ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အံကြိတ်ရင်း ကျိုးနွံရ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အံကြိတ်ရင်း ကျိုးနွံရ
(မိုးမခ) ဩဂုတ် ၂၃ ၊ ၂၀၂၄
စောက်ကောင်စီဖွဲ့ကတည်းက အင်္ဂါနံတွေ တိုင်ပတ်တော့မယ် ဆိုတာ သေချာပြီးသား။
ဆီ ဆန် ဆား ဆေး ဆလေးလုံး အပီအပြင်ဝုန်းထားတာ။ သိတယ်လေ ဆလိမ် ဆိုတဲ့အတိုင်း ဆတွေ လိမ်ပတ်ပြီး ပြတ်တော့မယ်ဆိုတာ။ ဝုန်းထားပေမယ့် ဟို သေနာကောင်က ခနခန ခြောက်လခြောက်လနဲ့ ပေါက်ကရတွေ ဆက်လုပ်ရင်း မသေနိုင်တော့ ဘယ်အရှည်ခိုင်တော့မလဲ။ ပစ္စည်းတွေမှာလဲ သက်တမ်းနဲ့မဟုတ်လား။
ပထမဆုံး တိုင်ပတ်တဲ့အင်္ဂါနံကတော့ ဆေးရုံ။ အာဏာသိမ်းသိမ်းချင်း CDM နဲ့ နဖူးတွေ့ ဒူးတွေ့တွေ့တာဘဲ။ CDMမှာ ဆေးဝန်ထမ်းတွေ၊ ဆေးကျောင်းသားတွေ၊ အုံလိုက်ကျင်းလိုက် ဗျင်းကြတာလေ။ သိမ်းပြီးနောက်ပိုင်း ပြည်သူကို ဖွတ်သထက်ညစ်အောင် တအိအိနဲ့ ရိပြတ်အောင် ဆေးပါဖြတ်တော့တာကိုး။ သူ့အတွက်က ဆေးထက် လက်နက်က အရေးကြီးတယ်လေ။ ဆရာကြီးတင်မိုး ရေးသလို စစ်အားမကောင်းရင် ဂျစ်ကားတောင် မမောင်းနိုင်ကြဘူး မဟုတ်လား။
ဒုတိယက ဘာရှိရမလဲ၊ စစ်တပ်ပေါ့။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဆိုပြီး ဝိုင်းတီးကြတာ ခုဆို အမြစ်တောင် ပြတ်လုပြတ်ခင်။ နေဝန်းနီတောင် ကြက်ဥလုပ် ကြော်စားပစ်ခံရ။ မိသားစုပါ ပြေးစရာမြေ ပျောက်တဲ့အပြင် သေမှာပါ ကြောက်နေရပြီ။ တနေ့ကမိုးမောက်၄၃၇တခုထဲတင် ဆုံးတာ သုံးရာ။ ကွေးတာ လေးရာလေ။
တနိုင်ငံလုံးမှာ ပြေးတာတွေလဲ များလွန်းတော့ လုပ်မိလုပ်ရာ ခု စစ်ဥထမ်းဥပဒေထုတ်ကာ မဲမဲမြင်ရာ လိုက်ဆွဲနေတော့ ကိုယ့်ဟာကိုယ်တောင် အုပ်ကိုင်ထားရတယ် ဆိုသာလို ဖြစ်နေကြတယ်။ သေမှာမှန်း သိနေတာ ဘယ်သူက စစ်သားလုပ်မတုံး။ ကိုယ့်အသားလေး အပ်နဲ့ထိုးတာတောင် ခံနိုင်တာမဟုတ်ဘူးလေ။ မင်းအောင်လှိုင်တောင် သူ့သားနဲ့ သမီး စစ်ထဲမထည့်တာသာကြည့်။ သူ့လိုပါဘဲ၊ ဘယ်ဗိုလ်ချုပ်ကြီးသားသမီးများ စစ်မှုထမ်း ပါတုန်း၊ အုပ်ကြီးသားတောင် မပါတာ။ ဘယ်မဘသကိုယ်တော်မှလဲ လူမထွက်လာ၊ အသက်စွန့်ပါရမီကုသိုလ်တော့ ပြောကြ ဟောကြတာပ။ ကိုယ့်အသက်မှ မလှူရတာ၊ ဓမ္မပူဇာလေးယူ လူလူသူသူနှပ် လူနပ်ချမ်းသာ ရှာတာပလေ။ နိဗ္ဗာန်လဲ သိပ်ဟန်တယ် မထင်တာမှာ ဘုန်းကြီးရှေ့ဆုံးက။ ကောင်းကင်ဘုံလဲ ကောင်းရင်ဆုံမယ်လေဆိုတာမျိုးပါဘဲ။
တတိယက ဆန်နဲ့စပါး စပါးနဲ့ဆန်။ စပါးကျည် မီးတိုက်၊ လက်ယာသုံးပစ္စည်း မီးတိုက်၊ ကျွဲ နွားပါသတ်ထားလို့ လုပ်စရာ မရှိတာနဲ့၊ လုပ်ဖို့ငွေ မရှိတာနဲ့၊ ရေကြီးလို့ ငွေမသီးနိုင်တာနဲ့၊ မိုးခေါင်လို့ ပျိုးမထောင်နိုင်တာနဲ့။ ဘုရားဒကာ ဟိုကောင်က ငွေငတ်လို့ ရှိတဲ့ဆန် ထုတ်ရောင်းတာနဲ့။ အမယ် အလုပ်ဖြစ်အုံးမလား အထင်နဲ့ ဖြတ်လေးဖြတ်ဖြတ်ရတာနဲ့ စပါးတင်မက ဆန်ပါပြတ် ကြာတော့ သူ့လူတွေပါ ငတ်တာကိုး။ ငတ်တော့ ခိုးဆိုးလုနှိုက် ဓားပြတိုက်၊ ထောင်ထဲက ရာဇဝတ်သားတွေပါထုတ် အားဖြည့်လိုက်သေး။ ခွေးကျင့်ခွေးကြံ ဆိုတာပေါ့။
စတုတ္ထတိုင်ပတ်အလှည့်ကျတာက ဆီ။ စားဆီ စက်ဆီ။ တနိုင်ငံလုံး ဆီတန်းပွဲတော် နွှဲပျော်။ တောင်ပြုံးထက်လူစီတဲ့ပွဲ၊ တသီတတန်းဘဲ ဆီတန်းပွဲ။ မျှော်မဆုံး ကြည့်မဆုံး လမ်းမဆုံး ကမ်းမဆုံး အုံးအုံးကျွက်ညံ ကြက်ပျံမကျ မအလဝါယမစနစ် စစ်တပ်ခေတ်ရဲ့ စစ်ကပ်သစ်။ CDM လုပ်တဲ့ထဲမှာ ကန်ဒေါ်လှပါ ပြန်ခေါ်မရလို့ ဆီဖိုး မရှိတာရော၊ ဆီမရှိရင် သူ့ကို လာတိုက်ဖို့ခက်အောင်ရော၊ လူထုက တော်လှန်ရေးကို ငြိုငြင်လာတဲ့အထိ ဒုက္ခတွေ ကြီးသထက်ကြီးလာအောင်ရော ပါတာပေါ့လေ။ ဒါပေလို့ လူထုရဲ့ ပိုင်းဖြတ်ချက်ကို တပ်ပျက်နေတဲ့ထိ မသိတာက သနားစရာ။ လူထုက မထူးဇာတ်ကနေတာ။ လူထုအဖို့ သန်းခေါင်ထက်လဲ ညဉ့်မနက်တော့။ သန်းခေါင်ကျော် အရုဏ်ကျင်းရင် အလင်းရောက်မှာ သိပြီးသား။ အလင်းကိုလဲ မြင်နေရပြီ။ နေဝင်ချိန်က စစ်တပ်လေ၊ တိမ်တောက်တဲ့အလင်း ဆိုတာ ယာယီအလင်းတာဝန်အတုလေ၊ တကယ်တော့ အမှောင်ဝင်လာတာပဲ မဟုတ်လား။
ပဉ္စမကတော့ စက်ရုံ အလုပ်ရုံ။ ဆီပြတ်ခြင်းရဲ့အဆက်၊ လျှပ်စစ်ပြတ်ခြင်းရဲ့အခက်၊ စစ်ဥထမ်းဥပဒေရဲ့အဖက်ပေါ့။ ဆီမရှိ မီးမရှိလို့ စက်ရုံတွေ မလည်ပတ်နိုင်၊ စစ်ဘောထမ်းပေါ်တာဆွဲလို့ လူတွေ အလုပ်မဆင်းရဲဖြစ်ကုန်ကြတော့ ပိတ်ရပြီ။ ပီဒီအက်ထဲမရောက်သူမှန်သမျှ သူ့ဘက်ကစစ်တိုက်ပေးကြမယ့်သူချည်းထင်သလားမသိ။ မြှောက်ပေးတဲ့ကောင်တွေကရှိတော့ စစ်ဥထမ်းဥပဒေထုတ်ကရော။ ဘယ်သူက လူကနေ ခွေးလုပ်မလဲ။ အဲသမှာ ခရီးသွားတွေ စဖမ်းတော့တာ။ နောက် အုက်ကြီးတွေကို ရပ်ကွက်ထဲ မဲနှိုက်လူခေါ်လုပ်ခိုင်းတော့ အုက်ကြီးတွေက ကိုယ့်သားသမီး မသာစာရင်းမဝင်ချင်ရင် လာထားအာဘွားလုပ်တော့တာပေါ့။ မအလထက်လည်လို့ အုက်ကြီးလုပ်တာလေ။ အဲဒီ ငွေလုပ်စက်ရသွားတဲ့ဂွင်ကြောင့် အုပ်ကြီးလုပ်မယ့်သူတွေ တိုးလာသလို အအုပ်ခံရတဲ့ အုပ်ကြီးတွေလဲ တရက် တယောက် နှစ်ယောက်နဲ့ ကြာတော့ ခပ်ဖျောက်ဖျောက်ပဲ ကျန်တော့တယ်။ အုပ်ကြီးတွေ ငွေရမှန်းသိတော့ စစ်ဗိုလ်တွေ ကိုယ်တိုင်ဖန်ပြီလေ။ သူဌေးရပ်ကွက်မယ်ဆို မနက်လင်းလာတာနဲ့ "လာနော် လာနော် တယောက်မှ တရာထဲ၊ ငွေနှမြောပြီး ကိုယ့်သားလေးကိုရောရုဝပို့တဲ့ မိဖအဖြစ်ခံမလား" ဆိုပြီး ဓမ္မာရုံက အသံချဲ့စက်နဲ့ အော်တော့တာဘဲ။ ရပ်ကွက်တွေမှာ ဝါတွင်းကြီး ဖြစ်နေတာတောင် ပရိတ်သံ ပဋ္ဌာန်းသံပျောက် ဓမ္မတေးသံ မကြား တရားသံနားနေတာ ကြာပကော။ မယ မိုးလင်းမိုးချုပ် ဓမြတေးဘဲ လုပ်တေးတာပေါ့။ ဆင်းရဲသားရပ်ကွက်လဲ သူ့ဈေးနဲ့သူ၊ လူတယောက် သုံးသိန်း၊ လေးသိန်း၊ ငါးသိန်းနဲ့အစားစားပေါ့။ လူလတ်တန်းစားတွေကျ သိန်းသုံးဆယ် လေးဆယ်နဲ့ အမလေး လူရောင်းလူဝယ်ဖြစ်နေကြတာများ ရာဇဝတ်သား ဆေးသမား အရက်သမား ကြက်သမား ဗိုက်ပူနံကားတွေတောင် ဂုဏ်ထူးဆောင်လက်မှတ်ရသလိုမျိုး ရပ်ကွက်ထဲတလွှားလွှားနဲ့၊ သူတို့က ခုချိန်မှာ ဒေါ်လာနဲ့ရွှေလို တက်ဈေးချည်းဖြစ်လာကြတာလေ။
ဆဋ္ဌမမြောက် နောက်ဆုံးတိုင်ပတ်သူကတော့ စိုးဝင်း။ ကိုးကွင်း ခေါ် လက်ဖက်ခြောက်။ ဇာတ်ဆန်ဆန်ပြောရရင် လက္ခဏလိုအဖြစ်မျိုးနဲ့ အရစ်မတိုးသူ။ ခေတ်ဆန်ဆန်ပြောရရင် ကြောင်ပျောက်သူ။ ဒုတိယဝေဒနာရှင်။ ဘဝမှာ ဘာမဆို ပထမမရှိတဲ့သူ။ မိန်းမယူတော့ နောက်လင်။ ရင်သွေးဆိုလဲ မယားပါသားနှစ်ဦး။ စစ်ရာထူးကျ ဒုချုပ်။ အုပ်ကြီးအဆင့် မရောက်။ ရုံးဆို အောက်ထပ်။ အရာရာ စက္ကင်းဟန်း။ အမြင့်ဆုံးထိလဲ မရောက်၊ အားလုံးရဲ့လဲ အထက် ဆိုတဲ့ ဇော်ကန့်လန့်အခြေအနေ၊ ပြောရရင် အထွတ် အထိပ်မရောက်ဖူးတဲ့ ဝေဒနာ။
အမြင့်ဆုံးရဲ့အနားဝမှာ ပါးချည်းချခံနေရတဲ့ လူတယောက်ရဲ့ ခံစားချက်ကို ခင်ဗျားတို့ နားလည်နိုင်သလား။ နားလည်ချင်သလား။ လည်ချင်ရင် စိုးဝင်းမျက်နှာကိုပဲ ကြည့်။ အံကြိတ်ရင်း ကျိုးနွံရတဲ့မျက်နှာအမျိုးအစားက ဒီတခွက်ပဲ ရှိတာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar