Breaking News

ဒုက္ခပေါ် ဒုက္ခဆင့်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ပေးဆပ်မှုအတွက် ထိုက်တန်တဲ့ အောင်မြင်မှုရဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၄

ဒုက္ခပေါ် ဒုက္ခဆင့်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ပေးဆပ်မှုအတွက် ထိုက်တန်တဲ့ အောင်မြင်မှုရဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ

မြန်မာပြည်က ပြည်သူတွေရဲ့ နေ့စဥ်ဘဝတွေက ဒုက္ခတွေအပေါ် ဒုက္ခထပ်ဆင့်တဲ့ အနေအထားထဲ သက်ဆင်းနေတာ တွေ့ကြုံနေကြရတာပါ။ ဒီနေ့ ကြုံရတဲ့ ဒုက္ခက အဆိုးဆုံးလို့ ယူဆနေချိန်မှာပင် နောက်တရက် ရင်ဆိုင်ရတဲ့ ဒုက္ခတွေက မနေ့ကထက်ပိုမို ဆိုးရွားလာတဲ့ အသစ်သော အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ကျော်ဖြတ်ဖို့ မလွယ်ကူဘူးလို့ ထင်မြင်ရလောက်အောင် စိန်ခေါ်မှု အသစ်တွေ၊ ပိုမိုခက်ခဲတဲ့ အခက်အခဲတွေက နေ့စဥ်နဲ့အမျှ ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။

ယနေ့ ပစ္စုပ္ပန် မြန်မာလူထုတွေ ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေ၊ ကြောက်မက်စရာကောင်းတဲ့ အန္တရာယ်တွေကို အဆိုးဆုံးကနေ တန်းစီစဥ်းစားကြည့်တဲ့အခါ ညှင်းပန်းနှိပ်စက်ပြီး ရက်စက်စွာ သတ်ဖြတ်ခံရမယ့် အန္တရာယ်က ထိပ်ဆုံးမှာရှိလိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီနောက်မှာတော့ လက်နက်ကြောင့် ထိခိုက်သေဆုံးရမယ့် အသက်အန္တရာယ်က ဒုတိယ ဖြစ်နိုင်ပြီး လက်နက်နဲ့ ထိခိုက်သေဆုံးရတဲ့ အခြေအနေမျိုးမှာတောင်မှ မိသားစုဝင်တွေ တစုထည်း သေဆုံးရတာမျိုး အခြေအနေက ပိုမိုဆိုးရွားတဲ့ အနေအထားဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ 

အဲဒီနောက်မှာတော့ အသက်မသေသော်လည်း ဖမ်းဆီး နှိပ်စက်ခံရကာ ပိုင်ဆိုင်မှု ရှိစုမဲ့စု စုဆောင်းထားတာတွေ လုယူခံရတဲ့ အဖြစ်၊ နေထိုင်စရာအိမ်တွေ မီးတိုက် ဖျက်ဆီး ခံရတဲ့ အဖြစ်မျိုးက နောက်ကလိုက်လိမ့်မယ် ထင်ပါတယ်။ အဲဒီနောက် ဖမ်းဆီး ထောင်ချခံရတာ၊ ပိုင်ဆိုင်မှုတွေ အားလုံး သိမ်းဆည်းခံရ သို့မဟုတ် ဖျက်ဆီးခံရတဲ့ အဖြစ်မျိုးက ဆိုးရွားတဲ့ ဒုက္ခဖြစ်လိမ့်မယ် ထင်မိပါတယ်။ 

အဲဒီနောက်မှာ အငတ်ဘေးနဲ့ ကြုံရတဲ့ ဒုက္ခ၊ မိမိနေအိမ်မှာ နေပြီးဖြစ်စေ စစ်ဘေး၊ ဖမ်းဆီးခံရမယ့်ဘေးကနေ တိမ်းရှောင်နေတဲ့ ဘဝတွေမှာ အသက်ရှင်သန်ဖို့ စားစရာ ရိက္ခာမရှိတာ ငတ်တလှည့် ပြတ်တလှည့် စားသောက်ရှင်သန်ရတာ၊ ရိက္ခာအစားအသောက် ရှိပေမယ့် ပိတ်ဆို့မှုတွေကြောင့် မတန်တဆ စျေးနှုန်းတွေဖြစ်နေပြီး လက်လှမ်းမမီ ဝယ်မစားနိုင်၊ အကူအညီလည်း မရတဲ့ အခြေအနေမျိုးကလည်း လူ့လောက ကနေ အပြီးတိုင်ထွက်ခွာသွားချင်စိတ် ပေါ်ပေါက် လာလောက်တဲ့ အထိ ခက်ခဲကြပ်တည်းတဲ့ အနေအထားဖြစ်ပါတယ်။ တခါတရံ အသက်ရှင်သန်ဖို့ ကြိုးစားလွန်းရတဲ့ အနေအထားမှာ ရုတ်တရက် အသက်ဆုံးရှုံးသွားသူတွေရဲ့ ဘဝမျိုးကိုတောင် ဒုက္ခကနေ လွတ်မြောက်သွားတယ်လို့ ထင်မြင်ယူဆရတဲ့ အထိ ရှင်သန်နေထိုင်ရေးက ခက်ခဲလွန်းတဲ့ အခြေအနေတွေ ဒီနေ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ကြုံနေကြရတာဖြစ်ပါတယ်။
စစ်ဘေးရှောင်ဒုက္ခ၊ တိုက်ပွဲကြားထဲက မြို့ခံလူထု ရဲ့ ဘဝ၊ ဆန်၊ ဆီ၊ အခြားရိက္ခာတွေ ဝယ်ယူဖို့ မတတ်နိုင်လောက်အောင် စျေးတွေမြင့်တက်သွားတဲ့ အခြေအနေ အောက်မှာ မိသားစုကို ကျွေးမွေးဖို့၊ မကျန်းမမာဖြစ်ရင်၊ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ရောဂါ၊ ထိခိုက်ဒဏ်ရာရတာမျိုးမှာ ကုသမှုခံယူနိုင်ဖို့၊ ငွေကြေးအကုန်အကျ ခံနိုင်ဖို့ က အဆင့်တိုင်း အခြေအနေတိုင်းမှာ စိန်ခေါ်မှုတွေ တသီတတန်းကြီး ရှိနေကြတာ ဖြစ်ပါတယ်။

လတ်တလော ရှမ်းမြောက်ဒေသ လားရှိုးမြို့ကနေ စစ်ဘေးတိမ်းရှောင်ကြရသူတွေအဖို့ လားရှိုးကနေ အခြားမြို့တမြို့ကို သွားရောက်နိုင်ဖို့ ကားခ အနေနဲ့ တယောက်ကို ၃ သိန်းခွဲ ကျသင့်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားကြတာ တွေ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက် ပိတ်ဆို့ခံထားရတဲ့ အနေအထားမှာ သွားလို့ရတဲ့ လမ်းကြောင်းက ကွေ့ပတ်ပြီးသွားရတဲ့ အနေအထား၊ လမ်းတလျှောက် လက်နက်ကိုင် အဖွဲ့တွေကို ပေးရတဲ့ ဂိတ်ကြေးလိုမျိုး၊ ပစ်ခတ်တိုက်ခိုက်မှုအကြား ထိခိုက်သေဆုံးနိုင်ခြေ၊ ပိတ်ဆို့ခံထားရတဲ့ အနေအထားမှာ သိသိသာသာ မြင့်တက်နေတဲ့ လောင်စာဆီဈေးနဲ့ စွန့်စားပြီး သွားလာရတဲ့ အကြောင်းတွေကြောင့် အရင်ဘယ်တုန်းကမှ မကြားဖူးတဲ့ ကားခတွေကို လူတိုင်းတော့ တတ်နိုင်ကြတဲ့ အနေအထားမဟုတ်ကြပါဘူး။
လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတိုင်းက ၄င်းတို့ရဲ့ စစ်ရေး ရည်မှန်းချက်၊ နယ်မြေစိုးမိုးရေး ရည်မှန်းချက် အောင်မြင်ဖို့ရာမှာ အခြားသော အရေးကိစ္စ ဘယ်အရာကိုမှ ဦးစားပေး ထည့်သွင်းစဥ်းစားကြမှာ မဟုတ်တဲ့ အနေအထားမျိုးလည်း တွေ့နေရတာ ဖြစ်ပါတယ်။ 

အရပ်သားတွေရဲ့ လုံခြုံဘေးကင်းရေး၊ စစ်ပွဲရဲ့ ဝန်ဒုက္ခတွေ အရပ်သားတွေအပေါ် မကျရောက်အောင် ထည့်သွင်းစဥ်းစားမှုမျိုး မတွေ့ရသလောက် ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မိမိတို့ စစ်ရေး အသာစီးရဖို့၊ အောင်ပွဲရဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို လုပ်ဆောင်ကြမယ့် အနေအထားလို့ဆိုရင် မှားမယ် မထင်ပါဘူး။

ပြည်တွင်းစစ်လို့ ယေဘုယျ စကားလုံးနဲ့ ခေါ်ဝေါ်ကြပေမယ့် အနှစ်သာရအားဖြင့်ဆိုရင် ပြည်တွင်းစစ်က အသက်သေဆုံးမှု၊ မိသားစု သေကွဲ၊ ရှင်ကွဲ ကွဲကွာရခြင်း၊ ငတ်မွတ်မှုတွေ၊ ပိုင်ဆိုင်မှု ဆုံးရှုံးခြင်းတွေ၊ သတ်ဖြတ်မှုတွေ၊ အမုန်းတရားတွေ၊ ဖျက်ဆီးခြင်း၊ လက်စားချေခြင်းနဲ့ ဒဏ်ခတ်ခြင်းတွေက ပြည်တွင်းစစ်ရဲ့ နေ့စဥ် မြင်ကွင်းတွေ၊ ဖြစ်စဥ်တွေလို့ ဆိုရမယ့် အနေအထားလည်း ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကို ဆင်နွှဲကြရာမှာ နိုင်ငံရေး ရည်မှန်းချက်တခုအတွက် တနည်းအားဖြင့် အာဏာစီမံခန့်ခွဲခွင့် အတွက် ရည်မှန်းချက်ထား ဆင်နွှဲကြတာ ဖြစ်ပါတယ်။ ဒီအာဏာ စီမံခန့်ခွဲပိုင်ခွင့်က လူထုအတွက် ဘယ်လောက် အကျိုးများမလဲ တနည်းအားဖြင့် အကျိုးခံစားရမလဲ ဆိုတာ ပြောရခက်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ပြည်သူလူထု အနေနဲ့ နေအိမ်၊ အလုပ်အကိုင်၊ မိသားစုတွေ အသက်တွေ ပိုင်ဆိုင်မှုတွေ ဆုံးရှုံး ပျက်စီးရတဲ့ ပေးဆပ်မှုက ပြည်တွင်းစစ် အလွန်ကာလမှာ အေးအေးချမ်းချမ်းနဲ့ တန်းတူညီမျှ လုပ်ကိုင် စားသောက်နိုင်တဲ့ အုပ်ချုပ်မှုမျိုး ပတ်ဝန်းကျင်မျိုးကို ဆောင်ကျဥ်းလာ နိုင်မလား ဆိုတဲ့ မေးခွန်း ရှိနေတာလည်း ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ စစ်ပွဲတွေဖြစ်ပွားလာတဲ့အခါ မိမိတို့ရဲ့ ဆန္ဒပြု၊ ထောက်ခံရွေးချယ်တဲ့ လမ်းကြောင်း မဟုတ်သည့်တိုင် စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုတွေကိုတော့ အားလုံး သာတူညီမျှ ခံစားကြရတာ ဖြစ်ပါတယ်။
စစ်ပွဲတွေက နိုင်ငံရေး ဘုံရည်မှန်းချက် တခုဆီ ဦးတည်သွားနေသလား သို့မဟုတ် သီးခြားစီ ရှိနေကြတဲ့ ဦးတည်ချက်တွေ အကျိုးစီးပွားတွေဆီ ဦးတည်သွားနေကြသလား ဆိုတာ ဘယ်သူမှ တိတိကျကျ အဖြေမပေးနိုင်တဲ့ အနေအထားလို့ ဆိုရင် မှားမယ် မထင်ပါ။ လက်နက်ကိုင် အဖွဲ့တိုင်းမှာ နိုင်ငံရေးရည်မှန်းချက် ရှိကြသလား၊ နိုင်ငံရေး ရည်မှန်းချက် ပြည့်မြောက်အောင်မြင်ဖို့ရာ စစ်ရေး နည်းလမ်းအပြင် နိုင်ငံရေးနည်းလမ်းတွေကိုပါ ကျင့်သုံးနိုင်စွမ်း၊ ကျင့်သုံးလိုတဲ့ ဆန္ဒရှိကြလားဆိုတာလည်း မေးခွန်းထုတ်စရာ ရှိနေတာ ဖြစ်ပါတယ်။

ချုံ့ပြောရရင်တော့ ပြည်သူလူထု အနေနဲ့ တသက်မှာ တကြိမ်သာ ကြုံတွေ့ရတဲ့ ဒုက္ခပေါ် ဒုက္ခဆင့်တဲ့ အတွေ့အကြုံတွေ၊ အသက်တွေ ပိုင်ဆိုင်မှုတွေ၊ ချစ်ခင်မြတ်နိုးရသူတွေ ဆုံးရှုံးရခြင်း စတဲ့ ပေးဆပ်မှုတွေ နဲ့ ထိုက်တန်တဲ့ အနာဂတ်အိပ်မက်တွေ အတူတူ မက်နိုင်တဲ့ နိုင်ငံရေးရည်မှန်းချက် ရှိနေပြီလား၊ ရှိနေရဲ့လား ဆိုတာ အကြီးမားဆုံး မေးခွန်းတရပ် ဖြစ်နေတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar