Breaking News

မောင်တူး - သူမတူအကျဉ်းသားအောင်ဆန်းစုကြည်

သူမတူအကျဉ်းသား အောင်ဆန်းစုကြည် 
မောင်တူး
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၄

ဒေါ်စုနဲ့နေပြည်တော်ထောင်မှာ
ခွဲခွာကာနီး စကားပြောခွင့်ရခဲ့တော့
အာဏာသိမ်း စစ်ကောင်စီကို ရဲရဲဝံ့ဝံ့
ရင်ဆိုင်နေသူတိုင်းအတွက်ဂုဏ်ယူကြောင်း
မျှော်လင့်ချက်ဆက်ထားကြဖို့
အရှုံးမပေးကြဖို့ သူကမှာတယ်။ ။

(ရှောင်တာနယ်.... သူမတူအကျဉ်းသား စာမျက်နှာ ၁၉၇)

ဆရာ အေကေမိုး ဘာသာပြန် "သူမတူအကျဉ်းသား" မစ္စတာရှောင်တာနယ် (Sean Turnell) ရဲ့ An Unlikely Prisoner စာအုပ်ကို ဖတ်လို့ပြီးပါပြီ။ သူ့ရဲ့ အင်းစိန်ထောင်၊ နေပြည်တော်ထောင် အတွေ့ အကြုံတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကား ပြောခွင့်ရတာလေးတွေကို ထုတ် ရေးပြသွားကြည့်ကြပါစို့။

အခုတော့ ဒေါ်စုကို ဘယ်မှာထားသလဲ ရှင်းရှင်းလင်းလင်း မသိရပါ။ သေခြာတာကတော့ ဒေါ်စုဟာ ၂၀၂၂ ခုနှစ်က သိပ်ဆိုးဝါးတဲ့ နေပြည်တော်ထောင်ကို ရောက်လာကြောင်း ရှောင်တာနယ်က ရေးခဲ့တာပါ။
"အာဏာသိမ်းစစ်ကောင်စီကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြသူတိုင်းအတွက် ဒေါ်စုက ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။"

ဒီစကားရဲ့ အဓိပ္ပာယ်က ... ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေတွေ၊ မိသားစုတွေနဲ့ တွေ့ခွင့် မရပေမဲ့ ပြည်သူတွေ ဆန္ဒပြတာ၊ သံပုံးတီးတာ၊ PDF တွေ စစ်တိုက်နေတာ၊ CDM တွေ ပြုလုပ်နေကြတာ၊ NUG အစိုးရ ဖွဲ့ထားတာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ပါဝင်နေကြတာတွေကို သိပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြသူတိုင်းကို ခွန်အားပေးစကား ဂုဏ်ယူကြောင်း ပြောလိုက်တာပါ။ ဒေါ်စု အခုလို ပြောနိုင်ဖို့ကလည်း မြန်မာပြည် အခြေအနေကို သိနေရမယ်လေ။ ရှောင်တာနယ်က ဩစတေးလျားနိုင်ငံသားမို့ သံရုံးတွေ နိုင်ငံခြားသားသူငယ်ချင်းတွေကတဆင့် ပါဆယ်၊ စာအုပ် ပို့ခွင့်ရသလို ပြင်ပနဲ့ ဖုန်းပြောခွင့်တွေပါ ရတယ်လေ။ သူက မြန်မာတပြည်လုံး အခြေအနေတွေကို သိနေတာပေါ့။ ထောင်သားတွေနဲ့ ရောနေခွင့်ရတော့ သူက တဆင့်စကား တဆင့်နားနဲ့ သိနေတာပေါ့။ ဒါကြောင့် ဒေါ်စုနဲ့ တပတ် ၁ ကြိမ် ရုံးချိန်းတွေမှာ စကားပြောခွင့်ရတိုင်း ဒါတွေကို ပြောပြတော့ ဒေါ်စုကလည်း သိသွားပြီး (နွေဦးတော်လှန်ရေးမှာ) အာဏာသိမ်း စစ်ကောင်စီကို ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင် နေကြသူတိုင်းကို ဂုဏ်ယူကြောင်း ပြောခဲ့တာပါ။ တာဝန်ကျေတဲ့ ပြည်သူတွေကို ဂုဏ်ယူထိုက်သူတွေကို ဂုဏ်ယူတာ မင်္ဂလာတပါးပါ လူထုခေါင်းဆောင်။

အကျယ်ထောင်ကပြည်သူကိုစုကမှာတယ်

မျှော်လင့်ချက်ဆက်ထားကြဖို့
အရှုံးမပေးကြဖို့ ဒေါ်စုကမှာတယ် . . .လို့ ရှောင်တာနယ်က ရေးပါတယ်။
ဒါဟာ နွေဦးတော်လှန်ရေး အောင်ကို အောင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခရီးဆက်ကြပါလို့ ပြောလိုက်တာပေါ့။ နွေဦးတော်လှန်ရေးကို ဘယ်တော့မှ အရှုံးမပေးကြနဲ့လို့ ဒေါ်စုက ပြောလိုက်တာပါပဲ။
ဒါဆိုရင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်စုနဲ့သွားတွေတုန်းမှာဒေါ်စုက အကြမ်းဖက်နည်းကို လက်မခံဘူး။ PDF, NUG တွေကို လက်မခံဘူးဆိုတဲ့ စကားသံတွေက မဟုတ်မမှန်ဘူး ဆိုတာ ထင်ရှားနေပါပြီ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ NLD ဗဟို ကော်မတီဝင်တွေ ကိုယ်တိုင် သူ့ကို ထောင်ထဲမှာ သွားတွေ့တာတောင်မှ အတွေ့မခံခဲ့ဘူးလေ။ ဗမာစကား၊ ပါဠိစကား၊ အင်္ဂလိပ်စကား၊ ပြင်သစ်စကား စတဲ့ ဘာသာစကား တော်တော်များများကို တတ်နေတဲ့သူမဟာ စာဖတ်အားလည်းကောင်း လေ့လာအားလည်း ကောင်း အကင်းလည်းပါးသူပါ။ ဒါကြောင့် ဒီအချိန် ထောင်ထဲအထိ လာနိုင်သူတွေဟာ စစ်အာဏာရှင်ဖက် ပါသွားသူတွေဆိုတာ သူက သိနေမှာပေါ့။ ဒေါ်စုရဲ့ ပြည်သူသို့ အမှာစကားကို ထောင်ထဲကနေ ရှားရှားပါးပါး သယ်ယူလာပေးတဲ့ စာရေးသူ ရှောင်တာနယ်၊ ဘာသာပြန်သူ အေကေမိုးတို့ကို ကျေးဇူးတင်ပါ၏။

ဒီအာဏာရှင်တွေကြာကြာမခံပါဘူး

"ကျမတို့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့ပါတယ်။
ဘယ်လိုအနေအထား ဖြစ်နေပါစေ။ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ
တွေးထားကြပါ။ အစီအစဉ်တွေ ဆွဲထားကြပါ။
ကျမတို့ လူထုတာဝန်ကို ပုခုံးထမ်း ပြန်ယူရမယ့်အချိန်အတွက်
ပြင်ဆင်ထားကြပါ။ ဒီအာဏာရှင်တွေ ကြာကြာမခံပါဘူး။"
(ရှောင်တာနယ်.... သူမတူအကျဉ်းသား စာမျက်နှာ ၁၉၇)

ဒေါ်စုရဲ့ စကားက တိုပေမယ့် အဓိပ္ပာယ်ကတော့ ကျယ်ပြန့် ရှည်လျှားလှပါတယ်။ အာဏာရှင်တွေ ကြာကြာမခံပါဘူး ဆိုတာကလည်း အခု ၁၀၂၇ စစ်ဆင်ရေးတွေကိုကြည့်ရင် သဘောပေါက်မှာပါ။ အလံဖြူထောင်တဲ့ မအလ တပ်တွေကလည်း များလာ၊ တပ်ပြေး၊ CDM လုပ်၊ လက်နက်ချသူတွေကလည်း တပုံတပင်နဲ့ တွေ့နေကြရပါပြီ။ လူထုခေါင်းဆောင်တွေကိုယ်တိုင်နဲ့ လူထုက လုပ်သင့်တာတွေလုပ်ခဲ့ကြပြီ။ ရှေ့သိုချီစီမံကိန်းတွေလုပ်ထားကြဖို့ ဒေါ်စုက မှာလိုက်တာပါ။ ကျမတို့ လူထုတာဝန်ကို ပုခုံးထမ်း ပြန်ယူရမယ့်အချိန်အတွက် ပြင်ဆင်ထားကြပါ လို့တောင် မှာလိုက်သေးရဲ့။ ဒီအာဏာရှင်တွေ ကြာကြာမခံဘူးလေ။ ပုခုံးထမ်း တာဝန်ထမ်းဆောင်ကြရမယ့် အချိန် ရောက်လာတော့မယ်ပေါ့။ စုရဲ့အမှာစကားကို သေသေခြာခြာ နားထောင်ကြပေတော့။ ဒေါ်စု ထပ်မှာတာက ထောင်တွင်းက အကြောင်း ဖြစ်ကြောင်း ကုန်စင်ကို ရှောင်တာနယ်က နိုင်ငံတကာကို ပြောပြဖို့။ ဒါကြောင့်လည်း သူမတူအကျဉ်းသား စာအုပ် ရေးသား ထုတ်ဝေဖြစ်ခဲ့တာပေါ့။ ဒီတွန်းအားက တခုအပါအဝင်ပေါ့။

သူ့အခန်းတခန်းထဲကိုသာအဲယားကွန်းတပ်ပေးမှာကိုဒေါ်စုလက်မခံ

ဒေါ်စု နေပြည်တော်ထောင်မှာ ရောက်လာတဲ့အခါ ထောင်မှူးက အဲ့ယားကွန်းတပ်ပေးမယ်ဆိုတာကို တခြားအခန်းတွေကိုတော့ တပ်မပေးပဲ သူ့တခန်းထဲ တပ်မှာကို လက်မခံခဲ့ပါဘူး။ ဒီအကြောင်းကို ရှောင်တာနယ်က သူမတူ အကျဉ်းသား စာအုပ် စာမျက်နှာ ၁၅၀ မှာ အခုလို ရေးပါတယ်။ " ၂၀၂၂ ဇူလိုင်မှာ ဒေါ်စုဟာ ကျနော်တို့ရှိရာ နေပြည်တော် ထောင်ကို ရောက်ပါတယ်။ ထောင်သားတွေနေတဲ့ဝင်းနဲ့ မီတာ ၁၀၀ အကွာမှာ တဲတလုံးထိုးပြီးထားတယ်။ သူ့နေရာကို တခြား အကျဉ်း ထောင်နေရာနဲ့ခွဲပြီး တံတိုင်းခတ်ထားတယ်။ အဆောက်အဦငယ် တခုထဲမှာ နေစရာဆိုလို့ ဧည့်ခန်းနဲ့ ရေချိုးခန်း အိမ်သာပဲပါတယ်။ အတော်ကြီးတဲ့ ပြတင်းပေါက်‌တွေ တပ်ထားပြီး လိုက်ကာတော့ တပ်မပေးဘူး။ တီဗွီ အစရှိတဲ့ ဖျော်ဖြေရေး ပစ္စည်းတွေ မရှိဘူး။ ဒေါ်စုအခန်းကို အဲယားကွန်း တပ်ပေးမယ်လို့ ထောင်မှူးက ကမ်းလှမ်းပေမယ့် တခြားအကျဉ်းခန်းတွေမှာ တပ်ထားမှ သူလည်းတပ်မယ် ဆိုတာနဲ့ သူလည်း ကျနော်တို့လို နေလိုက်ရတယ်။"
အထက်ပါ ရှောင်တာနယ်ရဲ့ ရေးသားချက်ကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခွင့်ထူးမခံသူ တယောက်ပါပဲ။ အလားတူ NLD အစိုးရမှာ သူမဟာ အတိုင်ပင်ခံရာထူးနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူး ၂ ခု ယူထားခဲ့သူပါ။ လစာ သိန်း ၃၀ စီ ရပါတယ်။ ၂ ခုပေါင်း ကျပ်သိန်း ၆၀ မယူပါဘူး။ တရာထူးစာ သိန်း ၃၀ သာယူခဲ့ပါတယ်။ အစိုးရ ဝန်ကြီးဘဝမှာ တာဝန်ထမ်းနေစဉ်ကလည်း ဒေါ်စုနဲ့ ဝန်ထမ်းတွေ တွေ့ရင် သူ့ကို လက်အုပ်ချီတာကို သူက မကြိုက်ပါဘူး။ ကျမကို ဘာလို့ လက်အုပ်ချီနေကြတာလဲ။ ကျမ ဘုန်းကြီးမဟုတ်ဘူးလို့ ပြောလေ့ရှိပါတယ်။ လက်အုပ်ချီတာကို ကြိုက်ကြတဲ့ အခွင့်ထူးခံ စစ်ဗိုလ်ချုပ်ကြီးများနဲ့တော့ တခြားစီပါပဲ။

အောင်ဆန်းစုကြည်ကိုထောင်ထဲမှာဝှက်ထားတယ်

အခု ဒေါ်စုဘယ်မှာလဲ။ နေပြည်တော် စစ်တပ်ဝင်းတခုထဲမှာ ထားသလိုလို၊ တချို့ကလည်း နေပြည် တော်ထောင်ထဲမှာပဲရှိနေသလိုလို ပြောကြပါတယ်။ တကယ်က ဝှက်ထားတာပါ။ မစ္စတာရှောင်တာနယ်က သူမတူအကျဉ်းသား စာအုပ် စာမျက်နှာ ၁၅၁ မှာ အခုလို ရေးခဲ့ပါတယ်။
"ဒေါ်စုကို ကျနော်တို့ မမြင်အောင် ထောင်အာဏာပိုင်တွေက အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒေါ်စု တရားရုံးကြားနာချိန်ဆိုရင် နေပြည်တော်အချုပ်ထောင် တခုလုံး အပြင်ပေး မထွက်ပါဘူး။ အခန်းထဲမှာ ပိတ်ထားခံကြရတယ်။ အပြင်က မမြင်ရအောင် စတစ်ကာ ကပ်ထားတဲ့ ကားနက်ကြီးနဲ့ သူ့တဲကနေ တရားရုံးအထိ ခေါ်သွားလေ့ရှိတယ်။ အဲ့ဒါမျိုး တပတ်ကိုလေးရက် အလုပ်ခံရတယ်။ ထောင်အာဏာပိုင်တွေက ဘယ်လိုပဲဖုံးဖိထားပါစေ နိုင်ငံရေးအကျဉ်းသားတွေကတော့ နောက်ဆုံးမှာ ဒေါ်စုဒီရောက်နေတယ်ဆိုတာ သိသွားကြတယ်။ တညမှာ ပင်မထောင်ဖက်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သီချင်းတပုဒ်ကို ကျယ်ကျယ်လောင်လောင် ဝိုင်းဆိုပါတော့တယ်။ သူတို့တွေ အားလုံး အရိုက်အနှက်ခံလိုက်ကြရတယ်။ နောက်တကြိမ်မှာတော့ တရားရုံးရှေ့ သူမရဲ့ကား ဖြတ်အသွား အမေစုကျန်းမာပါစေလို့ ရင်ခေါင်းသံတွေနဲ့ ဝိုင်းအော်ကြတယ်။ သူတို့လည်း အရိုက်ခံကြရတယ်။ ဘယ်လိုအရိုက်ခံကြရပါစေ၊ ဒီထောင်ထဲကို ရောက်လာသူတွေထဲမှာ ဒေါ်စုအတွက်နဲ့ ရောက်လာကြသူတွေ မနည်းပါဘူး။ ကျနော်လည်း အပါအဝင်ပေါ့။တချို့ လူငယ်တွေဆိုလဲ ဒေါ်စုကို ထောက်ခံကြောင်း ဆိုရှယ်မီဒီယာမှာ ရေးရုံနဲ့ ရောက်လာကြတာ။ ဒေါ်စုရဲ့သက်တော်စောင့် ချယ်ရီထက်ဆိုလည်း ဖေ့စ်ဘုတ်မှာ လွမ်းတယ်အမေလို့ ရေးရုံနဲ့ ထောင် ၅ နှစ်ကျတယ်။"

သူမတူအကျဉ်းသားအောင်ဆန်းစုကြည်

"သူမတူ အကျဉ်းသား" စာအုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ရေးသားတဲ့ An Unlikely Prisoner စာအုပ်ကို အေကေမိုး ဘာသာပြန်ထားတာပါ။ ဒီစာအုပ်မှာ အင်းစိန်ထောင်၊ နေပြည်တော်ထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဘဝတွေ ပါဝင်ပါတယ်။ မစ္စတာ ရှောင်တာနယ်ရဲ့ ထောင်တွင်း ရက်ပေါင်း ၆၅၀ အတွေ့ အကြုံတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက် တခြားသူတွေရဲ့ တိုက်တွန်ချက်တွေ ရှောင်တာနယ်ရဲ့ ပြင်းပြတဲ့ ဆန္ဒတွေနဲ့ ရေးသားခဲ့တာပါ။ Burmese Democracy Development Collaboration (BCDC) က ထုတ်ဝေပါတယ်။ မျက်နှာဖုံးက သည်မော်နိုင် လုပ်တာပါ။ ၂၀၂၄ ဧပြီမှာ ပထမအကြိမ် အုပ်ရေ ၃၀၀၀ ထုတ်ဝေပါတယ်။ ထိုင်းမှာ တအုပ် ၄၀၀ ဘတ်နဲ့ ရောင်းတယ်။ အနောက်နိုင်ငံတွေမှာ ၃၅ ဒေါ်လာ တဲ့။ စာအုပ်မှာ စာမျက်နှာ ၂၅၀ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူမတူ အကျဉ်းသား တဦးပါ။ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ပြောတယ်ဆိုတာကို စစ်အာဏာသိမ်း ၃ နှစ်ကျော်မှာ ပြည်သူတွေမသိကြရတော့ပါဘူး။ ဒါကြောင့်သူနဲ့ တွေ့ဆုံခဲ့တဲ့ ရှောင်တာနယ်ရဲ့ သူမတူအကျဉ်းသားစာအုပ်ထဲက ဒေါ်စုအကြောင်းတွေကို ပြန် လည် ဖော်ပြလိုက်တာပါ။ သူမတူအကျဉ်းသားစာအုပ်ကိုလည်း ရှာဖတ်ကြပါ။ သူမတူအကျဉ်း သားဒေါ်စု ပြောခဲ့တာတွေကတော့ ...

"အာဏာသိမ်းစစ်တပ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသူတိုင်းအတွက် ဂုဏ်ယူတယ်။
မျှော်လင့်ချက်ဆက်ထားကြပြီး အရှုံးမပေးကြနဲ့။
ဘယ်လိုအနေထားဖြစ်နေနေ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ တွေးထားကြ။ အစီအစဉ်တွေ ဆွဲထားကြ။ ကျမတို့ လူထုတာဝန်ကို ပခုံးထမ်း ပြန်ယူရမယ့်အချိန်အတွက် ပြင်ဆင်ထားကြ။
အာဏာရှင်တွေ ကြာကြာမခံပါဘူး။"

မောင်တူး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar