Breaking News

အမ်တီကေ၊ ကျော်ဟုန်း - ၃၆ နှစ်မြောက် ၈ လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်ကဗျာ

၃၆ နှစ်မြောက် ၈ လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်ကဗျာ
(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၄


ဇီဝဝိညာဉ်
အမ်တီကေ

၃၆ မိုင်ခရီးတစ်လျှောက်မှာ
မျက်ရည်တွေ ဒုက္ခတွေ သောကတွေ
တောပန်းရိုင်းလို ပွင့်ကြတယ်။

အဲဒီပန်းတွေဟာ ဝတ်မှုန်ကူးတဲ့အခါ
ဝိညာဉ်တစ္ဆေတွေ ဖြစ်သွားကြတယ်။

ပျားတွေက ဝတ်ရည်စုပ်နေ
ပြီးတော့ လိပ်ပြာတွေက ကခုန်နေရဲ ့။

ပန်းတွေရဲ ငရဲခန်းဟာ ပါရီကျဆုံးခန်းနဲ့တူနေရဲ့ ။

အဲဒီနောက်မှာ ဘာဖြစ်သွားပါလိမ့်
မြေအောက်ပေါ့ ရေသောက်မြစ်ပေါ့ ။

အခု ခင်ဗျားမြင်ရတာ ဘယ်သူပါလိမ့်
နာမည်ဝှက်နဲ့လှုပ်ရှားနေတဲ့လူတစ်ယောက်ပေါ့။

သူဟာ ပန်းတစ်ပွင့်ရဲ့ ဇီဝ ဝိညာဉ်ပေါ့။     ။

8/8/2024
-
စနစ်ဖြိုလက်များရာဇဝင်
ကျော်ဟုန်း

ငါတို့
ခံစားချက်နဲ့ စတင်ခဲ့ပါတယ်
ခံယူချက်နဲ့ ခရီးဆုံးလျှောက်လှမ်းဆဲ။

ငါတို့
မနိုင်ရင်ကန်မှန်းသိပါတယ်
နိုင်ကိုနိုင်မယ်စိတ်နဲ့လှုပ်ရှားခဲ့ပါတယ်။

ငါတို့
သာသလို မနေရက်ခဲ့ပါဘူး
သန်သလို လှုပ်ရှားနေဆဲပါ။

ကိုယ်နဲ့ မပြီးသေးဘူးဆို လက်ဆင့်ကမ်း
လက်ဆင့်လက်ကို လက်ဆက်တွဲ
လက်ဆက်တွဲတွေ လက်ချင်းချိတ်မြဲရင်
ဆုံမှတ်ဟာ မဝေး
မျှော်လင့်ချက်ဟာ မဝေး
ယုံကြည်ချက်သာ တူပလေ့စေ။

၂၄၈၈
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar