Breaking News

သောင်းနဲ့ချီတဲ့ လားရှိုးမြို့ခံတွေ ထွက်ပြေးတိမ်းရှောင်ကြသူတွေနဲ့ မြို့မှာ ကျန်ရစ်ခဲ့သူတွေ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၈ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၄

သောင်းနဲ့ချီတဲ့ လားရှိုးမြို့ခံတွေ ထွက်ပြေးတိမ်းရှောင်ကြသူတွေနဲ့ မြို့မှာ ကျန်ရစ်ခဲ့သူတွေ

ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ အချက်အချာမြို့ လားရှိုးမြို့မှာ ရက်အနည်းငယ် လက်နက်ကြီး ကျည်၊ ရှော့တိုက်ဒုံးတွေကျပြီး လူ ၁ ဒါဇင်ကျော် အသက်ဆုံးရှုံးပြီးနောက် လားရှိုးမြို့မှ သောင်းနဲ့ချီတဲ့ မြို့ခံတွေ ကားအစီးရေ ထောင်ချီကာ မြို့ကိုစွန့်ခွာ ကြတဲ့မြင်ကွင်းက ပြည်တွင်းစစ် ဖြစ်ပွားတဲ့ ၃ နှစ်ကျော် ကာလအတွင်းမှာ အထင်ရှားဆုံး ပြည်တွင်းစစ်ရဲ့ သက်ရောက်မှု ပြယုဂ်သဖွယ် ဖြစ်တဲ့ မြင်ကွင်းလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ 

ပြည်နယ်မြို့တော်တွေ ဖြစ်တဲ့ လွိုင်ကော်မြို့လို မြို့သိမ်းတိုက်ပွဲ ဖြစ်ခဲ့ပေမယ့် လူဦးရေအားဖြင့် လားရှိုးမြို့လောက် မများတာ၊ တပြိုင်နက်ထဲ မြို့ကနေ စွန့်ခွာကြတာမဟုတ်ပဲ တဖြည်းဖြည်းနဲ့ စွန့်ခွာကြတာ ဖြစ်လို့ လားရှိုးမြို့ရဲ့ မြင်ကွင်းလိုမျိုး မတွေ့ခဲ့ရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

လားရှိုးမြို့ဟာ ပြည်နယ်တခုရဲ့ မြို့တော် မဟုတ်ပေမယ့်လည်း မြန်မာနိုင်ငံမှာ နယ်မြေအားဖြင့် အကျယ်ဝန်းဆုံး ရှမ်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့၊ ရှမ်းပြည်နယ်ရဲ့ မြောက်ပိုင်းမှာ အုပ်ချုပ်ရေး ရုံးစိုက်တဲ့ မြို့ဖြစ်သလို ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းသွားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရဲ့ အချက်အချာ ဖြစ်တဲ့မြို့ဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းတွေ ရှိတဲ့မြို့ဖြစ်တာကြောင့် အခု ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မျက်စိကျသလို စစ်ကောင်စီ အနေနဲ့လည်း လားရှိုးကို စွန့်လွှတ်လိုက်ရရင် ထိခိုက်သွားမယ့် အချက်က စစ်ရေးတင်မက နိုင်ငံရေး၊ စီးပွားရေးအရပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမှာကို တွေးဆပြီး အပြင်းအထန် ခုခံတိုက်ခိုက်ဖို့ အမိန့်ပေးထားတဲ့ သဘောလို့ မှန်းဆကြည့်နိုင်ပါတယ်။ 

လားရှိုးမြို့က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တခုထည်းတင် အဓိက ကျတာမဟုတ်ဘဲ ရှမ်းမြောက်ဒေသရဲ့ အနက်ရောင်လုပ်ငန်းဖြစ်တဲ့ မူးယစ်ဆေးဝါးလုပ်ငန်းလိုမျိုးအတွက်လည်း အချက် အချာ ကျတဲ့မြို့ဖြစ်နေတာပါ။ ရှမ်းမြောက်မှာ ရှိကြတဲ့ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အပါအဝင်  ပြည်သူ့စစ်အဖွဲ့တွေ အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တာ၊ သယ်ဆောင်တာတွေကို ကိုယ်တိုင်ပါဝင်ခြင်း သို့မဟုတ် အကာအကွယ်ပေးခြင်းတွေနဲ့ ဝင်ငွေရရှိနေကြတာဖြစ်ပြီး နောက်ပိုင်းမှာ အွန်လိုင်းမှာလုပ်ကိုင်တဲ့ ငွေလိမ်ဂိုဏ်းတွေကလည်း အသစ်အသစ်သောလုပ်ငန်းတွေ၊ ငွေရပေါက်တွေ ဖြစ်လာကြတာပါ။ လားရှိုးမြို့က ပထဝီအနေအထားအရတင်မက စီးပွား ရေးအရပါ အရေးပါတဲ့အချက်အချာကျတဲ့ မြို့တမြို့ဖြစ်ပြီး အခု ဒုတိယအကျော့ စစ်ဆင်ရေးမှာ လားရှိုးကို သိမ်းယူဖို့ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေက ကြိုးစားလာကြတာ ဖြစ်ပါတယ်။ 

လားရှိုးကို သိမ်းယူဖို့ တိုက်ခိုက်နေရာမှာ ကိုးကန့် လက်နက်ကိုင်အဖွဲ့က အဓိကဦးဆောင်တယ်လို့ တော့ ယေဘုယျ သိထားကြပေမယ့် အခြား ဘယ်လိုအဖွဲ့တွေ ပါဝင်တယ် ဆိုတာ တိတိပပ မသိရှိကြပါဘူး။ ယေဘုယျအားဖြင့်တော့ TNLA နဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့အကြား နယ်မြေ ခွဲဝေ တိုက်ခိုက်ဖို့ သဘောတူထားတယ်လို့ မှန်းဆကြည့်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ပထမအကျော့ စစ်ဆင်ရေးမှာ တိုက်ခိုက်သိမ်းယူမှု ရလဒ်တွေအရ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ TNLA တို့က နယ်မြေတွေ ခွဲဝေထိန်းချုပ်ထားကြတာ ဖြစ်ပြီး AA အနေနဲ့ကတော့ ရှမ်းမြောက် စစ်ဆင်ရေးမှာ ပါဝင်ပေမယ့် နယ်မြေထိန်းချုပ် အုပ်ချုပ်တာမရှိပါဘူး။ 

ရှမ်းမြောက်မှာ အခြေစိုက်ထားတဲ့ ပြည်မက စစ်တပ် အနေနဲ့ကတော့ ပထမအကျော့ စစ်ဆင်ရေးမှာ လားရှိုးမြို့က နောက်တန်းထောက်ပံ့ပို့ဆောင်ရေးနဲ့ အမိန့်ပေးညွှန်ကြားတဲ့စစ်ဌာနချုပ်သဖွယ်ဖြစ်ခဲ့ပြီး လားရှိုးမြို့ဆီမရောက်မီမှာပဲ တရုတ်နိုင်ငံရဲ့ဖိအားပေးတိုက်တွန်းမှုနဲ့ အပစ်ရပ်သဘောတူခဲ့ကြရပြီး အခုတကျော့မှာ လားရှိုးက သိမ်းယူဖို့ ရည်မှန်းချက်ထဲက မြို့ဖြစ်လာတဲ့သဘောလည်း ဖြစ်ပါတယ်။ 

ခုလိုမြို့ခံတွေထဲက စစ်ဘေးရှောင်ဖို့စဥ်းစားကြရာမှာ မိသားစုတိုင်းတော့ ထွက်ပြေးတိမ်းရှောင်ဖို့ အခွင့်သာကြတဲ့အနေအထားတော့ မဟုတ်ပါဘူး။ လမ်းခရီးတွေမှာ ပိတ်ဆို့ထားတာ၊ ကားတွေက တောလမ်းတွေ၊ ဖောင်နဲ့ချောင်းကိုဖြတ်ကူးရတာတွေ၊ ကွေ့ပတ်ပြီး ပိုမိုဝေးလံတဲ့လမ်းကနေ တောင်ကြီး သို့မဟုတ် မန္တလေးလို မြို့ကို တိမ်းရှောင်ဖို့အတွက် ကားခနဲ့လမ်းမှာ စားသောက် သုံးစွဲရမယ့် ငွေကြေး ပမာဏကလည်း သာမန် လက်လုပ်လက်စားတွေအဖို့ တတ်နိုင်တဲ့ အခြေအနေ ရှိမနေကြပါဘူး။ 

လားရှိုးကနေ မန္တလေး၊ တောင်ကြီးတို့လိုမြို့တွေအရောက် ကားခအနေနဲ့တယောက်ကို ၄ သိန်းခွဲကနေ ၅ သိန်းအထိပေးကြရပြီး စစ်ဘေးရှောင်တဲ့မြို့မှာလည်း နေထိုင်ဖို့ အိမ်ငှားခ၊ နေထိုင်စရိတ်တွေ လိုအပ်ဦးမှာ ဖြစ်ပါတယ်။ 

အခုလိုကာလမှာ ဘုန်းကြီးကျောင်းတွေ၊ စစ်ဘေးရှောင်စခန်းတွေလုံလောက်ဖို့ အခြေအနေမရှိတော့တာကြောင့် စစ်ဘေးရှောင်ဖို့က ကြမ်းခင်းကုန်ကျစရိတ်သိန်း ဆယ်ဂဏန်းနဲ့ ချီရှိတဲ့သဘောလည်း ဖြစ်ပါတယ်။ စစ်မက်ဖြစ်ပွားနေတဲ့ မြို့တွေ၊ ဒေသတွေမှာ ကုန်ပစ္စည်းစျေးနှုန်း၊ ခရီးသွားလာစရိတ်တွေက မျှော်လင့်မထားတဲ့နှုန်းတွေအထိ မြင့်တက်နေတာမို့လို့ မိမိတို့ လက်ထဲမှာ ရှိတဲ့ ငွေကြေးတွေ လျင်မြန်စွာ သေးငယ်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

လက်နက်ကိုင်ပဋိပက္ခစစ်ပွဲတွေဖြစ်ပွားလာရာမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခခံစားရတဲ့ အထက် အောက်အနေအထားကို အလွှာနဲ့ ပြမယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေက ထိပ်ဆုံးမှာရှိနေပြီး လက်နက်ကိုင်အဖွဲ့အစည်းနဲ့ဆက်နွှယ်လုပ်ကိုင်နေသူ၊ ကြားနေဖြစ်ပြီး ငွေကြေးတတ်နိုင်သူတွေက ၄င်းတို့ရဲ့ အောက်အလွှာမှာ ရှိနေတာ ဖြစ်ပါတယ်။ 

အဲဒီနောက်မှာတော့ လက်နက်ကိုင်အဖွဲ့နဲ့လည်း ပတ်သက်မှုမရှိဘဲ မိမိကိုယ်ပိုင်စီးပွားရေး လုပ် ကိုင်သူ၊ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းတွေလိုကုမ္ပဏီတွေလိုမှာ လုပ်ကိုင်သူတွေက နောက်တဆင့်အောက်လွှာမှာရှိကြပြီး အောက်ဆုံးမှာ ငွေကြးလည်း မတတ်နိုင်ဘဲ၊ ဘယ်လက်နက်ကိုင်၊ အာ ဏာပိုင်အဖွဲ့အစည်းတွေနဲ့မှမပတ်သက်သူ၊ လက်လုပ်လက်စား၊ ကျပန်းလုပ်ကိုင်သူ စတဲ့ လူတန်း စားအလွှာတွေက အောက်ဆုံးမှာ ရှိနေကြပြီး စစ်ဘေးရှောင်ဖို့မတတ်နိုင်တဲ့ အလွှာလို့ဆိုရင် ရမယ့် အနေအထားလို့ ဆိုနိုင်ပါတယ်။ 

အဲဒီလိုလူတန်းစားအလွှာက မိမိတို့နေထိုင်တဲ့မြို့မှာ ဘယ်လိုအန္တရာယ် ကျရောက်ပါစေ၊ မိသားစုနဲ့ အတူ မြို့ထဲမှာပဲ တိမ်းရှောင်ပြီး နေထိုင်သွားဖို့ ဆုံးဖြတ်ထားကြရတဲ့သူတွေ ဖြစ်ပါတယ်။ 

မြို့နဲ့ ထိစပ်နေတဲ့ တပ်ရင်းတွေ၊ တပ်စခန်းတွေကို သိမ်းယူဖို့ ဒရုန်းတွေ၊ ဒရော့ဗုံးတွေနဲ့ တိုက်ခိုက်လာတဲ့ တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီဘက်က တုံ့ပြန်တဲ့ လက်နက်ကြီးကျည်တွေက လားရှိုးမြို့မှာ ကံကျရာ ကျရောက်ပြီး ကျောင်းတွေလူနေအိမ်တွေပေါ် ကျရောက်နေတာဖြစ်လို့ မြို့မှာ ကျန် ရစ်သူတွေအဖို့ မိမိတို့အသက်ရှင်သန်ဖို့က ကံစီမံရာလို့သာ သဘောထား နှလုံးသွင်းပြီး နေထိုင်ကြရတဲ့ အခြေအနေလည်း ဖြစ်နေပါတော့တယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar