လူမျိုးစုတွေနဲ့ ပြည်ထောင်စုမျှော်မှန်းချက်၊ ပြည်ထောင်စု ပြန်တည်ဆောက်နိုင်မလား
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၆ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၄
လူမျိုးစုတွေနဲ့ ပြည်ထောင်စုမျှော်မှန်းချက်၊ ပြည်ထောင်စု ပြန်တည်ဆောက်နိုင်မလား
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလကတည်းက တလျှောက်လုံးမှာ ပြည်ထောင်စုလို့ မြန်မာ ဘာသာနဲ့သုံးနှုန်းခဲ့ပြီး အင်္ဂလိပ်ဘာသာနဲ့တော့ Union ဆိုတဲ့စကားလုံးကိုသုံးစွဲခဲ့ပြီး မြန်မာစစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေက Federal စကားလုံးကို ခွဲထွက်ရေး စကားလုံးအဖြစ် မှတ်ယူခဲ့ပြီး ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို မသုံးစွဲအောင် ဆင်ဆာဖြတ်တောက် တားဆီးပိတ်ပင်ခဲ့တာ ဆယ်စုနှစ်များစွာရှိခဲ့တာ လေ့လာကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။
Federal ထက် Union ဆိုတဲ့ စကားလုံးကိုရွေးချယ်တဲ့ ရည်ရွယ်ချက်လည်း ရှိနေခဲ့မှာ အသေအချာဖြစ်ပြီး မိမိတို့ ဆန္ဒနဲ့ ပေါင်းစည်းကြတဲ့ နိုင်ငံမျိုးမဟုတ်ဘဲ အတင်းပေါင်းစည်းထားတဲ့ နိုင်ငံတနိုင်ငံအဖြစ်နဲ့ လွတ်လပ်ရေး ရပြီးနောက် ဆယ်စုနှစ် ၇ ခုကျော်ကြာ ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ ယူနီယံ အဓိပ္ပာယ်မတူကြသလို ပြည်ထောင်စုလို့ ခေါ်ဆိုတဲ့ မြန်မာနိုင်ငံဟာလည်း လွတ်လပ်ရေးရတဲ့ အချိန်ကနေ အခုအချိန်ထိ ဆယ်စုနှစ်များစွာ ပြည်တွင်းစစ် နွံထဲ နစ်နေခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့ ပင်မ အကြောင်းရင်းက ဖက်ဒရယ် အခွင့်အရေးကိစ္စလို့ ယေဘုယျအားဖြင့် ကောက်ချက်ချကြပေမယ့် ပြည်တွင်းစစ် ပထမဆုံးစတင်ခဲ့တဲ့ အဖွဲ့အစည်းက အမျိုးသားရေးထက်၊ လက်ဝဲဝါဒနိုင်ငံရေး အကြောင်းပေါ် အခြေပြုပြီး လက်နက်ကိုင် လမ်းစဥ် စတင်ကြေညာကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်မှာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့စဥ်က အနေအထားကို ကြည့်ရင် လူမျိုးစုတွေရဲ့ အခွင့်အရေး တနည်းအားဖြင့် အမျိုးသားလွတ်မြောက်ရေး ဆိုတဲ့ အကြောင်းရင်းလည်း ပါသလို၊ ကွန်မြူနစ်နဲ့ ကွန်မြူနစ် မဟုတ်တဲ့ ဆိုရှယ်လစ် အုပ်စုလို့ ဆိုတဲ့ စစ်တပ်ထဲက စစ်အရာရှိတချို့၊ နိုင်ငံရေးအစုအဖွဲ့ တချို့တို့အကြားက အုပ်ချုပ်မှုအာဏာ ရယူဖို့ အားပြိုင်ကြတာလို့ ဆိုရင် ရမယ်လို့ ထင်ပါတယ်။
၁၉၄၉-၅၁ ခုနှစ် နောက်ပိုင်းမှာတော့ အဓိက စစ်ပွဲတွေက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်တပ်ကို လက်ကိုင်ပြုထားတဲ့ အာဏာရ ဖဆပလအုပ်စုတို့အကြား တိုက်ခိုက်မှုတွေက တိုင်းရင်းသား လူ မျိုးစုအရေးတိုက်ခိုက်ကြတဲ့ စစ်ပွဲတွေထက် ပိုမိုပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဖက်ဒရယ်စနစ်ကိုမကျင့်သုံးနိုင်၊ စစ်တပ်က ဖက်ဒရယ်ကိုမနှစ်မြို့မှုကြောင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေ လျော့မသွားတဲ့အပြင် ကြာလေ အဖွဲ့အရေအတွက်နဲ့ အဖွဲ့ဝင် အရေအတွက် တိုးလာလေလေဖြစ်ပြီး အမျိုးသားလွတ်မြောက်ရေး၊ မိမိတို့လူမျိုးတွေကို လက်နက်ကိုင်အဖွဲ့တွေနဲ့ အကာအကွယ်ပေးရေး ဆိုတဲ့အကြောင်းနဲ့ လူမျိုးစုနယ်မြေဒေသတွေ နယ်စပ်ဒေသတွေမှာ ဆယ်စုနှစ်များစွာ ရပ်တည် တိုက်ခိုက်နေခဲ့ကြတာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတချို့က တိုင်းရင်းသား လူမျိုးစုတွေရဲ့ အမျိုးသားလွတ်မြောက်ရေး လက်နက်ကိုင် လှုပ်ရှားမှုကို စာနာမှုသော်လည်းကောင်း၊ နယ်စပ်ရဲ့ ကြားခံဇုန် အဖြစ်သော်လည်းကောင်း ထိတွေ့ဆက်ဆံကာ တတ်နိုင်သမျှ အကာအကွယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုအရေးဟာ ပြည် တွင်းစစ်ရဲ့ အဓိကနဲ့ တခုတည်းသော ဘုံအကြောင်းရင်းခံ ဖြစ်လာခဲ့ပြီး အာဏာသိမ်းယူထားတဲ့ စစ်တပ်အနေနဲ့လည်း နိုင်ငံရေး အကြောင်းကလွဲရင် ကျန်အကြောင်းအရာတွေ ဖြစ်တဲ့ စီးပွားရေး၊ သယံဇာတထုတ်ယူရေး မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ် ပတ်သက်မှုစတဲ့ အခြားကိစ္စတွေ နဲ့ပတ်သက်ပြီး အလျော့ပေး ဆက်ဆံကာ လက်နက်ကိုင် တိုက်ပွဲတွေကို လျှော့ချခဲ့ပြီး မြေပေါ်က အတိုက်အခံ အင်အားစုနဲ့ အချို့သောလက်နက်ကိုင်အင်အားစုတွေကို နှိမ်နှင်းအနိုင်ယူဖို့သာ အားသန်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဆယ်စုနှစ်တွေမှာ မြန်မာနိုင်ငံရေးသမားတွေ၊ မြန်မာနိုင်ငံက စစ်အရာရှိဟောင်းတွေ အများစုက စစ်တပ်နဲ့ အမြင်ထပ်တူကျတဲ့အစိတ်အပိုင်းတွေ ရှိခဲ့ပြီး ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ အကြောင်းပြချက်ကို အနည်းနဲ့ အများ လက်ခံခဲ့ကြတဲ့ သဘောလည်း တွေ့ခဲ့ရတာပါ။
အခုလတ်တလော ဖြစ်ပွားလာတဲ့ နယ်မြေသိမ်းယူမှုတိုက်ပွဲ တနည်း မြို့သိမ်းတိုက်ပွဲတွေက ဘယ် လောက်ထိ ရည်မှန်းချက်ထားရှိကြသလဲဆိုတာ ခုချိန်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမရှိကြသေးသော်လည်း အနိမ့်ဆုံး ဖက်ဒရယ်ပြည်ထောင်စု၊ ဒီထက်ပိုရင် ကွန်ဖက်ဒရိတ်ပြည်နယ်၊ ဒေသအထိ ရည်မှန်းကြတာ ဖြစ်ပါတယ်။ ဒီအဆင့်တင်မက ဒီထက်ပိုလွတ်လပ်တဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ဒေသအဖြစ် မျှော်မှန်းထားကြတာလည်း ရှိကောင်း ရှိနေနိုင်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်လယ်ပိုင်းအကြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ရဲ့ စစ်ရေးအောင်ပွဲကရရှိတဲ့နယ်မြေတွေ၊ မြို့တွေနဲ့ နယ်မြေ ဒေသနယ်နိမိတ်အပြောင်းအလဲတွေ ဖြစ်ပေါ်လာသလို စစ်ကောင်စီနဲ့ ဆန့်ကျင်ဘက်လက်နက်ကိုင်အင်အားစုတွေအကြားမှာပင်လျှင် စစ်ရေးချိန် ခွင်လျှာအပြောင်းအလဲတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
မတူကွဲပြားတဲ့လူမျိုးစုတွေနေထိုင်နေကြတဲ့ဒေသတွေမှာ စစ်ရေးအရ အောင်ပွဲရတဲ့ လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးအကောင်အထည်ဖော်တာတွေက ရှုထောင့် အသစ်၊ အနေ အထား အခင်းအကျင်းအသစ်တွေ ဖြစ်ပေါ်လာစေပြီး ဗမာပြည်မက စစ်တပ်မရှိတော့တဲ့ ကာလအလွန်မှာ ကြုံလာရနိုင်တဲ့ပြဿနာတွေကို ဘယ်လိုနိုင်ငံရေးအခြေခံနဲ့ ဖြေရှင်းကြမလဲဆိုတဲ့ မေး ခွန်းထွက်ပေါ်လာနေပေမယ့် အဖြေမရှိကြသေးတဲ့အနေအထားဖြစ်ပါတယ်။ လက်နက်နဲ့ လူအင် အားရှိတဲ့အဖွဲ့၊ ဒီဒေသကို စတင်သိမ်းယူရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အဖွဲ့က အုပ်ချုပ်ခွင့်ရှိသလား၊ သို့မဟုတ် မူလအခြေချနေထိုင်ကြတဲ့ လူများစုဖြစ်တဲ့ လူမျိုးစုတွေရဲ့လက်နက်ကိုင်အဖွဲ့က သူတို့အုပ်ချုပ်သင့်တဲ့ နယ်မြေအဖြစ် အသိအမှတ်ပြု လွှဲပြောင်းပေးကြမလား ဆိုတဲ့ မေးခွန်းတွေ၊ ကြုံလာရနိုင်တဲ့ ပြဿနာတွေက စောင့်ဆိုင်းနေတာလည်း ဖြစ်ပါတယ်။
ဗမာပြည်မလို့ဆိုတဲ့ နယ်မြေဒေသတွေကို အာဏာရှင် စစ်တပ်လက်ထဲက တိုက်ခိုက်သိမ်းယူကြတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အကူအညီက ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်ကြမလဲ စတဲ့ မကြုံရသေးတဲ့မေးခွန်းတွေလည်း ရှိနေသလို လက်ရှိ သိမ်းယူထားပြီး နယ်မြေတွေက မတူကွဲပြားတဲ့တိုင်းရင်းသားတွေအကြား ပဋိပက္ခပေါ်ပေါက်နိုင်တဲ့လက္ခဏာ အချို့လည်း စတင်တွေ့မြင်နေရတာမို့လို့ ဒီလိုပေါ်လာနိုင်တဲ့ ပြဿနာတွေဖြေရှင်းဖို့ နိုင်ငံရေး အခြေခံအယူအဆ၊ လက် နက်နဲ့ ဖြေရှင်းတာထက် စကားပြောဆိုကြမယ့် စနစ်၊ နေရာ၊ နည်းလမ်း စတာတွေ ကြိုတင်ပြင် ဆင်ထားကြရမယ့် အချိန်ဖြစ်ပါတယ်။
ပြည်ထောင်စုကြီးပြန်တည်ဆောက်ဖို့ အတင်းစုစည်းဖို့ လိုအပ်တာလား၊ သို့မဟုတ် လက်နက်တွေ၊ တပ်အင်အားတွေကို ဘေးဖယ်ထား ထည့်သွင်းမစဥ်းစားဘဲ လူမျိုးစုတိုင်း တန်းတူရည်တူ အဆင့်နဲ့ ဆက်ဆံပြောဆိုနိုင်တဲ့ ကွန်ဖက်ဒရိတ်အနေအထားကို သွားကြမလား ဆိုတာတွေလည်း စိတ်ကူးရုံတင်မက စတင်ပြင်ဆင်ပြောဆိုထားကြရမယ့်အချိန် ရောက်နေပြီ ဖြစ်ပါတယ်။ တချက်ကတော့ လက်နက်နဲ့ တပ်အင်အားပေါ် အခြေတည်ပြီး စစ်အာဏာရှင်ဖြစ်လာတဲ့အာဏာရှင်ဟောင်းတွေ ဖယ်ရှားပြီး စစ်အာဏာရှင်အသစ်တွေ ပေါ်ထွက်မလာဖို့က အရေးကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar