Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဝမ်းပျက်ဝမ်းလျှော၊ ရွေးပျက်ရွေးလျှောနဲ့ သွေးပျက်သွေးလျှော

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဝမ်းပျက်ဝမ်းလျှော၊ ရွေးပျက်ရွေးလျှောနဲ့ သွေးပျက်သွေးလျှော

(မိုးမခ) ဇူလိုင် ၉ ၊ ၂၀၂၄


"ဝမ်းပျက်ဝမ်းလျှော" ဖြစ်ပြီဆိုတော့ သရေကြိုးပြာနေဆိုပဲ။ ပြည်သူတွေအတွက် စိတ်ပူလို့များတော့ ဘယ်သူမှ မထင်မှန်း သိပါတယ်။ "ဝမ်းပျက်" "ဝမ်းလျှော" ဆိုတာ သိတယ်ဟုတ်။ နံပါတ်ဝမ်းပျက်ပြီး နံပတ်ဝမ်း လျှောတာလေ။ အာ့ကြောင့် ပြာတောက်ပြီး ယတြာမျိုးစုံနဲ့ ကြိုးခုန်ဖို့ ပြင်နေတာ။ တခြားလူတွေတော့ သေပစေဘဲ။ သူ့အဖို့က သေလေ ကြိုက်လေ၊ ပြည်သူတွေ ပြဿနာတွေနဲ့ လုံးပန်းနေလေ ကြိုက်လေ။

ခုချိန်မှတော့ ယတြာလည်း ယာယာဘဲရှိမှာ။ တနေ့က ဆင်ကို ကြိုးဆင်ပို့ကထဲက ကြိုးစင်ပို့အတိတ်ကလာပြီးသား။ အဲ အတိတ်နောက်မှာ နိမိတ်က ဝမ်းပျက်ဝမ်းလျှော ဆိုပြီး ကပ်လိုက်လာတာ။ အကုသိုလ်ဆိုတာ အရိပ်လို မခွဲမခွာလေ။ အကျိုးတော် ပေးချိန်တန်ပြီဆို မိုးပေါ်ပျံလဲမလွတ်။ မြေတွင်းမှာ ခြေဆင်းဖို့သာပြင်။ ဝမ်းပျက် ဝမ်းလျှောနော်၊ တူးပျက်တူးလျှော မဟုတ်ဘူးရယ်။ တူးကို တရုတ်က သူကောင်းပြုပြီ ဆိုမှတော့ သဘောပေါက်။ 

တဖက်မှာ "ဝမ်းပျက်ဝမ်းလျှော" ဖြစ်နေသလို တဖက်မှာလဲ "ရွေးပျက်ရွေးလျှော" ဖြစ်လို့။ ဘာရှိရမလဲ၊ ရွေးကောက်ပွဲ ရွေးကောက်ပွဲနဲ့ အူသံ အော်သံ ပေးနေတဲ့ဟာလေ။ ဆိုင်းဘုတ်မတင်နိုင်တဲ့ပါတီတွေနဲ့ ရပ်ကွက်ရုံးမရှိတဲ့ ဘုရားစူး အစိုးရရယ်၊ ကော်မရှင်က ဘယ်သူလဲဟင် မေးရမယ့် ကိုယ်ပျောက်အဖွဲ့ရယ် ပေါင်းပြီး ရွေးကောက်ပွဲမယ်ချည်း အော်နေကြတာ ရေမရှိတဲ့ ဘယ်ချောင်းသွား နှာခေါင်းဖော်သေကြမလို့လဲ မသိဘူး။ သင်္ကြန်အမြောက်သံ ဆိုတော့ တထိန်းထိန်းနဲ့သာ မြည်နေတာ အိုးပုတ်တောင်ကွဲတာ မဟုတ်။

မနက်ဖြန် သန်ဘက်ပဲ ရွေးကောက်ပွဲလုပ်တော့မလိုလို၊ အာဏာအပ်တော့မလိုလို၊ နိုင်ငံရေးဆွေးနွေးပွဲကြီးပဲ လုပ်တော့မလိုလို၊ ခုချက်ချင်း ငြိမ်းချမ်းရေးရတော့မလိုလို၊ ခြေဥကြီး ပြင်အုံးမလိုလို၊ တပြည်လုံးက သူ့အမွေဆိုင်ပစ္စည်းလိုလို၊ တိုက်ရာပါပစ္စည်းလိုလို အဲသလို ရူးတူးတူး ပေါတောတောတွေကို သောင်းလှိုင်သားလိုလို၊ ညွန့်လှိုင်သားလိုလို‌ကောင်က ဖြီးကောကောနဲ့ပြော၊ ကျန်တဲ့ကောင်က သံယောင်လိုက်ဟောင် ပဲ့တင်ထပ်အူနဲ့ ဆူသာညံနေတာ သင်္ကြန်အမြောက်ဆိုတော့ ပေါက်ပေါက်ဖောက်တာနဲ့ အတူတူဘဲ။ 

ရွေးပျက်ရွေးလျှောနဲ့ တပြိုင်နက်မှာ သွေးပျက်သွေးလျှောကလည်း ဖြစ်နေတာ။ ဖြစ်တာက ကြာပါပြီ။ တပ်ထဲမှာ လောင်မီးကျနေတာ ကြာပလေ။ တပ်ထဲမှာ အကုန်လုံးက ပြေးမယ်ဆိုတာချည်းဘဲ။ လူကလည်း ဒီနေ့မသေ နောက်နေ့သေပဲ ရှိတော့သလို တပ်ကလည်း ဒီနေ့မသိမ်း နောက်နေ့သိမ်းခံရမှာ သေချာတာကိုး။ ဘာ့ကြောင့်ဆို စစ်တပ်ရှိသရွေ့ တော်လှန်ရေးက ရှိနေတော့မှာ မဟုတ်လား။ 

တပ်သိမ်းပညာကလည်း ERO တိုင်း ဧတဒဂ်ရနေသလားတောင် ထင်ရ။ ခုဆို ပီဒက်တွေတောင် စခန်းသိမ်းမှာ မဟာဝိဇ္ဇာဘွဲ့ ရနေကြပြီလေ။ တပ်သိမ်းမှာ ဆတီဖီကိတ်ရသူရလို့။ ဗိုလ်စိုးသူရဇော်တောင် တပ်သိမ်းဘီအေအုပ်ပေါင်းနဲ့ မိုးကုတ်မှာ ဗိုလ်ဝင်ခံပြီ မဟုတ်လား။ မနေ့ကတောင် ပုလဲကို မြို့သိမ်းပွဲအစမ်းလေ့ကျင့်တာ အိုကေဆိုဘဲ။ သုံးနာရီဘဲကြာသတဲ့။ နန်းတွေဆို လမ်းဝယ်ဘယ်မမြင်ဖြစ်ပြီး ဒစ်လည်နေကြပြီ။ အကောင်ကြီးတွေက အထုတ်ပိုက် ဟပ်စကီးနဲ့လစ်နေချိန် သူတို့က ကားတောင် မငှားနိုင်တဲ့ဘွ။ တပ်ထဲက လင်မဲ့မုဆိုးမ‌တွေ၊ သားမဲ့မိအိုဖအိုတွေ၊ အဖေပျောက်ကလေးတွေ၊ ခြေပျောက်လက်ပျောက်တွေနဲ့ ငရဲပွက် သွေးပျက်သွေးလျောဖြစ်နေကြတာကြာပကော။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar