ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကားလိပ်ကြီးချ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကားလိပ်ကြီးချ
(မိုးမခ) ဇူလိုင် ၂၇ ၊ ၂၀၂၄
ဆိုရှယ်ပန်းနစ်မင့် ဆိုသည့်အတိုင်း ဆိုရှယ်မီဒီယာမှာပါ အကောင့်ဖွင့်မရတဲ့ ထရော်မာကို ဘယ်သူစာနာနားလည်နိုင်မှာလဲ။
သူတကာတွေ မောနီး ဟလို ဟိုင်းလုပ်နေချိန်မှာ ကိုယ့်မှာ ယောင်တောင်တောင်နဲ့ လမ်းထလျှောက်တော့ လှမ်းဟောင်တဲ့ခွေးကိုသာ လက်ပြခဲ့ရ။
မဲဆောက်မှာ မဟားတရား ပြေးရတဲ့ မင်းသမီးကလေးကို အားပေးချင်တာတို့၊ နေပြည်တော်မှာ လေးဖြူကို ပြေးကူချင်တာတို့၊ ထူးခန့်ကျော် ဆေးကုခန်းကို ဝိုင်းရှယ်ပေးချင်တာတို့၊ ရဋ္ဌနန္ဒကလေး အသားနည်းနည်းလတ်လာပြီလို့ တင်ချင်တာတို့၊ အဲဒီလို ဘာမှကို မဘာရတဲ့ ကံကြမ္မာဆင်းရဲကို ဒီဆိုရှယ်ဒွန္နယာမှာ ဘယ်လိုလူက တင်းခံနိုင်မှာလဲ။
ကမ္ဘာ့အရေးဆိုလည်း တရုတ် အပ်ပျောက်တာကနေ ဖက်တီးစုတ် ချေးထုပ်ပစ်တာအလယ် ထရန့် သေနတ်မှန်တာအဆုံး ဘာအကြောင်းမှ ဝင်ငံလို့ မရ။ ငံချင်လွန်းလို့မှ ငံပြည်ရည်လုပ်ငန်းနဲ့ ဆားလုပ်ငန်းတခုလုံး ဦးပိုင်စီးထားရုံအားမရလို့ နိုင်ငံတော်အာဏာပါ သိမ်းပြီး နိုင်ငံရေးတခုလုံး ပြန်ပေးဆွဲ မုဒိမ်းကျင့် အတင်းဇွတ်ပေါင်းသင်းထားတာလေကွာ။
VK ကျတော့လည်း အညှီတွေပဲ ရှိတော့ ဆိုရှယ် တန်းမစေ့။ ဘိုလိုတွိနိုင်မှ တွစ်ရာဝင်တဲ့ တွစ်တာကျပြန်တော့လည်း လူစဉ်က မမီ၊ တပည့်ကျော် အမေရိက ဂရိတ် အဂိန်းလောက်ကို မဟိန်းနိုင်။
ကိုယ့်ဘာသာ ဆိုရှယ်စင်တခု ဆောက်ပြန်တော့လဲ ပလေးစတိုးကနေ ခွေးသူခိုး မောင်းထုတ်သလို မောင်းချခံရ။ ပန်းသီးစတိုးကနေ ဘန်းပြီး ရိုးခံရနဲ့။ ဆိုးတဲ့ဘဝ။ တစ်တော့ချင်လို့ ဖင်ခါကျင့်သော်လဲ ဖင်ရာမဝင်၊ ဖင်ရမ်းပုံက ခွေးသူခိုးအမြီးနှန့်တာလောက်မှ အထာမကျလို့တဲ့၊ အလှိုင်မနာမည်တွင်တာပဲ အဖတ်တင် ဟဟတွေ အပုံအပင်နဲ့ ကတုန်ကယင် ပြန်ခဲ့ရ။ ငါ့မှာ ဖေ မေ မကြောက်ရဘဲ ဆိုရှယ်က မရှိ၊ AA ကြောက်ရတဲ့ ဂိုရှယ်လည်း မရှိတော့။ ဂလိုဘယ်ဖို့ဝေး လိုကယ်တောင် ငေးနေရတဲ့သူ။
သူများတွေ အကောင့် သုံး လေးခုနဲ့ ဆိုရှယ်မီဒီယာ သုံး လေးခုမှာ ငြိနေတာကို တုံးလေးခုကာ ကြည့်နေရတဲ့ဘဝထက် ခါးတာရှိသေးလား။ ငါ့ထက် အများတကာ ဟားတာ ရှိအုံးမလား။
ဖဲဝိုင်းမှာ မိုးလင်းထိမဝင်ရဘဲ ဘေးပေါက်ပဲ ထိုင်ရိုက်ပြီး ကိုယ် ပေါက်တဲ့အိမ် အညောင်းဆန့် သေးထပေါက်မှ ဖဲကိုင်ခွင့်ရတဲ့ ဘဝလို ခေါသနီအကောင့်ဘေးမှာ ဘာလေးတင်ပါ့လား၊ ဘယ်လို ပြန်မန့်ဆိုပြီး ဆိုရှယ်နံ့ ကပ်ရှူနေရတဲ့ ဘဝလေ။ ပြီးတော့ ငါက ဘုရင်လေကွာ။ ငါက ဓာတ်တိုင်သေးပန်းလား။ သဒေါင်းဇားလား။ အဖေမပေါ်လား။ အင်္ဂုလိမာလနဲ့ စိဉ္ဇမာန သုက်ပိုးက ရလာတဲ့ဖန်ပြွန်သန္ဓေသားလား။ ပြောကြလေကွာ။
အဲတော့ ဆိုရှယ်မီဒီယာကို ငါ ပိတ်တယ်လေ။ အဲဒါကို မင်းတို့က VPN နဲ့ ဟဟလုပ်တယ်။ ဘယ်မလဲ ကိုယ်ချင်းစာတရား၊ ငါ မှားလား။ အဲသလို VPN အားကိုးနဲ့ ငါ့ကို ထရိုးကြတော့ ငါက လိုင်းပါ ပိတ်ပစ်လိုက်ရော၊ မှတ်ပလား။ အဲသမှာ မင်းတို့က စတားလင့်နဲ့ တိမ်ပေါ်မှာ လွှင့်နေတယ်လေ ငါလေဆို စောက်ခွက် လာပြောင်တယ်။ သိမယ် သိမယ်။ မင်းတို့ကောင်တွေ အကုန်သိစေရမယ်။
အေး ငါပဲ လုပ်လို့ရပြီး မင်းတို့ ဘာမှမတတ်နိုင်တဲ့အလုပ် ငါ လုပ်ပြီ။ စပ်ကြစမ်း။
မင်းတို့ အကောင့် သုံး လေးခုရှိသလို ငါလည်း လေးကိုယ်ခွဲပြီ။ ဘုရားလိုမျိုး ငါ့တန်ခိုးနဲ့ ရုပ်ပွားတွေ ဖန်ဆင်းပြီ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေ သရေကြိုးတင်းအောင်ကိုင်ကို နစကဥက္ကဋ္ဌ ခန့်တယ်ကွာ။ ဘယ်သူ ဘာတတ်နိုင်သေးလဲ။ နစကဥက္ကဋ္ဌ သရေကြိုးတင်းအောင်ကိုင်ကနေ ကြင်စိုးကို ဝန်ကြီးချုပ် ခန့်တယ်ကွာ။ ကဲ ဘယ်သူ ဘန်းနိုင်သေးလား။ အေး အဲဒီ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ရယ်၊ သရေကြိုးတင်းအောင်ကိုင် နစကဥက္ကဋ္ဌရယ်၊ ဝန်ကြီးချုပ်ကြင်စိုးရယ် ပေါင်းပြီး ပလ္လင်သူခိုးကို ယာယီသမ္မတ ခန့်တယ်ကွာ။ ပြောကြအုံးလေကွာ။
ပလ္လင်သူခိုးက စလွယ်ကြီးနဲ့၊ ရင်ဖုံးနဲ့၊ ထိုင်မသိမ်းနဲ့ ပလ္လင်ပေါ်ကနေ အမိန့်တော်မှတ်လိုက်။ ကားလိပ်ချ၊ တခန်းရပ်။
အဲဒါကို သရေကြိုးတင်းအောင်ကိုင်က တိုက်ပုံပုဆိုးနဲ့ ပြန်လည်လျှောက်တင်။ ကားလိပ်ချ၊ တခန်းရပ်။ ဘောင်းဘီနဲ့ ရှပ်အင်္ကျီဝတ် ဝန်ကြီးချုပ်ကြင်စိုးက လိုက်မှတ်။ ကားလိပ်ချ၊ တခန်းရပ်။
ကြင်စိုးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထပ်ဆင့်ညွှန်ကြား။ ကားလိပ်ချ၊ တခန်းရပ်။
ကာချုပ်က ဗုံးကြဲသတ် လက်နက်ကြီးထုဖြို စစ်ကြောင်းထိုး မီးရှို့ တိုင်းပြည်ဖျက်ခိုင်း။ ကားလိပ်ချ၊ တခန်းရပ်။
အဲဒါကို သရေကြိုးကိုးကွင်းနဲ့ နောက်လိုက်များက အကောင်အထည်ဖော် ဆောင်ရွက်။ ပြည်ဖျက်ခန်းပြီး။ ကားလိပ်ကြီးချ။ မြန်မာ့တပ်မတော် ဇာတ်သိမ်း။
ဟဟကြအုံးလေကွာ။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar