Breaking News

အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေး အလေးမထားကြတဲ့ ရှမ်းမြောက်ဒေသရဲ့ အခြေအနေ


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၇ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၄


အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေး အလေးမထားကြတဲ့ ရှမ်းမြောက်ဒေသရဲ့ အခြေအနေ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ နဲ့ နောင်ချို ဒေသတို့မှာ စစ်ကောင်စီ စစ်စခန်းတွေကို နယ်မြေခွဲဝေကာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက တပြိုင်ထည်းလိုလို တိုက်ခိုက်နေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား နယ်မြေစိုးမိုးခွင့်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ခြင်း ထိပ်တိုက်တွေ့မှု၊ လက်နက်ကိုင် ပဋိပက္ခဖြစ်မှုတွေလည်း ရှိနေသလို၊ တိုက်ပွဲတွေကြားကနေ လွတ်မြောက်တဲ့ နေရာဒေသတွေကို တိမ်းရှောင်ဖို့ အခက်အခဲရှိနေတဲ့ အရပ်သားတွေကို အကာအကွယ်ပေးမှုတွေလည်း ဘယ်လက်နက်ကိုင် အဖွဲ့ကမှ အလေးထားတာ မတွေ့ရသလို အချို့သော လက်နက်ကိုင် အဖွဲ့တွေက စစ်ဘေးရှောင် အရပ်သားတွေကို အဓမ္မစစ်သားစုဆောင်းတာတွေ ရှိနေတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသရဲ့ အနေအထားဟာ စစ်ကောင်စီတပ်တွေကို အနိုင်ရဖယ်ရှားရေးအတွက် တိုက်ခိုက်နေစဥ်မှာပဲ ယှဥ်တွဲလျှက် ပေါ်ထွက်လာတဲ့ စစ်ရေး အခွင့်အလမ်း၊ အကျိုးစီးပွား၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဖြစ်ပွားနေသလို တပြိုင်နက်ထဲမှာ ဝါဒဖြန့်မှုတွေက ပြည့်နှက်နေတာ ဖြစ်ပါတယ်။

အခုလို အချိန်အခါကာလကို နားလည်လွယ်အောင် ပြောရရင် ပြည်မက အာဏာနဲ့ စစ်အင်အား အကြီးဆုံး ဖြစ်ခဲ့တဲ့ စစ်အာဏာရှင် စစ်တပ်က အင်အားချိနဲ့ပြီး အရှုံးနဲ့ ရင်ဆိုင်နေရချိန်မှာ အာဏာရှင်ကို ယှဥ်ပြိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား ဘုံရည်မှန်းချက်လည်း ရှိသလို မတူညီတဲ့ ရည်မှန်းချက်တွေလည်း ရှိနေကြတာကြောင့် စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ တပြိုင်နက်ထဲမှာပင်လျင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အကျိုးစီးပွား ပဋိပက္ခ အခြေအနေတွေလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။

ရှမ်းမြောက်မှာ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ် ရှိတဲ့ လားရှိုးမြို့ကို MNDAA အဓိက ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့က သိမ်းယူဖို့ ပိတ်ဆို့တိုက်ခိုက်နေရာမှာ လားရှိုးမြို့နေလူထု အနေနဲ့ အစပိုင်းရက်တွေမှာ အခြေအနေကို စောင့်ကြည့်နေခဲ့ကြရာက ဇူလိုင်လ ၅ ရက်နောက်ပိုင်းမှာတော့ မြို့ကနေ ထွက်ခွာကြသူတွေ သိသိသာသာ များပြားလာတာ ဖြစ်ပါတယ်။ လားရှိုးမြို့ကနေ ထွက်ခွာဖို့ ကားလမ်းတွေ ရွေးချယ်စရာ အနည်းငယ်သာ ရှိပြီး တိုက်ပွဲနဲ့ လွတ်ကင်းတဲ့ လမ်းကြောင်းတွေကနေ တောင်ကြီး၊ မန္တလေးတို့လို မြို့တွေကို တိမ်းရှောင်ဖို့ ကြိုးစားကြရတာ ဖြစ်ပါတယ်။

ဒီလို တိမ်းရှောင်ရာမှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ အခွန်ပေးရတာမျိုးတွေ၊ စစ်သားစုဆောင်းခံရတာမျိုးတွေလည်း ရှိနေတယ်လို့ သတင်းအချို့မှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ ဒုက္ခနဲ့ ကြုံတွေ့ကြရာမှာ ဒုက္ခက တခုမက အစုအဝေးနဲ့ လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်ပွားလာတဲ့အခါ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဆုံးရှုံးသွားတဲ့ လက်နက်ခဲယမ်း နဲ့ လူအင်အား ပြန်လည်ဖြည့်တင်းဖို့ လုပ်ဆောင်ကြရတာ သဘာဝ ဖြစ်ပြီး အဲလိုဖြည့်တင်းရာမှာ လူထုဆီက ဘယ်လို ကောက်ခံမလဲ ဘယ်လို စုဆောင်းမလဲဆိုတာက အဓိက မေးခွန်းထုတ်စရာ အချက်ဖြစ်လာပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်မှု မထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့သလို၊ လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေ အတွက် တနိုင်ငံလုံးမှာ ၄င်းတို့စိုးမိုးထားနိုင်တဲ့ ဒေသတွေက ရတဲ့ အခွန်အကောက် နဲ့ သယံဇာတ ရောင်းချရတဲ့ဝင်ငွေကို စစ်ရေးမှာ အများအပြား သုံးစွဲနေတာ ဖြစ်သလို လိုအပ်ရင် ငွေစက္ကူထပ်ရိုက်တာတွေလည်း လုပ်ပိုင်ခွင့်ရှိနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုမထမ်း မနေရ ဥပဒေရဲ့ အကျိုးဆက်က မြန်မာနိုင်ငံ အနှံ့က လူငယ်လူရွယ်တွေ တရားဝင်ရော၊ တရားမဝင်ပါ နိုင်ငံကနေ ထွက်ခွာတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အလားတူ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း ၄င်းတို့ စိုးမိုးရာနယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို စစ်သားသစ် စုဆောင်းတာ၊ သို့မဟုတ် ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးပြီး စစ်သားစုဆောင်းတာတွေလည်း ရှိနေကြောင်း သတင်းတွေမှာ တွေ့နေရတာ ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း လားရှိုးမြို့က ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ဘေးရှောင် ကားတွေကို MNDAA လက်နက်ကိုင် အဖွဲ့က စစ်ဆေးရေးဂိတ်တွေမှာ စစ်မေးပြီး စစ်မှုထမ်းနိုင်တဲ့ အရွယ် အမျိုးသားတွေကို အဓမ္မစစ်သားစုဆောင်းတာတွေ လုပ်နေတယ်လို့ သတင်းတွေ ဖေါ်ပြလာကြတာတွေ့ရ ပါတယ်။

ဒီလို စစ်သားစုဆောင်းတဲ့ အခြေအနေ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း အကြား ပဋိပက္ခဖြစ်ပွားတဲ့ လက်နက်ကိုင် ထိတွေ့ တိုက်ခိုက်မှု၊ ဖမ်းဆီးကာ လက်နက်ဖြုတ်သိမ်းပြီး နယ်နှင်တဲ့ အဖြစ်အပျက်တွေလည်း ခုရက်ပိုင်းအတွင်း ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ကျောက်မဲ မြို့နယ်နဲ့ သီပေါ မြို့နယ်ထဲမှာ SSPP/SSA နဲ့ TNLA အကြား ဖြစ်ပွားတဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အတွင်း နှစ်ဖက် လက်နက်ကိုင် အဖွဲ့ဝင်တွေ သေဆုံးမှုတွေ အထိ ရှိခဲ့သလို အဆိုပါအဖြစ်အပျက်တွေကို တာဝန်ရှိသူ တွေအကြား ဆက်သွယ်ညှိနှိုင်း ဖြေရှင်းပြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်း နှစ်ဖက် တပ်ဖွဲ့တွေအကြား နယ်မြေစိုးမိုး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားမှုတွေက ထပ်မံထွက်ပေါ်လာနေ ဆဲဖြစ်ပါတယ်။ မူဆယ်မြို့နယ်ထဲက မန်ဟီးရိုးဒေသမှာ TNLA တပ်ဖွဲ့ဝင်တချို့ကို SSPP/SSA က လက်နက်ဖြုတ်သိမ်းပြီး နယ်နှင်ခဲ့တယ်ဆိုတဲ့ သတင်းက ဇူလိုင်လ ၇ ရက်နေ့မှာ ထပ်မံပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ လ ကျော်က နမ့်ခမ်းမြို့နယ်ထဲမှာ SSPP/SSA တပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်ကို TNLA က လက်နက်ဖြုတ်သိမ်းပြီး မူဆယ်မြို့နယ်ဘက် ပို့ဆောင်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့ဖူးသလို အခု ဖြစ်ရပ်မှာတော့ TNLA တပ်ဖွဲ့ဝင်တွေကို SSPP/SSA က လက်နက်ဖြုတ်သိမ်းပြီး နယ်နှင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြားမှာ ဖြစ်ပွားလာတဲ့ လက်နက်ကိုင်တပ်ချင်း ထိတွေ့မှု၊ တိုက်ခိုက်မှုတွေကို ဖြေရှင်းမယ့် ယန္တရား တနည်း အဖွဲ့အစည်းနဲ့ အခြေခံမူတွေတော့ ခုအချိန်မှာ မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။ KIA နဲ့ TNLA အကြား မှာလည်း ကွတ်ခိုင်မြို့နယ်ထဲက အဖြစ်အပျက်တချို့ နဲ့ ပတ်သက်လို့ အငြင်းအခုံဖြစ်တာ၊ အောက်ခြေ တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်တာတွေ ရှိနေတာ ဖြစ်ပြီး အဆိုပါ အဖြစ်အပျက်တွေဖြစ်ပြီးနောက် TNLA က ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်က ဦးဆောင်ဖွဲ့စည်းထားတဲ့ FPNCC လို ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ ပါဝင်တဲ့ အဖွဲ့က ကြားဝင် ဖြေရှင်းပေးဖို့ တိုင်ကြားခဲ့တာ သတင်းတွေထဲ တွေ့ရမှာ ဖြစ်ပါတယ်။

FPNCC အနေနဲ့ ဘယ်လို ဖြေရှင်းဆောင်ရွက်ခဲ့သလဲ၊ နောက်နောင် ဖြစ်ပွားလာနိုင်တဲ့ အဖြစ်အပျက်တွေမှာရော FPNCC အနေနဲ့ ကြားဝင်ဖြေရှင်းဖို့ အဆင်သင့်ရှိသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar