သိသာထင်ရှားမှု မရှိပါ။
ထို့ကြောင့် ဖခင်များ၏ မွဲပြာရောင်ပစ္စည်းများ ကျုံ့ဝင်သွားရပုံမှာ ကလေးမွေးပြီးနှင့် မမွေးမီ ကွဲပြားခြားနားပုံကို နားလည်နိုင်အောင် ကြိုးစားကြပါသည်။ ဖခင်များက ကလေးနှင့်ပို၍ ရစ်ပတ်နှောင်ဖွဲ့ပြီး ကလေးရလာလျှင် အချိန်ပိုရအောင် လုပ်မည်၊ ကလေးနှင့်ပို၍ နီးနီးစပ်စပ် နေရအောင် ကြိုးစားမည်ဟုဆိုလျှင် သူ၏ မွဲပြာရောင်ပစ္စည်း ကျုံ့ဝင်သွားခြင်းမှာ ပိုမိုများပြားသည်။ ကျုံ့ဝင်သွားသော မွဲပြာရောင်ပစ္စည်းများ၏ နေရာမှာ ဦးခွံ အဝိုင်း၏ရှေ့ဘက် (Cortex) နေရာအောက်မှာ ဖြစ်ပါသည်။ ထိုနေရာမှာ လေးလေးနက်နက် စဉ်းစားလေ့ရှိသော အရာများကို ကိုင်တွယ်သည့်နေရာ ဖြစ်ပါသည်။ မွေးဖွားပြီး သုံးလအကြာတွင် ကလေးနှင့် (bonding) ပိုဖြစ်လာသော ဖခင်များမှာ ထိုသို့ ကျုံ့ဝင်သွားမှု များပြားပါသည်။ ကလေးကို ပိုမိုချစ်ခင်လာခြင်း၊ ကလေးကို ပြုစုရခြင်းကို အလုပ်ပိုသည်ဟု မယူဆသူများ ဖြစ်သည်။
သို့သော် ထိုသို့ ရှုံ့ကျသွားရခြင်းအတွက်လည်း မကောင်းသော လက္ခဏာများကိုလည်း တွေ့ရပါသည်။ ထိုသူတို့တွင် ဆိုးရွားသော အိပ်မရသောရောဂါ၊ စိတ်ဖိစီးခြင်းဆိုင်ရာ လက္ခဏာများကို တွေ့ရသည်။ ထိုကာလမှာ မွေးဖွားပြီး တနှစ်တာကာလအတွင်းမှာ ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စကို အထောက်အကူပြုရန်အတွက် ကြီးမားသောဒေတာနှင့် အချက်အလက်များ လိုအပ်လျက် ရှိသည်။ ဤစမ်းသပ်ချက်များမှ ကောက်ချက်ဆွဲနိုင်ရန်မှာ ကလေးကို ပြုစုရခြင်းကြောင့် ဖခင်တွင် ဝန်ပိုလာပြီး ကျန်းမာရေးအတွက် အနုတ်လက္ခဏာဆောင်သည်ဟူသော အချက် ဖြစ်သည်။
ကလေးကို ပြုစုရခြင်း အသက်ကြီးပြင်းလာသည်အထိ စောင့်ရှောက်ရခြင်းမှာ အထီးကျန်ဆန်ပြီး အားအင်စိုက်ထုတ်ရသော အလုပ်တခု ဖြစ်ပါသည်။ မိခင်နှင့် ဖခင်တို့အပေါ် တာဝန်ကြီး ကျရောက်လျက်ရှိသည်။ ဖခင်များတွင် တက်စထရိုစတုန်း (Testostrong) ပါဝင်နှုန်း (Level) မှာ လျော့ကျသွားသည်။ ဖခင်အဖြစ် ပြောင်းလဲနေစဉ် ဖြစ်ရသောကြောင့် ကလေးနှင့် ရင်းနှီးစွာနေထိုင်ခြင်းကြောင့် ဖြစ်ပြီး ထိုအချက်က စိတ်ဖိစီးသောလက္ခဏာများကို ပြဆိုသည်။
သို့သော် ဖခင်အများက ပြောကြသည်မှာ ဤသည်မှာ ကလေးအပေါ် မေတ္တာစိတ်ချစ်ခင်စိတ်ကြောင့် ဖြစ်ရပြီး ၎င်းတို့ကို ပေးဆပ်နိုင်ရမည်ဟု ဖြစ်သည်။ ယနေ့ ဖခင်များသည် မိခင်များနည်းတူ ကလေးတစ်ယောက်ကို ကြီးပြင်းလာအောင် စောင့်ထိန်းရခြင်းသည် သူတို့၏အရေးကြီးသောဘ၀ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါသည်။ ဖခင်များက မိခင်များထက်ပို၍ သူတို့၏ ကျန်းမာရေး အနေအထားမှာ ကလေးကြောင့် ပို၍ကောင်းမွန်သည်ဟု ယူဆကြပါသည်။
နောက်ဆုံးရရှိသော ဒေတာများအရ သိရှိရသည်မှာ မိဘလုပ်ရခြင်းကြောင့် ရေရှည် ဦးနှောက် ကျန်းမာရေးတွင် တိုးတက်မှုရှိကြောင်း သိလာရခြင်း ဖြစ်ပါသည်။ ပို၍အိုမင်းသော မိဘများတွင် ၎င်းတို့တွင် ဦးနှောက်ကျန်းမာရေးမှာ ရွယ်တူကလေး မရှိသူများထက် ပိုမိုကောင်းမွန်ကြောင်းကို တွေ့ရှိရပါသည်။
ဖခင်များအတွက် ကောက်ချက်ချရမည်မှာ ဦးနှောက်အပြောင်းအလဲသည် သူ၏ချို့ယွင်းမှုများရှိသည် ဆိုစေ အကောင်းဘက်သို့ ပြောင်းလဲကြောင်းသာ ဖြစ်ပါသည်။ ဘေးမှ အကြံပေးသူများနှင့် ကြော်ငြာသူများက တက်ထရိုစထရုန်းအဆင့် မြင့်မားစေရန်အတွက် နည်းလမ်းမျိုးစုံ ပြောကြသည်။ Cage Fight- ခေါ် အချင်းချင်း သတ်ပွဲများ၊ ရေခဲရေချိုးခြင်း၊ အလေးမခြင်း စသည့် လေ့ကျင့်ခန်းများယူရန် အကြံပေးကြသည်။ ထိုသို့ အကြံပေးသူများ သတိပြုကြရန်အချက်မှာ ကောင်းမွန်စွာ နေထိုင်နိုင်သော ဘဝတစ်ခု ဆိုသည်မှာ ပြောင်းလဲနေသော အခြေအနေက တောင်းဆိုသလို လိုက်လျောညီထွေနေနိုင်ရေးပင် ဖြစ်သည်။
( ၃ )
သုတေသနလုပ်သူများက ဖခင်များကို လေ့လာရာတွင် ပြောဆိုကြသည်မှာ “ပြောင်းလဲခြင်း” အကြောင်းပင် ဖြစ်သည်။ မိဘတစ်ဦး အနေဖြင့် ကလေးနှင့် နေရခြင်း၊ ကလေး၏ ကြီးပြင်းလာသော အခြေအနေကို စောင့်ကြည့်ရခြင်းမှာ ဘဝအတွက် ကြီးစွာသော ပျော်ရွှင်မှုပင် ဖြစ်သည်။ ကလေးကို သင်ကြားပေးရသော အတတ်ပညာများတွင် စိတ်ရှည်စွာ ထားတက်အောင်၊ မည်သည့်ပြဿနာပင် တွေ့တွေ့ ကြံ့ကြံ့ခံနိုင်အောင် အတွင်းစိတ်ဓာတ်ကို ပြုပြင်ပေးရခြင်းများ ပါဝင်ရာ ၎င်းတို့မှာ သင်ပြရသူ မိဘများအတွက် သင်ခန်းစာကောင်းများ ရစေနိုင်သည်။
ပြောင်းလဲခြင်းဖြစ်နိုင်ရန် အချိန်များစွာနှင့် အလေ့အကျင့်ကို ယူရသည်။ ထို့ကြောင့် ကောင်းမွန်သော လူမှုအဖွဲ့အစည်းများတွင် ပေါ်လစီချမှတ်ရာတွင် ကလေးနှင့် (Bonding) ကို မြှင့်တင်ပေးရန်နှင့် မိဘဖြစ်ရသော စောစောစီးစီး အချိန်များတွင် စိတ်ဖိအား လျော့နည်းစေရန် ဂရုပြုရမည်။ ထို့ကြောင့် မိသားစုအတွက် ခွင့်ရက်များနှင့် ဖခင်တယောက်အတွက် လိုအပ်သော အချိန်များကို ပေးနိုင်ရန် အစီအစဉ်များ ချမှတ်ထားရသည်။ ဖခင် ဖြစ်ရခြင်းကြောင့် လူတစ်ယောက်ကို မိခင်များကို ပြောင်းလဲသကဲ့သို့ ပြောင်းလဲစေသည်ဖြစ်ရာ ကလေးကို ပြုစုရာတွင် သူတို့အဖို့ရာ အချိန်များကို အသုံးချရန်လိုသည်။ မွေးဖွားနှုန်းကျဆင်းချိန် ဖခင်များ အထီးကျန်အဖြစ် ခံစားရသည်များရှိရာ လူအုပ်စုနှင့် ဆက်ဆံရာတွင် အပေါင်းလက္ခဏာဆောင်သော အချက်များကို ဖန်တီးရန်လိုကြောင်း သတိထားရပါမည်။
Ref: Fatherhood transform men’s brain By Darbr Saxbe N.Y Time 17.June.2024
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar