ရဲဘော်တေး - မုဆိုးမကျိန်စာ
ရဲဘော်တေး - မုဆိုးမကျိန်စာ
(မိုးမခ) ဇူလိုင် ၉ ၊ ၂၀၂၄
ဂိနိုင်လှတဲ့ မိလှိုင်မကို တပ်ထဲကလဲ မပြတ်ဆဲနေပြီ။
နောက်တန်းကျန် မယားတွေ သားသမီးတွေက "အသံမဆဲ မိလှိုင်ဆဲဆို ငိုယိုပွဲ" ကျင်းပနေတာ ကြာပြီ။ တနေ့ကတောင် အိမ်သာမှာ "စစ်သားလဲပြုတ် တပ်လဲပြုတ်ပြီ ကာချုပ်စုတ်ကို ဖုတ်ကြစို့" လို့ ရေးသွားလို့တဲ့၊ ခု အိမ်သာတောင် အစောင့်ချထားပြီ။
အစကတော့ ကိုယ့်လင် ကိုယ့်သား မသေတဲ့သူတွေက ဆပ်ပြာမှု့န့်ထုပ်အသေး သုံး လေးထုပ်နဲ့ မုန့်ဟင်းခါး အဝဖရီးကို မိသားစုလိုက် သွားတီးနေရတော့ ကာချုပ် မဆိုးဘူးပေါ့။ နောက်တော့ မုန့်ဟင်းခါးဖိုးငွေ ခွဲတမ်းချတဲ့အပြင် ကိုယ့်မိသားစုကပါ ချက်ကျွေး၊ တပ်ထဲက ထွက်ပေးရတဲ့အထိဖြစ်လာတော့ အသံကုန်ဆဲတော့တာပေါ့လေ။ မကြားဝံ့မနာသာတွေမှ မိုးကိုမွှန်လို့။ ကြူကြူလှဟာကြီးလဲ ဘာမို့နေမလဲ၊ တိုင်းလိုက် ခိုင်းလိုက်တာမှ ဟိုဘက်တောင်လွန်ရော။
ဟိုကောင်ကတော့ မပြောနဲ့၊ အလကားနေရင်းကို ဆဲနေကြတာ။ ဘယ်သူ ရှိရမလဲ၊ အောင်ပြည့်စုံပေါ့။ အသက်အာမခံကြေးကို အဖေနဲ့ပေါင်းပြီး နသားပယားလုပ်နေလို့ မုဆိုးမတိုင်းက ပွတ်ချင် ဒွတ်ချင်နေကြတာ။ တပ်ပြင်ကဆဲတာက ဘယ် တပ်တွင်းမီမလဲ။ ခုဟာက အကုန် မျက်ရည်နဲ့မျက်ခွက်။ ဘယ်နေ့ ကိုယ်ရေစက်ခွက်ကိုင်ရမလဲ၊ အမျှဝေရမလဲဆိုတာ သူများမသာ သာဓုခေါ်ရင်း စောင့်နေရသာလေ။
သတင်းတခု ဝင်လာလိုက်၊ ငိုသံကြီး ထွက်လာလိုက်၊ မုဆိုးမဟောင်းနဲ့ မုဆိုးမသစ်နဲ့ ဖက်ငိုလိုက်၊ မုဆိုးမလောင်းက အားပေးလိုက်၊ တပ်မြေမှာ ကပ်တွေဆိုက်ပြီး သရောကြီးခိုင်းနေပုံများတော့ ပြောကို မပြောချင်တော့တာ။ ကျောက်စရစ်တောမာခေါင်ခေါင်မှာ အတောင်ကျွတ်တဲ့ကြိုးကြာအို ရေရှာမရသလိုကို ဖြစ်နေသာ။ ဒီလနာကာချုပ်ကို ဘယ်သူဖြုတ်မလဲဘဲ ဆဲရင်း မျှော်နေကြတော့တာ။ ပီဒက်ကဖြုတ်ဖြုတ်၊ တပ်တွင်းကဖြုတ်ဖြုတ် ပြုတ်ဖို့ဘဲ၊ ခွေးချင်းကိုက်လို့သေသေ သေဖို့ဘဲ၊ မြန်မြန်မီးဖုတ်နိုင်လေ ကောင်းလေချည်းဖြစ်နေကြတာလေ။ မုဆိုးမဖြစ်ရင် တပ်ထဲဆက်နေလို့မရ၊ နေလို့မရလို့ ရွာပြန်မယ်ဆိုတော့လဲ ကိုယ့်ယောက်ျားက ရွာကိုပြာချထားတော့ ရွာနားတောင် ကပ်လို့မရ၊ ကိုယ်ပါအသတ်ခံရမှာ။ ကလေးတသိုက်နဲ့ လုပ်စားစရာလဲ ဘာအလုပ်မှမရှိ။ အရင်းအနှီးကလဲ လက်နှီးစုတ်တောင် ကောင်းကောင်းကန်းကန်းမရှိသာ။ အလံဖြူထောင်တာနဲ့ အလင်းဝင်တာတခုဘဲ လွတ်လမ်းရှိတော့တာလေ။
စစ်သားတိုင်းက သေချင်သေ ပြတ်ချင်ပြတ်၊ မသေတတ်သေး အပြတ်လေးချည်းဖြစ်နေတယ်။ ဒုက္ခိတနဲ့ မုဆိုးမ အပြန်အလှန်အားပေးနေရတဲ့ဘွ။ ပင်စင်ရဖို့ထား လက်ရှိလစာတောင် ထုတ်လို့မရ။ မုဆိုးမအိမ်ရာလဲ လုပ်မပေးနိုင်တော့သလို ဒုက္ခိတရွာလဲ မတည်နိုင်တော့ဘူး။ တပ်မိသားစုတိုင်း အရူးမီးဝိုင်း မပဋာတပိုင်းချည်းဖြစ်နေကြပြီ။ တချို့လဲ အမ္ဗပါလီ သီရိမာ၊ ဒါဘဲ လုပ်စားစရာ ရှိတော့တာမဟုတ်လား။ အဇာတသတ်ရဲ့ဆရာ ဒေဝဒတ်ကာချုပ်ဘဲ မြေမျိုဘို့ ကျန်တော့တာလေ။
ခုဆို တပ်ကိုက မအလကို ခွေးချေးထက် ရွံနေတာ။ ကိုယ့်ကျွေးထားတဲ့ ပြည်သူ၊ ကိုယ်စောင့်ရှောက်ရမယ့် အသက်အိုးအိမ်စည်းစိမ်ကို ကိုယ်က သတ်ဖြတ် ဖျက်ဆီးလို့ မခံနိုင်လွန်းလို့ ပြည်သူက ပြန်သတ်လို့ ကိုယ့်လင် ကိုယ့်သား သေရတာ၊ ဂုဏ်ဆာလို့လည်း မရ၊ ကျယ်ကျယ်တောင် မငိုရဲ၊ သနားတဲ့သူလည်း မရှိ၊ ဘယ့်နှယ်တော် စစ်သား သေလို့ ပျော်ကြတာ ပျော်ကြတာဆိုတာများ ကိုယ်က ဘယ်နားသွားနေရမတုံး။ သခေါမ ပုတ်သိုးမ ဂုတ်ဆာမ ကြူကြူလှကလဲ ခေါ်ကျွေးထားမှာ မဟုတ်ဘူးလေ။
ခုတောင် တပ်ထဲက နှင်ထုတ်နေပြီ။ သူ့သားကလည်း အသက်အာမခံကြေးက ထုတ်မပေးချင်။ သူ့အဖေအတွက် သူတို့အတွက် သေတဲ့သူဆီကတောင် နှစ်သီးစားချင်တဲ့ကောင်။ အဲကောင်လဲ ကာလနာတိုက် သေပါစေတော်။ သူတို့တမိသားစုလုံး ပြည်သူ့တံတွေးအိုး သေးအိုးထဲကို စိမ်ထားရမှာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar