ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကြိုးဆင်ပို့ပြီ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကြိုးဆင်ပို့ပြီ
(မိုးမခ) ဇူလိုင် ၇ ၊ ၂၀၂၄
ဆင်လေးကောင်ကို ရိုးရိုးမပို့ဘဲနဲ့ ဘယ်ကောင်က ကြိုးဆင်ပို့လိုက်တယ်မသိဘူး။ ဂျပု အကြောက်ဆုံးဟာကိုမှ သေချာရွေးလုပ်လိုက်တာလား၊ အလိုလို နိမိတ်ပြတာလား။
တိရစ္ဆာန်ရုံကို ပို့တဲ့ဆင်လေ၊ ရှင်လောင်းလှည့်တာလည်း မဟုတ်၊ ဘုရားပင့်တာလည်း မဟုတ်နဲ့ ကကြိုးမဆင်ဘဲ ဒီတိုင်းပို့ရမှာ။ အဲဒါ ကကိုသွားပြီး ကြိုးဆင်တယ်ဆိုတော့ “ကြင်စိုး၊ နင် …တန်ပြီ” လို့ ဆိုတာပေါ့။ လေးကောင်လုံး ကြိုးဆင်တာနော်၊ ကြင်စိုးသားမိသားဖ လေးယောက်လား၊ ခေါင်းကြီး လေးယောက်လား၊ တလားလားပဲ။
ဒီရက်ပိုင်း တရုတ်ကလဲ ဇာတ်ကားသစ်အတွက် မင်းသား မင်းသမီးရှာ၊ တယောက်ပြီး တယောက် ခေါ် ခေါ် ဗျူးနေပြီ။ ဘယ်သူ့ နဖူး ဂျိုပေါက်မယ် မသိ။ ပထမဆုံး သာဂေါင်ကြီးကို သွားတွေ့။ အဲသမှာ သာဂေါင်ကြီးက ဇာတ်ညွှန်းခွဲပေးလိုက်ပုံရ။ သူက အခရာကိုး။ တကယ်တော့ သူလည်း အကျယ်ချုပ်အဆင့်နဲ့ နင့်နေတာကြာပြီ မဟုတ်လား။ အဲတော့ ဂျပုက ပမာမခန့်နဲ့ ဆင်ကို တရုတ်မပို့ဘဲ ဂျပန် ပို့ပြလိုက်သေးတယ်။ လူစဉ်သာ မမီတာ၊ ဉာဏ်စဉ်ကျ တိုတိုလေး ဆိုတာလို။ အဲဒါကို သူ့ကောင်တွေကလား၊ ဘူ့ကောင်တွေကလား၊ ဆင်ကို ကြိုးဆင်ပို့လိုက်တာလေ။ ကြင်စိုးလည်း ကြိုးဆင်ပို့မယ်ဆိုတဲ့ သဘော။ သူ့အတွက်ကတော့ ကြိုးစင်မှာ ကြိုးတင်တာပေါ့လေ။ သူ့မှာက ဘုရင်ရောဂါနဲ့ဆိုတော့ ကြိုးတင်တယ်လို့ သုံးရင် ဘယ်လိုလုပ် နှစ်ခြိုက်တော်မူမလဲ၊ ထီးသံ နန်းသံနဲ့ ကြိုးဆင်တယ်လို့ သုံးမှ ဘောတော်ကျမပေါ့။ သူ့ကို ဆင်တဲ့ကြိုးကတော့ ကကြိုးမဟုတ်၊ ချကြိုး။ အရင်က သူ့ကို မဘသလောက်ပဲ မကြိုက်တာ၊ ခုတော့ အပြုတ်ရော အချုပ်ရော တရုတ်ရော ဘယ်သူမှ မကြိုက်တော့ဘူးဆိုတော့ ချကြိုးဆင်ရုံမှတပါး အခြားမရှိပေါ့။ အဲဒါကို ဦးကျောက်လုံးရယ်၊ အံ့ကျော်ရယ်၊ စိုင်းအောင်ဝင်း ရယ် စပ်ကျထားတဲ့ မုဒိမ်းမြူး မြူးနေတဲ့ မျက်နှာနဲ့ တရုတ်ကို မြန်း အေးအတူ ပူအမျှ နေကြတာပေါ့တွေ ဘာတွေ သွားလုပ်နေသေးတယ်။ မသိရင် ဟိုကပဲ အားကိုးမှီခိုနေရသလိုလို။ ကြင်စိုးက ဗီလိန် နေရာမှာတော့ ရုပ်ခံကိုက မွေးရာပါ။ အဲဒါကြောင့် တရုတ်က မင်းသားပဲ ရှာတာကလား။
စစ်ရေးကလည်း ဌာနချုပ်တံတိုင်း ပြောင်းတင်နေကြပြီလေ။ ရှမ်းရော၊ မန်းရော၊ ကချင်ရော၊ ရခိုင်ရော၊ နမခဆို အညာသားတွေ မထင်ရင် မထင်သလို လက်နက်ကြီးထုတ်ပြီး အစမ်းသွားသွားပစ်နေတာ ကြာပြီပ။ သူက ခုမှ ဖရဲသီး ရှာအုံးရှိသေး။ ကရင်ကဆို “ဟေ့ ပေါင်တွေကွတဲ့ အောင်ဇေယျတို့၊ မင်းတို့ လက်နက် ကျောနောက်ပစ် ဒီဘက် လစ်ခဲ့ကြ၊ ဟိုဘက်ပြန်ရင် မသာပေါ်မှာဘဲ” တဲ့၊ ဗြောင် စာထုတ်ပြောနေတာ။ မန်းပီဒက်ကလည်း မတ္တရာ စဉ့်ကူးက ပြူနဲ့ စစ်တွေကို လက်နက်ချဖို့ ပြောနေပြီ။ ခုဟာက ငယ်သားတွေ အသုံးချမခံနဲ့။ အဲ စောက်ပေါမိသားစုအတွက် အသက်ပေးမနေတော့နဲ့ဆိုပြီး အပြန်အလှန် ဖုန်းဆက် စကားပြောနေကြတာလေ။ အကုန်လုံးက သူ့ဒဏ်ခံချင်း အချင်းချင်း ပွင့်ပွင့်လင်းလင်း ပေါင်းသင်းတဲ့အဆင့် ရောက်နေကြတာ မဟုတ်လား။ ထူးပြီး ဖရဲသီးစိုက်နေစရာမှ မလိုတော့တာ။
သူ့ဘော လျက်နေတဲ့ ခရိုနီလည်း ချမ်းသာမပေး၊ ဘဏ်သူဌေးလည်း နံဘေးကန်၊ ကုန်သည်မှန်သမျှ ပါးချ၊ လက်အောက်ငယ်သား တပ်မိသားစုတွေ အသက်ငဲ့ လက်နက်ချပြန်ရင်လည်း သေဒဏ်၊ သူ ခိုင်းတာလုပ်ရတဲ့ ဗိုလ်ချုပ်ကြီးတွေလည်း ထောင်နန်းစံ၊ စစ်သားမှန်သမျှ အသေခံ၊ စစ်ပြန်တောင် မချန် လာအသေခံခိုင်း၊ တိုင်းမှူးလည်း ဂိ၊ အရပ်ထဲ သူ့ဘာသာနေတဲ့လူလည်း စစ်သားလုပ်ဖို့ လိုက်စိ၊ ဟော NGO ၊ INGO တွေတောင် နားရွက် တံတွေးဆွတ်ကြည့်လို့ ကြည့်နဲ့ သူ့ဘက်မှာက မာရဝိဇယဆင်းတုကြီးကလွဲလို့ ဘယ်သူမှ မပြုံးနိုင်တော့ဘူး မဟုတ်လား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar