မောင်မောင်မြင့် - "မျိုးဆက်သွေး"
"မျိုးဆက်သွေး"
မောင်မောင်မြင့် - ရေးသည်။
(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၄
ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ် - ရှစ်လေးလုံးအရေးတော်ပုံဟာ အဲဒီခေတ် အဲဒီကာလအထိ မြန်မာ့သမိုင်းရဲ့ အကြီးမားဆုံးလူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့ပါတယ်။ မိမိတို့ရဲ့ ဒီမိုကရေစီရေးလွတ်လပ်ခွင့်အတွက် နိုင်ငံတဝှန်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့လူဦးရေအချိုးအစားအရကြည့်မယ်ဆိုရင် ဒီ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ကိုလိုနီခေတ်က ထောင့်သုံးရာပြည့်အရေး တော်ပုံကြီးထက် ပိုမိုကြီးမားတဲ့ လူထုလှုပ်ရှားမှုကြီး ဖြစ်တယ်လို့ ဆိုရမှာပါ။
ရှစ်လေးလုံးအရေးတော်ပုံရဲ့ အစပိုင်းကာလမှာ သမိုင်းဝင်ကျောင်းသားသမဂ္ဂသီချင်းဟာ ဆန္ဒပြကျောင်းသားထုအကြားမှာ ခေတ်စားခဲ့ပါတယ်။ ဒီသီချင်းကို ကျောင်းသားတွေကြားမှာ ဖြန့်ဝေပေးကြ၊ သီချင်းချပေးကြသူတွေဟာ ၁၉၆၂ နဲ့ ၁၉၇၄-၇၅ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းကြီးတွေ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
"တိုင်းပြည်ကို ရှေ့ဆောင်ကာ တို့ကျောင်းသားတွေသည်၊
စံနမူနာတင် ကျောင်းသားသမဂ္ဂတို့ ဖြစ်သည်၊
ကမ္ဘာတဝှန်းမှာ ဗမာစွမ်းတာ မော်ကွန်းတင်ပါမည်၊
ဒို့တတွေ သွေးစည်းမည်" ဆိုတဲ့ ပထမပိုဒ် စာသားတွေနဲ့ ဒုတိယပိုဒ်မှာပါတဲ့ ...
"တော်လှန်ရာတွင် ရှေ့ကပင် ဦးထိပ်တင်၊
သက်စွန့်ကျိုးပမ်း ထမ်းရွက်ခဲ့ပေသည်" ဆိုတဲ့ စာသားတွေဟာ ရှစ်ဆယ့်ရှစ် မျိုးဆက်သစ်ကျောင်း သားတွေအတွက် ကြီးမားတဲ့ စိတ်ခွန်အားကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ တနည်းပြောရရင်တော့ မျိုး ဆက်ဟောင်းကျောင်းသားတွေဟာ ဒီကျောင်းသားသမဂ္ဂသီချင်းကို ပြန်လည်သီဆိုအသက်သွင်း ပေးခြင်းအားဖြင့် သူတို့ခေတ်ရဲ့မပြီးဆုံးသေးတဲ့ တာဝန်ကို မျိုးဆက်သစ်ကျောင်းသားတွေရဲ့ ပုခုံးပေါ် လွှဲတင်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကာလ အလယ်ပိုင်းလောက်မှာ စိန်လွင်အစိုးရရဲ့လက်ချက်နဲ့အပြစ်မဲ့ကျောင်းသားတွေသွေးမြေကျအပြီးမှာတော့ "ကမ္ဘာမကြေဘူး" ဆိုတဲ့သီချင်းတပုဒ် ပေါ်ထွက်ခဲ့ပါတယ်။ အမေရိကန် Kansas တီးဝိုင်းရဲ့ Dust in the Wind သီချင်းသံစဉ်ကို တေးရေးဆရာ နိုင်မြန်မာက မြန်မာစာသားရေးသွင်းပြီး၊ ကျောင်းသားကျောင်းသူ ဆယ့်သုံးယောက်ကသီဆိုခဲ့တဲ့ ဒီသီချင်းဟာ စစ်တပ်ရဲ့ရက်စက်မှုတွေကို သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကိုတိုင် တည်ရင်ဖွင့်ခဲ့တဲ့သီချင်းတပုဒ် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီသီချင်းရဲ့ အစပိုဒ်မှာပါတဲ့ ...၊
"ကမ္ဘာမကြေဘူး…
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ၊
တော်လှန်ရေး…
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော၊
ဪ… သူရဲကောင်းတို့ရေ...
အာဇာနည်တွေ နေတဲ့ တိုင်းပြည်" ဆိုတဲ့ စာသားတွေဟာ "ပေတရာပေါ်မှာ ကျခဲ့ရတဲ့ ငါတို့ရဲ့ သွေးတွေအတွက် ဒီလူသတ်စစ်တပ်ကို ငါတို့ ခွင့်မလွှတ်ဘူး၊ ကမ္ဘာမကြေဘူး၊ ဒါ့ကြောင့် တွေဝေခြင်း အလျဉ်းမရှိဘဲ ငါတို့ ဆက်ပြီး တော်လှန်ကြမယ်" လို့ သွေးသစ္စာဆိုလိုက်တာလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် "ဒီသွေးကြွေးကို ငါတို့ တနေ့ ပြန်ဆပ်မယ်" လို့ ကြုံးဝါးလိုက်ခြင်းလည်း မည်ပါတယ်။
ဒီနောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ အာဏာသိမ်းပွဲအပြီးမှာတော့ စစ်တပ်ဟာ အရင်ကထက် ပိုပြီးပြင်းထန်တဲ့ လူသတ်၊ ဖမ်းဆီး၊ နှိပ်စက်မှုတွေနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖိနှိပ်ခဲ့တာကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီး နိဂုံးချုပ်ခဲ့ရပါတယ်။ သို့သော်လည်း ကျောင်း သားတွေရဲ့ ရှစ်လေးလုံးစိတ်ဓာတ်ကတော့ မြေအောက်ကို ငုတ်လျှိုး၊ တောနက်ထဲအထိ တိုးပြီး ဆက်လက်ရှင်သန်ခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဓိကခေါင်းဆောင်တဦး ဖြစ်ခဲ့တဲ့ ကိုမင်းကိုနိုင်ဟာ အရေး တော်ပုံအပြီးမှာ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အရေးတော်ပုံကာလအတွင်း သူရေးစပ်ခဲ့တဲ့ ကဗျာတပုဒ်ဟာ တောခိုကျောင်းသားများနဲ့အတူ ထိုင်း-မြန်မာနယ်စပ်က ကျောင်းသားတပ်မတော်စခန်းတွေဆီကို ရောက်သွားခဲ့ပါတယ်။ ဒီနောက် ဒီကဗျာစာသားကို "သွေးမုန်တိုင်း" ဆိုတဲ့ နာမည်နဲ့ ကိုရဲနည်က သံစဉ်ထည့်ပြီး ကိုမွန်းအောင်က သီဆိုလိုက်တဲ့ အခါမှာတော့ အင်မတန်မှ အား ကောင်းတဲ့ နိုင်ငံကျော် သမိုင်းဝင်သီချင်းတပုဒ် ဖြစ်လာခဲ့ပါတယ်။
ဒီသီချင်းမှာ ကျောင်းသားတွေက ...
"လမ်းမထက်မှာ ကျခဲ့တဲ့ ပြည်သူ့သွေးတွေ ပျောက်ပျက်သွားပြီ မထင်နဲ့ဟေ့" လို့ ကြွေးကြော်ကြပါတယ်။ ဒီသွေးတွေဟာ ...
"ချောင်းထဲကနေ မြစ်ထဲကို စီးဝင်တာမို့ မြစ်တွေမှာ ရဲရဲနီကုန်ကြတယ်"
"မြစ်တွေထဲကနေ ပင်လယ်ထဲအထိ စီးဝင်လို့ သမုဒ္ဒရာတွေကလည်း ရဲရဲနီသွားကြတယ်"
"နေပူရှိန်ကြောင့် သွေးခိုးသွေးငွေ့တွေ မိုးကောင်းကင်ပေါ် ပျံတက်ပြီး သွေးမိုးတိမ်တွေ ဖွဲ့ကြတယ်"
ဒီနောက်မှာတော့ "ကောင်းကင်ကြီးတခုလုံးပါ နီရဲလာပြီး သွေးမုန်တိုင်းကြီး တိုက်ခိုက်ပါတော့တယ်" တဲ့။
အလင်္ကာငါးပါးအနက် လေးပါးစုံအောင် ဖွဲ့နွှဲ့ရေးသားသီဆိုခဲ့တဲ့ ဒီသီချင်းဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြသူတွေရဲ့မီးရှူးတန်ဆောင်သီချင်းတပုဒ်အဖြစ် နှစ်ပေါင်း ၃၀ တိတိတည်တံ့ခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအရောက်မှာတော့ မြန်မာနိုင်ငံ တနံတလျားမှာသာမက မြန်မာတွေရှိကြတဲ့ ကမ္ဘာ့နိုင်ငံတွေအနှံ့မှာပါ ပေါက်ကွဲ ပျံ့လွင့်သွားခဲ့ပါတယ်။ ဒီသီချင်းဟာ နွေဦးတော်လှန်ရေးရဲ့ "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ" ဆိုတဲ့ဆောင်ပုဒ်နဲ့ပေါင်းစပ်မိသွားတဲ့အခါမှာတော့ မြန်မာ့သမိုင်းမှာ ဘယ်တုန်းဘယ်အခါကမှမကြုံခဲ့ရဖူးတဲ့ သွေးမုန်တိုင်းကြီးတခုအဖြစ် အမှန်တကယ် ပေါ်ထွန်းလာပါတော့တယ်။
"ဟောင်းနွမ်းတဲ့အဆောက်အအုံတွေကို ဖြိုဖျက်ပစ်ဖို့" နဲ့ "ဖောက်ပြန်တဲ့ လူတန်းစားတွေကို တိုက် စားပစ်ဖို့" ဆိုတဲ့ရည်ရွယ်ချက်နဲ့ တဟုန်ထိုး တိုက်ခတ်လာတဲ့ ဒီသွေးမုန်တိုင်းဟာ ဒီကနေ့ဆိုရင် နိုင်ငံတဝှမ်းက စစ်အာဏာရှင် တပ်စခန်းတွေကို တခုပြီးတခု မှုန့်မှုန့်ညက်ညက်ကျေအောင် ချေ ဖျက်ပြီး ရှေ့ကို ချီလာခဲ့ပါပြီ။
စစ်အာဏာရှင်နေဝင်းလက်ထက်ကစလို့ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာကျခဲ့ရတဲ့ ကျောင်း သားပြည်သူ ရဟန်းရှင်လူတို့ရဲ့ သွေးတွေ၊ သတ္တိတွေ၊ သန္နိဋ္ဌာန်တွေနဲ့ ပေါင်းစပ်ဖွဲ့တည်ထားတဲ့ ဒီသွေးမုန်တိုင်းကြီးဟာ စင်စစ်မှာတော့ စစ်အာဏာရှင်စနစ်ကြီးတခုလုံးကိုပါ ထာဝရ နေဝင်စေမယ့် ပီဘိမုန်တိုင်းကြီးပဲ မဟုတ်ပါလားခင်ဗျာ။
မောင်မောင်မြင့်
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
