Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၄ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၄ )

(မိုးမခ) ဇူလိုင် ၈ ၊ ၂၀၂၄


5/7/24

Diary in the darkness 

ဘာမှ မလုပ်တတ်တဲ့ စစ်ကောင်စီတွေဟာ ဘာမဆိုလုပ်ရဲနေမှတော့ တိုင်းပြည်ပျက်တာ ဆန်းသလားဗျာ။ 

မနက်ပိုင်း မိုးကုတ်မှာ လဖက်ရည်ဆိုင်တွေဖွင့်တယ်။ နေ့လယ်မှာ ပိတ်တယ်။ မိုးကုတ် လယ်ဦးဖက်မှာ ဓာတ်ဆီဝာန်းစီနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေ၊ ဟင်းသီးဟင်းရွက်သည်တွေကို လူမှုကွန်ရက် ဓာတ်ပုံတွေမှာ တွေ့ရတယ်။ 

မိုးကုတ် အနောက်ပိုင်းမှာတော့ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်နေပြီ။ စတားလင့်ကို သုံးလို့ရအောင် ကြိုးစားနေကြတယ်။

ဒရုန်းတပ်ဖွဲ့ဝင် PDF တစ်ယောက် မိသားစုနဲ့ တွေ့ဆုံနေပုံ ရုပ်သံ တက်လာတယ်။ PDF တွေ ရှေ့ထွက်လာပြီ။ အထူးသဖြင့် မန္တလေး PDF တွေ မန်း/ရှမ်း စစ်ဆင်ရေးမှာ လက်စွမ်းပြနေကြတယ်။ 

မတ္တရာ နားက အယ်ဖာ ဘိလပ်မြေစက်ရုံကို တော်လှန်ရေးတပ်တွေ သိမ်းမိပြီလို့ သတင်းတွေ တက်လာတယ်။ 

လားရှိုးမြို့ထဲ လက်နက်ကြီးတွေကျတယ်။ အသေအပျာက် ၁၀ ယောက်ကျော်တယ်။ စကစက လားရှိုးကို ဖြတ်လေးဖြတ် လုပ်နေ။ တော်လှန်ရေးတပ်တွေက စစ်မျက်နှာ ၆ ခုကနေ အင်အား အလုံးအရင်းနဲ့ ဝင်ဆောင့်နေတယ်။ 

ဒေသခံတွေကတော့ အလံဖြူထောင်ထားတဲ့ ကားတွေနဲ့ မြို့ကို စွန့်ခွာနေကြတယ်။ စစ်ဖြစ်ရာနယ်မြေတွေကို ရှောင်ပြီး သီပေါဘက်ကို ဦးတည်နေတယ်။ အဲဒီကတဆင့် ရှမ်းပြည်တောင်ပိုင်းကို ထွက်ခွာကြမယ် ထင်တယ်။ 

လားရှိုးသိမ်းအောင် ပြီးရင် မန္တလေး သိမ်းဇော် လာမယ်တဲ့။ တော်လှန်ရေး လိုလားသူတွေက ငြာသံပေးနေတယ်။ 

သံတွဲကို AA သိမ်းတော့မယ်လို့ ခန့်မှန်းနေကြတယ်။ 

လွယ်ကော်မြို့ကတော့ စစ်ကောင်စီလက်ထဲ ပြန်ကျသွားတယ်။ 

KNLA က ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းကို လက်နက်များ လာရောက်အပ်နှံဖို့ ရာဇသံပေးနေတယ်။ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေး အသံမထွက်နိုင်တာ ကြာပေါ့။ 

နိုင်ငံတလွှားက တော်လှန်ရေးတပ်တွေရဲ့ စစ်ကောင်စီတပ်စခန်း တခုပြီးတခုကို သိမ်းကာ သုံ့ပန်း‌ တွေကို ဖမ်းဆီးနေတဲ့ အောင်ပွဲခံသတင်း ဗီဒီယိုကလစ်‌တွေက အချိန်နဲ့တပြေးညီ ပျံ့နေတယ်။ ခေတ်မီနည်းပညာသုံး မီဒီယာတွေက လူထု လက်ထဲ ရောက်နေပြီလေ။ ဦးနုခေတ် မဟုတ်တော့ဘူး၊ ဗိုလ်နေဝင်းခေတ် မဟုတ်တော့ဘူး။ ခင်ညွန့်ခေတ် မဟုတ်တော့ဘူး။ 

အွန်လိုင်းပေါ်မှာ စစ်ကောင်စီ ထောက်ခံသူတွေက မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးတွေကို ပြောင်လှောင် ဆဲဆိုနေကြတယ်။ အွန်လိုင်းမီဒီယာ စစ်မျက်နှာပြင်မှာလည်း တော်လှန်ရေး ထောက်ခံသူတွေ အသာစီးရနေတာ အထင်အရှား။

အန်ကယ် တူမီး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar