Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁ )

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၁ )

(မိုးမခ) ဩဂုတ် ၇ ၊ ၂၀၂၄


ခင်ရီ ရိုက်ချက်ကလည်း ဖွတ်ရိုက်ချက်ရယ်လို့မှ မပြောရ၊ အွတ်ခနဲဘဲ။ မအလက မျက်နှာတိမျက်နှာထားနဲ့ ပြည်ပက ဝက် စွက်ဖက်တယ် ပြောနေချိန် ခင်ရီက လာပါ လာပါ ပုတင်ရဲ့ ရုရှားထလုပ်။ သေချာဖြုတ်တာ မဟုတ်ရင် အချင်းချင်းဆိုလဲ ညှိကြလေ။ ခုတော့ ခင်ရီတလုံး မအလတလုံး၊ အုံးသီးပြောပါတယ်။

ခင်ရီက ကမ္ဘာနဲ့ မြန်မာ ချိတ်ဆက်သလို လူတွေကလည်း ရှိတ်ဟာဆီနာပြေးသလို ပြိတ္တာအညှီလနာလေးရော ဘယ်တော့လဲ မေးကြ။ ဖေးမမယ်မရှိ။ 

အညာမလဲ စခန်းက အထွက်စောင့် မိုင်းခွဲတာ မလုပ်တော့ဘဲ တဆင့်တက်ကာ သိမ်းရမလား တိမ်းကြမလား မေးလာကြ။ ဈေးဝယ်သွားလဲ ဓားနဲ့ဝင်ထိုး သေနတ်လုလို့လု၊ စစ်သားတို့ အုက်ကြီးတို့ဆိုတာ တွင်းအောင်းသတ္တဝါ။ လက်ဖက်ရည်ဆိုင် အရက်ဆိုင်တောင် ထိုင်ရဲဖို့ထား ကွမ်းတောင်ထွက်မစားရဲတာကြာပေါ့။ သေးပေါက် ချေးယိုတောင် ယူရိုကော်ပတာနဲ့ သွားရမလို။

စစ်ခွေးရဲ့ စစ်ရေးကလည်း ပစ်ပြေးတောင် မဟုတ်တော့၊ ကျောက်မဲမှာ လျှောက်ကြဲကာ ဗုံးရာချီအုံးပေမယ့် အဆုံးသတ်မှာ တပ်တွေ အပ်နေရ။ 

ကဲ ရှမ်းမြောက်မှာ ဂန်းဖောက်တာထား၊ ခုဟာက နန်းပေါက်မှာကို ဂန်းမြှောက်ကာ တီးသမို့ အုက်ကြီးမနှစ်ပွေ ဒီတော်သလင်းမှာ ပျော်ခင်းမဖွေနိုင်ရှာတော့။ ဒါတင်လား မဟုတ်၊ မန်းတက္ကသိုလ်ထဲမှာကို ဝန်ကြီးချုပ်ကို အပြီးအုပ်ဖို့ရန် ကိုင်း ရွာစားရေဆိုပြီး မီးဖုတ်ဖို့ကြံ။ 

ညစ်ပတ်တာ စစ်တပ် ဆိုသလို ပလောင့်လပြွတ်မနိုင်လို့ ကွတ်ခိုင်ကို ဗုံးကြဲ ရှုံးမဲမဲလဲ ကျောက်မဲကတပ်တွေသာ ဘုံးခနဲလဲ အုံးခနဲကွဲ။ ကိုးကန့်ကို ချိုးအံ့ဆိုပြီး လောက်ကိုင်ကို လေတပ်အားကိုးနဲ့ သွားချိုးသော်လည်း လားရှိုးစစ်တိုင်းက သစ်ကိုင်းခြောက်လို ဖျောက်ခနဲ။

ချင်းတောင်ကလည်း ဗျင်းကောင်တွေချည်း၊ တလောကလည်း မတူညီ‌သူတွေပေါင်း မတူပီကို ထောင်းပြီးကာရှိသေး၊ ခု CDFက ခွေးမျိုးကင်းစင် ထန်တလန်တခွင်လုပ်။ 

ခွေးလားဥသဘ မအလကြီးက တိုင်းပြည်ဘဏ္ဍာတွေ  ကုမ္ပဏီတွေ၊ ခရိုနီတွေကို အနုကြမ်းစီးသလို သူ့ခွေးတွေကလဲ ရွာတွေဝင် ရွှေနံ့ ငွေနံ့ ရပြီဆို အမြီးထောင် နား‌ရွက်ထောင် ထိုးဟောင်ပြီးကိုက် ဓားပြပြီး နားကပ်ပါ ရိုက်ချွတ်ခိုင်း လုပ်တိုင်းကုန်းထဲက သူတောင်းစား ပုလိပ်ဖြစ်တဲ့ခေတ် ဆိုတော့လေ။ သွားလုပ်တာက ငါးဇွန်နယ် မင်းနေကုန်းရွာ၊ မင်းအောင်လှိုင်လည်း နေရင်းထိုင်ရင်း ကုန်းရတော့မှာ သေချာ။ 

ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်ချုပ်တွေ ဆိုတာက တသက်လုံး ဟုတ်ကဲ့ပါ အဘ၊ ဟုတ်ကဲ့ပါ အဘနဲ့ ဘဝနေနည်း နိဿရည်းလုပ်လာခဲ့တာ ဟော ခု စစ်ရှုံးတော့ အကျိုးသင့် အကြောင်းသင့် ဘာပြန်ပြောရကောင်းမှန်း မသိ၊ ဘာလုပ်သင့်မှန်း မသိ၊ ကိုယ့်ရင်ဘတ်ထဲက အသံကို ကိုယ်နားထောင်မကြည့်ရဲလို့ ကိုယ့်သေနတ်နဲ့ ကိုယ်ရင်ဘတ်ကို ပစ်ကြည့်လို့ကြည့်။ 

ကိုယ့်လက်အောက်ငယ်သား အမျိုးသမီးများနဲ့ကလေးတွေ အချောင်မသေဖို့ လူ့အသက်တွေ ငဲ့ကွက်ကာ လက်နက်ချပေမယ့် စာနာမှုဝေး နားလည်မှုတောင် မပေး လွတ်ရာကျွတ်ရာက အမိန့်ပဲ ထိုင်ပေးနေတဲ့ ခွေးချုပ်က မသေပေးခဲ့ရကောင်းလားဆိုပြီး ထောင်ဒဏ်မက သေဒဏ်ပါချတော့ ကိုယ်မွေးလာတဲ့ ကိုယ့်အသက်ကို ကိုယ်ပြန်သတ်ဖို့ ကြိုးပမ်းရ စစ်သားတယောက်တန်ဘဲနဲ့ ဘဝဆိုတာ လည်စင်းခံရတာလို့ဘဲ သိတဲ့ သူ့အရှိက မချိစရာ။ ကိုယ့်ကာချုပ်ကို ယုံလို့ ခံရတာလေ။ အဲဒီတုန်းကသာ ကိုးကန့်ကာချုပ်ကိုယုံခဲ့ရင် ခုနေ ဟင်နရီဒူးနန့် ဖြစ်ပြီပေါ့။ 

ကနေ့ တဒေါ်လာတန် ခွေးဝဲစားတွေ မြို့လည်ထွက် အူနေတာတွေ့မှ အာဏာသိမ်းကတည်းက နေ့စဉ်မပျက် သုံးနှစ်ကျော် လေးနှစ်နီးပါးထိတိုင် ကိုယ့်ဆန္ဒအစစ်ကို ရဲရဲရင့်ရင့်ထုတ်ပြနေတဲ့ အညာကျေးလက်က ဆန္ဒပြ ရွာသူရွာသား နိုင်ငံချစ်သမားစစ်စစ်များကို အခါခါ ဦးညွှတ်မိ။ 

တွန်းတွန်းထုလွန်းလို့ ကျွန်းစုဘက်က စစ်တပ်တွေလည်း ပွန်းလုပြတ်ခင်။

လောင်းလုံမှာတော့ ထွေအုပ်ရုံးစစ်တပ်နဲ့ ရဲစခန်းစစ်တပ် ပစ်ခတ်ကြသတဲ့။ သမတရုံးတပ်နဲ့ ဝန်ကြီးချုပ်ရုံးတပ်ကော ဘယ်တော့ ပစ်သတ်ကြမလဲ။ စကစအုက်ကြီးတပ်နဲ့ ကာချုပ်တပ်ကော ဘယ်တော့လား။ 

သံဃာတော်များ အရပ်သားများပါ ကုနေတဲ့ သတ်မတော်ဆေးရုံကို လက်နက်ကြီးနဲ့ ထုပါတယ်လို့ မန္တန်ရွတ်သလို တတွတ်တွတ် ရွတ်ပြနေပါတယ်ဆိုမှ အဲဒီဆေးရုံ အရိုးအထူးကုစစ်ဆရာဝန်က MNDAA မလာခင်ကတည်းက လေယာဉ်နဲ့ဗုံးကြဲသွားတာ၊ မြနန္ဒာအေးအောင် လာမှ ကယ်တင်စောင့်ရှောက်ခံရတာလို့ ထွက်ပြောတော့ ခေါသနီမယောက်ျား လေထဲ ကားယားကြီး။ 

ဖွတ်တကာ့ဖွတ်ထဲမှာ မအလကို အရိုးထိအောင် ဒွတ်တာကတော့ ပြည်ထဲရေးဝန်ဟောင်း စိုးထွဋ်။ တရုတ်က ဒရုန်းဂတ်ကုမ္ပဏီနဲ့ပေါင်းပြီး သခင်အားရကျွန်ပါးဝနန်းတွေ ဒလံတွေ အုက်ကြီးတွေ စစ်သားတွေကို ဝိုင်းသတ်ပေးတာ။ သူက ဖရဲသီးထက်ကြီးတဲ့ ငရဲသီး။ သူလည်း ဒေါ်လာသန်းချီပွမယ်လေ၊ တနိုင်ငံလုံးက ရုံးတွေ ဂိတ်တွေ စခန်းတွေမှာ ကိုယ်တိုင်အာမခံပြီး ဒရုန်းဂတ်အစုတ်တွေတပ်ခဲ့တာဆိုတော့ စစ်ရှုံးဗိုလ်ချုပ်တွေ သေဒဏ်ကျခံရတာနဲ့စာရင် သူ့ ထောင်ဒဏ်က ပါးပါးလေး။ မအလကိုများ လိုင်းကြေးပေးထားသလား၊ ဒါမှမဟုတ် ပြည်ထဲရေးဝန် လုပ်ခဲ့တော့ မအလအထုပ် အရှုပ်တွေ ဖြည်ချနိုင်လို့ ဥထားသလား၊ တခုခုပဲ။ 

ရယ်စရာတခု ပြောရဦးမယ်၊ စကစရဲ့ ယူအီးစီက ရွေးကောက်ပွဲသာ ဘယ်နေမှန်း မသိတာ လူထုအဆဲခံပြီး သူတို့ ခြေသလုံးဖက် မှတ်ပုံလာတင်တဲ့ ပါတီတွေကို ငြင်းနေ ချေနေတုန်း။ ပါတီတွေကလဲ တော်လှန်လူထု အမုန်းခံပြီး နိုင်ငံရေးနည်းနဲ့သွားမယ်ဆိုပြီး အလုံးကြီးလိုက်သာ မျိုပြနေရတာ ကိုယ့်ကို လူလို ဆက်ဆံဖို့ထား၊ ခွေးကတက်မှာတောင် အတက်မခံလို့ ကိုကိုကြီးဆို အံကြိတ်မျိုနေရရှာတာ မေးရိုးတောင်ပြုတ်လုလု။ 

စကားမစပ် မအလက ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်မယ်လို့ လေလုံးသာ ထွားပြီးရင်းထွားနေတာ အလုပ်က ဖြစ်တာမဟုတ်။ နုကြည်ကတော့ ပြည်ပမွေး ကလေးတွေအတွက် မွေးစားရင်းထုတ်ပေးပြီ။ 

ကနေ့ လိုက်ဖက်သော အစားအစာ ကင်းပုန်းနဲ့ ဒရုန်း အုန်းသီးဆံနဲ့ ထညက်(ထန်းလျက်) ပီဒက်နဲ့ သပြေပန်းရေနွေးကြမ်းနဲ့ လက်ဖက်သုပ်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar