လေခဏီ - ၆၂ အစ ရှစ်လေးလုံးမှသည် နွေဦးဆီ
လေခဏီ - ၆၂ အစ ရှစ်လေးလုံးမှသည် နွေဦးဆီ
(မိုးမခ) ဩဂုတ် ၇ ၊ ၂၀၂၄
၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်သူတွေ အများကြီးပေါ်လာသည်။ ၆၂ စစ်အာဏာသိမ်းတုန်းက ထွက်ခဲ့ကြသူတွေနဲ့ ပေါင်းမိကြသည်။ တခါ တခါ ထွက်တိုင်း စီးပွားရေးသမား၊ ပညာရှင် တော်လှန်ရေးသမားတွေချည်းများသည်။
၉၀ နောက်ပိုင်း တဖြည်းဖြည်းနှင့် အလုပ်လုပ်ဖို့ ပညာသင်ဖို့၊ သားသမီးရှေ့ရေး စသဖြင့် လူတန်းစားစုံ လူမျိုးစုံထွက်ကြသည်မှာ တိုင်းနဲ့ ပြည်နယ်တိုင်း လူငယ်တွေ သိသိသာသာနည်းပါးသွားကြသည်အထိပင်။ အထူးသဖြင့် ကျေးလက်တွေမှာ စိုက်မယ့်ပျိုးမယ့်သူတောင် မရှိတော့သလောက်။
၂၀၂၁ စစ်အာဏာသိမ်းတော့ ကျန်သည့်လူငယ်အကုန် နိုင်ငံခြားနဲ့ PDFထဲ ရောက်သွားကြတော့သည်။
အထူးခြားဆုံးက နိုင်ငံခြားရောက် သန်းဆယ်ချီသော မျိုးဆက်သုံးဆက်သည် ပြည်တွင်းမှာ စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တွန်းလှန်နေသူအားလုံးအတွက် ဧရာမထောက်ပို့တပ်ကြီ ဖြစ်သွားခြင်းပင်။ ဒီနွေဦးတော်လှန်ရေးရဲ့ အဓိကဒေါက်တိုင်ကြီးမှာ ပြည်ပရောက်များ ဖြစ်သည်။ ပြည်တွင်းကျန်ရှိ လူငယ်များ စစ်အာဏာရှင်ကို အပြီးသတ်တော်လှန်ပြီဆိုကတည်းက အားသွန်ခွန်စိုက် ထောက်ပို့လာခဲ့သည်မှာ ယနေ့ထိတိုင်။ ဤကား စစ်အုပ်စုနဲ့ သူ့ဘောမများ ဘယ်လိုမှမမျှော်လင့်ခဲ့သည့်၊ သူတို့ဆီမှာ ဘယ်တော့မှ မရှိနိုင်သည့် တုံ့ပြန်မှုပထမတခု။
ဒုတိယတုံ့ပြန်မှုက ဂျင်နရေးရှင်းဇက်တွေ။ သူတို့ကို အင်တာနက်ပိတ်ပြီး လမ်းမပေါ်ဖိတ်ခေါ်မိခြင်းပင်။ အာဏာသိမ်းပြီး သူတို့အနာဂတ်စိတ်ကူးများကို ပိတ်ချလိုက်ပြီ ဆိုတာကို သိသွားကြသည်။ သူတို့အများစုက အမေ့မြေးတွေနဲ့ လွတ်လပ်လိုသူတွေ ဖြစ်သည်။ နည်းပညာငတ်မွတ်သူတွေ ဖြစ်သည်။ ရသလောက် ပျံသန်းချင်သည့် ယောနသံဇင်ယော်တွေ ဖြစ်သည်။
အများစုက နည်းပညာကျောင်းသားတွေ၊ ကွန်ပျူတာကျောင်းသားတွေ။ ဆေးအုပ်စုတွေ။ တက္ကသိုလ်အသီးသီးက မောင်တက်ကြွ မယ်တက်ကြွတွေ။ ကျောင်းတိုင်း သမဂ္ဂကိုယ်စီ ရှိကြပြီးသား။ ပြီးတော့ နယ်ပယ်အသီးသီးက လူငယ်ပညာတတ်တွေ၊ သူတို့မှာလည်း စုဖွဲ့မှုတွေ ချိတ်ဆက်မှုတွေ ရှိထားပြီးသား။ ဒီနွေဦးရဲ့ ထူးခြားချက်က အရင်အာဏာသိမ်းစဉ်ကလို အရပ်တပါး ထွက်မသွားဘဲ ကိုယ့်ရပ် ကိုယ့်ရွာမှာ တပ်ထောင်လိုက်ကြခြင်းပင်။ ထောင်သမှ အညာဆို ရွာစေ့ဆိုရမလောက်။
ပြည်ပရောက် ကိုယ့်နယ်သားများက အပြင်ကနေ ထောက်ပို့တပ်ဖွဲ့ကြသည်။ အတွင်းက စစ်ပညာသင်ကြ၊ လေ့ကျင့်ကြ၊ လက်နက်တပ်ဆင်ကြ ထုတ်လုပ်ကြသည်။ လျှပ်စစ်ရ၍ ကျေးလက်ထိ တွင် သံဂဟေတို့ အရန်သင့်ရှိနေခြင်းကလည်း ဒီတော်လှန်ရေးအတွက် အချက်ဖြစ်သွားသည်။ ပြီးတော့ စစ်တပ်၏တခုတည်းသော အားသာချက်ဖြစ်သည့် လက်နက်ကြီးနဲ့ လေတပ်ကို ယှဉ်ဖို့ နည်းပညာခေတ်က ပံ့ပိုးပေးလိုက်တာက ဇက်တို့ရဲ့ဒရုန်း။ သူတို့ တခါမှ မစဉ်းစားဘူးတဲ့လေကြောင်းရန်။ အကာအကွယ်မဲ့အုံးခံရတော့ အသိနောက်ကျနေပေပြီ။ ဒရုန်းက တော်လှန်ရေးမှာ လက်နက်ချိန်ခွင်လျှာညီသွားသည်အထိ အစွမ်းထက်လှသည်။ နောက်တခုက ဆက်သွယ်ရေး၊ အိုင်တီခေတ်မှာ အရင်ကလို ဖုန်းလိုင်းဖြတ်လိုက်ရုံနဲ့ အသာစီးယူချေမှုန်းလို့ မရတော့။ စတားလင့်ခေတ်၊ VPN ခေတ်။ စစ်တပ် သက်တမ်းတခုလုံး အားပြုအသုံးချလာခဲ့သည့် ဆိုက်ဝါးကို ငိုက်သွား စိုက်သွားအောင်ထိ မီဒီယာအသာစီးနဲ့တော်လှန်နေကြသည်မှာ နွေဦးစကထဲကဖြစ်သည်။
တတိယတုံ့ပြန်မှုက ပြည်သူ။ အများစုက အမေ့သားသမီးတွေ။ ကိုဗစ်မှာ စစ်တပ်ရဲ့ ယုတ်ကန်းမှုကိုရင်ဆိုင်ရင်း ငါတို့မှာ ငါတို့ပဲ ရှိဆိုတာကို လေ့ကျင့်ပြီးသားဆိုတော့ ကိုစစ်ကို မတွေဝေဘဲ ချက်ချင်း လမ်းပေါ်တက်လာကြသည်။ အပြန်အလှန် ကူကြသည်။ နောက်ဆုံးတိုက်ပွဲလို့ သဘောထားကြသည်။ ဓမ္မ အဓမ္မ ခွဲလိုက်သည်။ လုံးဝ အုပ်ချုပ်၍ မရစေရဟု သန္ဒိဋ္ဌာန်ကြသည်။ သုံး လေးနှစ်သား အရွယ်မှသည် ခုနစ်ဆယ်ကျော် ရှစ်ဆယ်ကျော် အဘိုး အဘွားအထိပင် လမ်းပေါ် ရောက်လာကြသည်။
NLD ပါတီ စည်းရုံးရေးကာလမှသည် အစိုးရဖွဲ့သည်အထိ နိုင်ငံရေးလှုပ်ရှားမှု တသားတည်းရှိနေပြီးသားဖြစ်ရာ NUG လို တော်လှန်ရေးကို တာဝန်ခံဦးဆောင်အဖွဲ့အစည်း တပါတည်းပေါ်လာသည်။
စတုတ္ထတုံ့ပြန်မှုက CDMer များ။ အစိုးရယန္တရား ပျက်သွားသည်အထိ ပါဝင်ခဲ့ကြသည်။ ရုန်းကန်နေကြသည်။ ဆေးကျောင်းသားများ၊ ဆေးဝန်ထမ်းများ တော်လှန်ရေး တာဝန်ဆက်ယူကြသည်။ ဆရာ ဆရာမများ ပညာရေး တာဝန် ဆက်ယူပေးကြသည်။ အရင် ဘယ်တော်လှန်ရေးမှာမှ အစိုးရယန္တယားပျက်သည်အထိ ဝန်ထမ်းများ မပါခဲ့စဖူး။ ထူးစွ။
ပဉ္စမတုံ့ပြန်မှုက ERO များ။ သူတို့တသက်လုံး စောင့်လာတဲ့ အခွင့်အလမ်းကို လက်ရ ဖမ်းဆုပ် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးကို နွေဦးမျိုးဆက်နဲ့အတူ တွဲလုပ်ကြတော့သည်။ ၈၈ တုန်းကလို စစ်တပ်က တဖွဲ့ချင်း ဖဲ့ထုတ်စည်းရုံး၍ မရတော့။ အရင် ဘယ်သူ့တော်လှန်တုန်းကမှ မရဖူးသည့် စစ်စခန်းများ၊ ဗျူဟာများ၊ တပ်ရင်း တပ်မများသာမက စစ်တိုင်းတခုလုံးပင် ယနေ့ရရှိသည့်အဆင့်ရောက်နေပေပြီ။ ဆက်၍ဆက်၍လည်း တလှိုင်းပြီး တလှိုင်းမှတဆင့် တတိုင်းပြီး တတိုင်း လာတော့မည်။
အကျင့်ပျက် ခြစားမှုအဆိုးဆုံး၊ လာဘ်စားမှုအားအကောင်းဆုံး၊ ပညာမတတ်ဆုံး၊ အမြော်အမြင်အမဲ့ဆုံး၊ လောဘအကြီးဆုံး၊ မောဟအထူဆုံး၊ အယုတ်ကန်းဆုံး စစ်ခေါင်းဆောင်တွေနဲ့ လူမျိုးရေး နိုင်ငံရေးတပ်ဦး အကျွံကြီး ကျွံလာသည့် စစ်တပ်အဖို့ ဒီနေ့ခေတ်မှာတော့ အမြစ်မပြတ်စရာ မရှိတော့ချေ။
ပြည်သူ့တော်လှန်ရေးတိုင်း မအောင်မြင်သည်ဟူ၍ မရှိချေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar