Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၅ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၅ )

(မိုးမခ) ဩဂုတ် ၇ ၊ ၂၀၂၄

5/8/24

Diary in the darkness 


လားရှိုး ခမရ (အရှေ့မြောက်တိုင်း စစ်ဌာနချုပ်) ဟာ MNDAA လက်အောက်ကို ရာနှုန်းပြည့် ကျရောက်သွားပါပြီ။

တိုင်မှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ်‌ သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေး တို့ကို MNDAA က ဖမ်းထားကြောင်း စစ်ကောင်စီ ဇော်မင်းထွန်း (ဇော်မဲလုံး) က ဝန်ခံလိုက်တယ်။ စစ်ကောင်စီ ထောက်ခံတဲ့ လော်ဘီမီဒီယာတွေ ငိုကြ။ ယိုကြ။ မင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်အရာရှိတွေကို ဆဲကြ ဆိုကြ။ 

စစ်ကောင်စီတပ်သားနဲ့မိသားစုဝင် လေးထောင် ခုနစ်ရာကျော် (၄၇၀၀) ကျော် အလင်းဝင်လာတယ်။ တနေ့ကတော့ သူတို့လက်နက်ချဖို့ လုံခြုံရေးနဲ့ ငွေကြေးကိစ္စ ညှိနှိုင်းနေကြတယ်လို့ ကြားရတယ်။ အခုတော့ အစဉ်ပြေပြီပေါ့။ 

တနေ့က ဒဏ်ရာရ စစ်ကောင်စီတပ်သားနဲ့ မိသားစုတွေ အလံဖြူထောင်ပြီး ထော့နင်းထော့နင်း လမ်းလျှောက်လာတဲ့ပုံတွေ၊ ကလေးတဖက် အထုပ်တဖက်နဲ့ ခပ်သုတ်သုတ် လမ်းလျှောက်လာတဲ့ဗီဒီယိုတွေ တက်လာပါတယ်။ ရုပ်ပျက်ဆင်းပျက်ပါပဲ။ 

လားရှိုး ဝ ဆက်ဆံရေးရုံးမှာ ဝိုင်ဖိုင် အခမဲ့ သုံးနိုင်ကြောင်းကြေညာတယ်။ တကယ်ပါ။ နောက်တာမဟုတ်ပါဘူး။

တကောင်းနိကယ်စက်ရုံကို PDF ကထိမ်းချုပ်၊ အလုပ်သမားအားလုံး ရဲ့လုံခြုံရေးကို တာဝန်ယူ။ စစ်ကောင်စီလုံခြုံရေးတပ် က တော့ လက်နက်များထားခဲ့ပြီး စက်ရုံကိုစွန်ခွာခဲ့ကြတယ်လို့ သတင်းတွေတက်လာတယ်။ ရှေးရာဇဝင်တွေထဲက  ပန်းပဲမောင်တင့်တယ်ဟာ ဓါးကောင်းတွေကို ပြုလုပ်ရာမှာ ၎င်း ဒေသထွက်နိကယ်သတ္တုတွေကို အသုံးပြုခဲ့ကြောင်း မှတ်သားခဲ့ရဖူးပါတယ်။ PDF တွေက အဲဒီစက်ရုံကို သိမ်းပိုက်နိုင်မှုဟာ NUG နဲ့ တရုတ်အစိုးကို ပိုမိုနီးကပ်သွားစေမှာဖြစ်ပါတယ်။ 

ညပိုင်းရောက်တော့ မင်းအောင်လှိုင်မိန့်ခွန်း နားထောင်ရတယ်။ နိုင်ငံခြားအကူအညီ တွေ ကြောင့် တော်လှန်ရေးလက်နက်ကိုင်များအ နိုင်ရသွားတာဖြစ်ကြောင်း ရှင်းလင်း ပြောကြားတယ်။ သူ့မိန့်ခွန်းဟာ ပြည်ထောင်စုတွင်းနေထိုင်ကြသော လူမျိုးများအချင်းချင်း ကြိုးစားပမ်းစား သွေးခွဲထားသောမိန့်ခွန်း တခု ဖြစ်တယ်။ 

KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က မင်းအောင်လှိုင်မိန့်ခွန်းကို မှတ်ချက်ပေးတယ်။

"ပိန်သွားတယ်နော်" တဲ့။

ထိမိ လုံလောက်တဲ့ မှတ်ချက်တခုပါ။

ဒီညတော့ အိပ်မက်လှလှတွေမက်ရင်း အိပ်လို့ ကောင်းမှာသေချာပါတယ်။

အန်ကယ် တူမီး



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar