Breaking News

လှကျော်ဇော - ရဲဘော်သုံးကျိပ်က ပေးတဲ့ သမိုင်းသင်ခန်းစာ (အပိုင်း ၁)

လှကျော်ဇော - ရဲဘော်သုံးကျိပ်က ပေးတဲ့ သမိုင်းသင်ခန်းစာ (အပိုင်း ၁)

(မိုးမခ) ဇူလိုင် ၂၇ ၊ ၂၀၂၄

၁။ သမိုင်းနောက်ခံ

မြန်မာနိုင်ငံရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဟာ ၁၈၈၅ ခုနှစ် မြန်မာနိုင်ငံတနိုင်ငံလုံး အင်္ဂလိပ်နယ်ချဲ့လက်အောက် ရောက်သွားချိန်မှစလို့ အနယ်နယ်အရပ်ရပ်မှာ တိုင်းရင်းသားများအပါ သဏ္ဌာန်မျိုးစုံနဲ့ တကွဲတပြား လှုပ်ရှားခဲ့ကြပါတယ်။ ဒါတွေအားလုံးကို နယ်ချဲ့သမားများက နှိမ်နင်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံတနိုင်ငံလုံးကို ကိုလိုနီစီးပွားရေးစနစ်နဲ့ ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၀၀ ပြည့်နှစ်များမှာတော့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စတင်ပေါ်ပေါက်လာပါတယ်။ ၁၉၀၅ ခုနှစ်မှာ မြန်မာပညာတတ်တွေ ဦးစီးပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ကို တည်ထောင်လိုက်ပြီး၊ အမျိုးသားစိတ်ဓာတ် (အမျိုး၊ ဘာသာ၊ သာသနာ) ပေါ်ပေါက်လာရေးအတွက် လှုပ်ရှားလာကြတယ်။

၁၉၂၀ မှာတော့ နိုင်ငံရေးစိတ်ဓာတ် ပိုမိုတက်ကြွတဲ့ ခေါင်းဆောင်အချို့ ပေါ်လာပြီး အဲဒီအသင်းကြီးကို ဂျီစီဘီအေ-လို့ အမည်ပြောင်းလိုက်ပါတယ်။ ၁၉၃၀ ပြည့်နှစ်များမှာတော့ ဗမာ့လွတ်လပ်ရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်တဲ့ 'တို့ဗမာ အစည်းအရုံးကြီး' ပေါ်ထွက်လာပြီး နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးဟာ အရှိန်တဖြည်းဖြည်းရလာပြီး နယ်ပယ်စုံကနေ စုစည်းမိလာပါတယ်။

၁၉၂၀- ရန်ကုန်တက္ကသိုလ် ကျောင်းသားများရဲ့ ပထမသပိတ်။

ဆရာတော် ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊

၁၉၃၀- ဆရာစံ ခေါင်းဆောင်တဲ့ လယ်သမားများရဲ့ လက်နက်ကိုင်တော်လှန်ရေး။

စတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပေါ်ပေါက်လာပါတယ်။ တို့ဗမာ အစည်းအရုံးဝင် လူငယ်များဟာ တနိုင်ငံလုံး လှည့်ပြီး အင်္ဂလိပ် နယ်ချဲ့ဆီက မြန်မာ့လွတ်လပ်ရေး ပြန်လည်ရယူဖို့ နည်းအမျိုးမျိုးနဲ့ကြိုးစားကြဖို့ ဟောပြောကြပါတယ်။ ဒါ့အပြင် ဒီလူငယ်တွေဟာ ကမ္ဘာကိုပါ လှမ်းကြည့်လာပြီး ကမ္ဘာတော်လှန်ရေးလှုပ်ရှားမှုတွေ လေ့လာပြီး နောက်ဆုံး ပေါ်ပေါက်လာတဲ့ တိုးတက်တဲ့ လက်ဝဲအယူအဆတွေကို သတိပြုမိလာပါတယ်။ အထူးသဖြင့် နဂါးနီစာအုပ်တိုက် ပေါ်လာပြီး အဲဒီက ထုတ်တဲ့ လက်ဝဲစာပေများကို လေ့လာပြီး နယ်ချဲ့အစိုးရ အရင်းရှင်စနစ်ရဲ့ ဆိုးရွားလှတဲ့ သွေးစုပ်မှုများကိုလည်း သိမြင်လာကြတယ်။

အဲဒီက လွတ်မြောက်ရာ လမ်းရှာရေးကိုလည်း မြင်တွေ့စိတ်ကူးလာကြတယ်။ ဒီမှာတင် လူငယ်သခင်များက နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးအတွက် ရဲရဲတောက် ဟောပြောလာကြတာတွေကို လူထုကြီးက သဘောကျလာကြပြီး မြန်မာတနိုင်ငံလုံး အမျိုးသားရေးစိတ်ဓာတ်တွေလည်း နိုးကြားတက်ကြွလာပါတယ်။

ဒါတွေကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးအောင်ပွဲရဲ့ ခြေဆင်းလှုပ်ရှားမှုကြီးဖြစ်တဲ့ ၁၃၀ဝ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာရတဲ့ ရေခံ မြေခံ အခြေအနေတွေပါ။

၂။ ၁၃၀ဝ ပြည့်အရေးတော်ပုံကြီး။

၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ်က-တကသ ခေါင်းဆောင်များ ကျောင်းထုတ်ခံရမှုကို အကြောင်းပြုပြီး ဒုတိယကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့ပေမယ့် အင်္ဂလိပ်အစိုးရက တစုံတရာအလျှော့ပေး စေ့စပ်လိုက်လို့ အချိန်သိပ်မကြာလိုက်ပါဘူး။ ဒါပေမဲ့ ဒီသပိတ်ကို တပြည်လုံးကပြည်သူလူထုတွေက ထောက်ခံခဲ့ပြီး ဒီကာလအတွင်း ကျောင်းသားများရဲ့ ရေးသားမှု၊ ဟောပြောမှုများက ပြည်သူများရဲ့ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များကို အနှံ့အပြား တိုးတက် ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီအချိန်မှာပဲ (၁၉၃၈) ချောက်မြို့ ဘီ-အို-စီရေနံမြေက အလုပ်သမားများရဲ့ သပိတ်ကြီး စတင်ပေါ်ပေါက်လာပါတယ်။ အင်္ဂလိပ်အရင်းရှင်ပိုင်ရှင်ကြီးများရဲ့ အနှစ်နှစ်အလလ ဖိနှိပ်ချုပ်ချယ် သွေးစုပ်မှုများကို တော်လှန်ရန် ပေါ်လာတဲ့ အလုပ်သမားထုကြီးရဲ့ သပိတ်ကြီးကို ရန်ကုန်မြို့မှာရှိတဲ့ - တို့ဗမာအစည်းအရုံးက ထောက်ခံအားပေးခဲ့ပါတယ်။ ပုလိပ်များရဲ့ ရိုက်နှက်ဖမ်းဆီးမှုများကြားကပဲ အလုပ်သမားသပိတ်တပ်ကြီးဟာ ရန်ကုန်မြို့ကို ချီတက်လာတော့ လမ်းခရီးတလျှောက်ပြည်သူများရဲ့ ကြိုဆိုအားပေးတာ၊ ပါဝင်ချီတက်လာတာတွေ ဖြစ်လာပြီး သပိတ်အင်အားဟာ နှစ်ထောင်ကျော် ဖြစ်လာပါတယ်။ ဒါ့အပြင် ရန်ကုန်တက္ကသိုလ်က-တကသခေါင်းဆောင်များ (ကိုဗဟိန်း-ကိုဗဆွေ)က မကွေးမြို့မှာ လာကြိုဆိုပြီး တရားပွဲတွေ ကျင်းပပြီး နယ်ချဲ့စနစ်ရဲ့ ဆိုးဝါးလှတဲ့ သွေးစုပ်မှုတွေအကြောင်း ဟောပြောပြီး ဒီလိုမျိုးဘဝက လွတ်မြောက်ရာလမ်းများကိုလည်း ဟောပြောကြပါတယ်။ တခြားမြို့ရွာများက (ဝေါ၊ ပဲခူး) လယ်သမားများ (နှစ်သောင်းခန့်) ကလည်း ရန်ကုန်ကို ချီတက်လာပြီး ရေနံမြေသပိတ်ကြီးကို ပူးပေါင်းအားဖြည့်ပေးခဲ့ပါတယ်။

အဲသလို (ဗြိတိသျှကိုလိုနီ) နယ်ချဲ့ဆန့်ကျင်ရေးသပိတ်တိုက်ပွဲကြီးကို အလုပ်သမား လယ်သမားများသာမက (ကျောင်းသားခေါင်းဆောင်တွေပါ အဖမ်းခံလိုက်ရတဲ့အတွက်) ကျောင်းသားတွေပါပါဝင်လာခဲ့ကြပါတယ်။ ၁၉၃၈-၃၉ ခုနှစ်အတွင်း ဖြစ်ပျက်နေတာ ဖြစ်လေတော့ မြန်မာသက္ကရာဇ်အရ (၁၃၀၀) ပြည့်အရေးတော်ပုံရယ်လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။

၁၉၃၈ ဒီဇင်ဘာ ၂၀ ရက်နေ့ ကျောင်းသားများရဲ့ အတွင်းဝန်များရုံး ဝိုင်းဝန်းဆန္ဒပြပွဲမှာ အင်္ဂလိပ်ဂေါ်ရာပုလိပ် မြင်းတပ်နဲ့ ရိုက်နှက်နှိမ်နှင်းရာမှာ ကိုအောင်ကျော် ကျဆုံးခဲ့ရတယ်။

၁၉၃၉ ဖေဖော်ဝါရီ ၁၈ မန္တလေး လူထုဆန္ဒပြပွဲကြီးကို အင်္ဂလိပ်အစိုးရက သေနတ်ပစ် နှိမ်နှင်းလို့ ရဟန်းရှင်လူ ၁၇ ဦး ကျဆုံးရပြန်တယ်။

ဒီမှာတင် မြန်မာလူထုကြီးဟာ ဖိနှိပ်လေလေ တက်ကြွလေလေ ဖြစ်ကာ မိမိတို့ရဲ့ ဒုက္ခဆင်းရဲမှုအားလုံးရဲ့ တရားခံဖြစ်တဲ့ ကိုလိုနီ နယ်ချဲ့အင်္ဂလိပ်အစိုးရကို ဘယ်လိုတော်လှန်ပြီး မိမိတို့ဘဝရဲ့လွတ်မြောက်ရာ လွတ်လပ်ကြောင်း (မြန်မာ့လွတ်လပ်ရေး)ကို ဘယ်လိုရအောင် လုပ်ဆောင်ကြရမလဲ ဆိုတာတွေကို တွေးတောကြံဆလာကြပါတယ်။ အနယ်နယ်အရပ်ရပ်မှာလည်း ကျောင်းသားအဖွဲ့အစည်းတွေ ပေါ်ပေါက်လာပါတယ်။

မြန်မာပြည်သူတွေရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ ဖိနှိပ်အုပ်ချုပ် မင်းလုပ်နေတဲ့ အင်္ဂလိပ် နယ်ချဲ့အစိုးရ (လူတန်းစားရန်သူ)ကလည်း နည်းမျိုးစုံသုံးပြီး ဒီမြန်မာပြည်သူတွေရဲ့ တိုးတက်လာနေတဲ့ တော်လှန်ရေးစိတ်ဓာတ်ကို နည်းမျိုးစုံသုံး လမ်းလွဲအောင် လုပ်ဆောင်နေတာပါ။

၁၉၃၇-၃၈ အတွင်း ကုလား-ဗမာအဓိကရုဏ်းတွေ ပေါ်ပေါက်လာတာ၊ တို့ဗမာအစည်းအရုံးကြီးအတွင်း အကွဲအပြဲတွေ ဖြစ်လာတာ စတာတွေဟာ လူထုကြီးရဲ့ နယ်ချဲ့ဆန့်ကျင်ရေး အရှိန်အဟုန်ကို အတော်တန့်သွားစေခဲ့ပါတယ်။

ဒီလိုနဲ့  မြန်မာ့လွတ်လပ်ရေးအတွက် ရှေ့ဆက်လုပ်ကြမယ့် ခေါင်းဆောင်တွေက ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ရှုံးနိမ့်သွားမှုအပေါ်  ဒီလို သင်ခန်းစာထုတ်ယူခဲ့ကြပါတယ်။

(က) ပထမသင်ခန်းစာ

ဒီလွတ်လပ်ရေးတိုက်ပွဲအတွက် ရေရှည်စုပေါင်း ခေါင်းဆောင်သွားမယ့် ပစ္စည်းမဲ့လူတန်းစားရဲ့ တိုက်ပွဲဝင်ရှေ့ဆောင်တပ်ဦးပါတီ၊ သိပ္ပံနည်းကျ မာ့က်စ်လီနင်ဝါဒ သဘောတရားကို လက်နက်အဖြစ် တပ်ဆင်ထားတဲ့ ပါတီ၊ မှန်ကန်တဲ့လမ်းစဉ် ပေါ်လစီနဲ့ မူဝါဒများ ကိုင်စွဲပြီး အဖိနှိပ်ခံ ပြည်သူများကို စည်းရုံးနိုင်စွမ်းရှိတဲ့ ပါတီအဖွဲ့အစည်းတရပ် လိုအပ်ကြောင်း သဘောပေါက်လာကြပါတယ်။ ဒါကို ၁၉၁၇ အောက်တိုဘာတော်လှန်ရေးအပြီး ပေါ်ပေါက်လာနေတဲ့ ဆိုဗီယက်ယူနီယံရဲ့အောင်မြင်မှုတွေရဲ့ ဂယက်ရိုက်ခတ်မှုနဲ့ နေရာအတော်များများမှာ ပေါ်ပေါက်လာနေတဲ့ မာ့က်စ်ဝါဒလေ့လာရေးအဖွဲ့လေးများက လူငယ်ပညာတတ် ရဲဘော်များနဲ့ အိန္ဒိယကွန်မြူနစ်ပါတီကရဲဘော်တချို့ စုပေါင်းပြီး  ၁၉၃၉-သြဂုတ်လ ၁၅ ရက်နေ့မှာ— ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းလိုက်ပါတယ်။ ပထမဆုံးသော အထွေထွေအတွင်းရေးမှူးဟာ သခင်အောင်ဆန်းပါ။

(ခ) ဒုတိယသင်ခန်းစာ

အင်္ဂလိပ်နယ်ချဲ့အစိုးရက ၁၃၀ဝ ပြည့် အရေးတော်ပုံကို အကြမ်းဖက် ရိုက်နှက် ပစ်ခတ် သတ်ဖြတ်နှိမ်နှင်းလိုက်တာကြောင့် ဒီအစိုးရကို လက်နက်ကိုင်တိုက်မှ ဖြစ်မယ် ဆိုတာ မြန်မာပြည်သူ အတော်များများ သဘောပေါက်သွားကြပါတယ်။ လူငယ် လူရွယ်တွေ၊ စစ်သင်တန်းတွေ (လက်ရုံးတပ်၊ ရဲတပ်တို့ ဖွဲ့ပြီး) တက်ကြပါတယ်။ နိုင်ငံရပ်ခြားက စစ်ပညာသင်ပေးရေး၊ စစ်လက်နက်များ ရရှိဖို့အကူအညီရှာဖို့ စဉ်းစားကြပြီး အဲဒီတုန်းက အင်္ဂလိပ်က ဖမ်းဝရမ်းထုတ်ထားလို့ ပုန်းနေရတဲ့) သခင်အောင်ဆန်းကို တာဝန်ပေးလိုက်ပါတယ်။

အဲဒီသင်ခန်းစာနှစ်ရပ်လုံးကို အခိုင်အမာ အကောင်အထည်ဖော်လိုက်သူကတော့ တို့ဗမာအစည်းအရုံးခေါင်းဆောင်တဦးဖြစ်တဲ့ သခင်အောင်ဆန်း ဖြစ်နေပါတော့တယ်။

အဲဒီကာလတွေအတွင်းမှာပဲ (၁၉၃၉) သခင်အောင်ဆန်းဟာ သူတို့ကျောင်းသားသမဂ္ဂတွေက ရန်သူတော်ကြီးလို့ သတ်မှတ်ခဲ့တဲ့ ဒေါက်တာဘမော်တို့ ဝံသာနုအဖွဲ့ရော၊ နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းနေကြတဲ့ နိုင်ငံရေးသမားတွေ၊ အဖွဲ့အစည်းတွေကို စုစည်းပြီး (ဗမာ့ခေတ်သစ်နိုင်ငံရေးသမိုင်းမှာပထမဆုံးသောတပ်ပေါင်းစုပုံစံ) ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ဖွဲ့စည်းခဲ့ပါသေးတယ်။

၃။ ရဲဘော်သုံးကျိပ် ဇာတ်လမ်းအစ

နိုင်ငံခြားက အကူအညီရဖို့ စဉ်းစားကြရာမှာ တို့ဗမာအစည်းအရုံးခေါင်းဆောင်တွေဟာ အဲဒီအချိန်က တရုတ်ပြည်ရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို ဦးစီးလုပ်ဆောင်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ ရှိရာကို သွားဖို့ပါ။ အဲဒီကာလက တရုတ်ကွန်မြူနစ်မြေအောက်အဖွဲ့ရှံဟဲမှာ ရှိလို့ အဲဒီသွားဖို့ စီစဉ်ထားပေမယ့်၊ ရရာသင်္ဘော တက်လိုက်ရတော့ သင်္ဘောက တရုတ်ပြည် အမွှိုင်ကိုပဲ ရောက်ပါတော့တယ်။ အဲဒီမှာ အဆက်အသွယ်ရှာရင်း ငွေပြတ်လို့ ဗမာပြည်ပြန်ရာမှာ ဂျပန်တွေ သတင်းအစအန ရသွားပါတော့တယ်။

ဂျပန်တွေဟာ အစောကတည်းက ဗမာပြည်မှာ အခြေချ စနည်းနာနေသူတွေ ရှိပါတယ်။

(ဂျပန်တွေက တရုတ်တွေနဲ့ တိုက်နေရာမှာ မဟာမိတ်တပ်ဖွဲ့များ ဖြစ်တဲ့ အမေရိကန်နဲ့ အင်္ဂလိပ်တပ်များက လီဒိုလမ်းမကြီးကတဆင့် စစ်လက်နက်များ ထောက်ပံ့နေလို့ အဲဒီလမ်းကို ဖြတ်တောက်ဖို့ ဗမာပြည်ကို စိတ်ဝင်စားနေကြတာပါ။) ဒီအခွင့်ကောင်းကို အသုံးချဖို့ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင် (နောင်-ဗိုလ်ရန်အောင်)တို့ကို ဂျပန်များက ရှာဖွေပြီး တိုကျိုကို ခေါ်သွားပါတော့တယ်။ (၁၉၄၀ ပြည့်နှစ် နိုဝင်ဘာမှာ။) ၁၉၄၁ ခုနှစ်ဆန်းပိုင်းကစလို့ ဂျပန်မှာ စစ်ပညာသင်ဖို့ မြန်မာလူငယ်များ တသုတ်ပြီးတသုတ် ရောက်ရှိလာပါတော့တယ်။

၄။ ရဲဘော်သုံးကျိပ် အဖွဲ့များ

သခင်အောင်ဆန်းကို ဂျပန်ကို ခေါ်သွားပြီးနောက် ဂျပန်စစ်တပ်မှ ဗိုလ်မှူးကြီးဆူဇူကီး (နောင်-ဗိုလ်မိုးကြိုး)နဲ့ တွေ့ဆုံဆွေးနွေးကာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ဂျပန်က အကူအညီပေးရေး (မြန်မာလူငယ်များကို စစ်ပညာသင်ပေးရန်)တွေကို အသေးစိတ်စီစဉ်ပြီး သခင်အောင်ဆန်း ဗမာပြည်ပြန်၊ ကျန်ခေါင်းဆောင်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး လူငယ်တွေ ရွေးချယ်ရေး၊ ပြည်တွင်းတော်လှန်ရေးအတွက် ပြင်ဆင်ရေး၊ စတာတွေကို တာဝန်တွေ ခွဲဝေလုပ်ဆောင်ကြပါတယ်။

သခင်အောင်ဆန်းက ပထမအသုတ်အဖြစ် ဦးဆောင်ပြီး—

၁။ သခင်လှဖေ(ဗိုလ်လက်ျာ)။

၂။ သခင်ထွန်းရှိန်(ဗိုလ်ရန်နိုင်)။

၃။ သခင်ဗဂျမ်း(ဗိုလ်လရောင်)။

၄။ သခင်အေးမောင်(ဗိုလ်မိုး)။

စုစုပေါင်း ၅ ဦး။

ဒုတိယအသုတ်။

၁။ သခင်စောလွင်(ဗိုလ်မင်းခေါင်)။

၂။ သခင်သန်းတင်(ဗိုလ်မြဒင်)။

၃။ သခင်စိုး(ဗိုလ်မြင့်အောင်)။

၄။ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်)။

၅။ သခင်ရွှေ(ဗိုလ်ကျော်ဇော)။

၆။ သခင်တင်အေး(ဗိုလ်ဘုန်းမြင့်)။

၇။ သခင်အောင်သိန်း(ဗိုလ်ရဲထွဋ်)

စုစုပေါင်း ၇ ဦး။

တတိယအသုတ်။

၁။ သခင်ခင်မောင်ဦး(ဗိုလ်တာရာ)။

၂။ သခင်လှမောင်(ဗိုလ်ဇေယျ)။

၃။ သခင်မြ(ဗိုလ်တောက်ထိန်)

စုစုပေါင်း ၃ ဦး။

စတုတ္ထအသုတ် (နောက်ဆုံးအသုတ်)

၁။ သခင်ထွန်းအုပ်။

၂။ သခင်ရှုမောင်(ဗိုလ်နေဝင်း)။

၃။ သခင်စံလှိုင်(ဗိုလ်မှူးအောင်)။

၄။ သခင်ထွန်းခင်(ဗိုလ်မြင့်ဆွေ)။

၅။ သခင်ထွန်းလွင်(ဗိုလ်ဗလ)။

၆။ သခင်ငွေ(ဗိုလ်စောအောင်)။

၇။ သခင်သစ်(ဗိုလ်စောနောင်)။

၈။ သခင်ကျော်စိန်(ဗိုလ်မိုးညို)။

၉။ သခင်မောင်မောင်(ဗိုလ်ဉာဏ)။

၁၀။ သခင်လှ(ဗိုလ်မင်းရောင်)။

၁၁။ သခင်သန်းညွန့်(ဗိုလ်ဇင်ယော်)။

စုစုပေါင်း ၁၁ ဦး။

တချို့ တဦးချင်း ဝင်ရောက်လာသူများလည်း ရှိပါတယ်။

၁။ သခင်လှမြိုင်(ဗိုလ်ရန်အောင်)။ သခင်အောင်ဆန်း ဗမာပြည် ပြန်သွားစဉ် ဂျပန်မှာ နေခဲ့ရ။

၂။ သခင်အောင်သန်း(ဗိုလ်စကြာ)။

၃။ သခင်သန်းတင်။

၄။ ကိုဆောင်း။

စုစုပေါင်း ၃၀ ဦး။

ပထမနှစ်သုတ်မှာ တို့ဗမာအစည်းအရုံး-ဆရာကြီးမှိုင်းအဖွဲ့က ဖြစ်ပြီး နောက်ဆုံးသုတ်ကို ဂျပန်က သခင်ဗစိန်-သခင်ထွန်းအုပ် အဖွဲ့မှ ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ ဗမာ့လွတ်လပ်ရေးအတွက် ညီညွတ်ဖို့လိုတယ် ဆိုပြီး နှစ်ဖွဲ့လုံး စည်းလုံးခဲ့ကြပါတယ်။

သူတို့တွေစုပေါင်းပြီး အဲဒီတုန်းက ဂျပန်ပိုင်ဖြစ်တဲ့ ဟိုင်နန်ကျွန်းမှာ စစ်ပညာတွေ သင်ကြားရပါတယ်။ ဗမာပြည်ပြန်ပြီး တပ်ဖွဲ့ပြောက်ကျားစစ်တိုက်ဖို့ပဲရည်ရွယ်တာကြောင့်စစ်ပညာတွေဟာသိပ်အဆင့်မမြင့်လှပါဘူး။ အချိန်အကန့်အသတ်ကလည်းရှိတာမို့ စစ်သင်တန်းတွေဟာ ပြင်းထန်ကြမ်းတမ်းလှပါတယ်။ အစားအသောက် အနေအထိုင်လည်း ဆင်းရဲလှပါတယ်။ ဒါပေမဲ့ ရဲဘော်အားလုံးဟာ အလွန်လုံ့လ ဝီရိယကြီးစွာထားပြီး လေ့ကျင့်သင်ကြားကြပါတယ်။ တချို့ ဂျပန်ဆရာများဟာ ခက်ထန်ကြမ်းတမ်းပြီး ပါးရိုက် နားရိုက်တာတွေတောင် လုပ်လာကြပါတယ်။ အင်္ဂလိပ်လက်အောက်မှာ ခြောက်လက်မဓားတောင် ကိုင်ခွင့်မရှိတာမို့၊ မိမိနိုင်ငံအတွက် တပ်မတော်တရပ်ရဖို့ ရဲဘော်တွေဟာ ကြိတ်မှိတ်သည်းခံခဲ့ကြပါတယ်။

(မှတ်ချက်။ အဲဒီကာလက အတွေ့အကြုံ အဖြစ်အပျက်များကို ကာယကံရှင် တချို့ကရော၊ တခြားစာရေးဆရာများကရော၊ အသေးစိတ် ရေးသား ထုတ်ဝေထားတဲ့ စာအုပ်စာတမ်းများ ရှိပါတယ်။)

ဒီလိုနဲ့ စစ်သင်တန်းများ လအချို့ တက်ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သခင်အောင်ဆန်းဦးစီးတဲ့ ရဲဘော်သုံးကျိပ်တို့က ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army.B;I;A) ကို ဖွဲ့စည်းလိုက်ပါတယ်။ ဗမာပြည်တွင်း ပြန်ဝင်ရမှာ ဖြစ်လို့ဗိုလ်နာမည်တွေ ပြောင်းယူလိုက်ကြပါတယ်။ ပြီးနောက် တာဝန်အသီးသီးနဲ့ အဖွဲ့ခွဲတွေ ခွဲပြီး ဗမာပြည်တွင်း ဝင်ခဲ့ကြပါတယ်။ စစ်သားသစ်များလည်း ရသမျှစုဆောင်းပြီး သင်တန်းတွေပေး ခေါ်ဆောင်လာခဲ့ပါတယ်။

၁၉၄၂ ခုနှစ်အစောပိုင်းက စလို့ ဗမာပြည်ကို တဖွဲဖွဲ ပြန်ရောက်ကြပြီး ဗမာ့လွတ်လပ်ရေး ရရှိရေးတိုက်ပွဲကို နေရာအမျိုးမျိုးကနေ ဆက်လက် ပါဝင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ဂျပန်ဖက်ဆစ်တော်လှန်ရေးမှာလည်း စစ်တိုင်းအသီးသီးမှာ ခေါင်းဆောင်ပါဝင်ခဲ့ကြပါတယ်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမယ်။

မှတ်ချက်။ ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်မည့် အရေးတော်ပုံဂျာနယ်တွင် ဖော်ပြမည့် ဆောင်းပါး။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar