Breaking News

ရိုဟင်ဂျာတွေ ရာနဲ့ချီ သေဆုံးမှုရဲ့ AA အပေါ် သက်ရောက်နိုင်ခြေ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၁ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၄


ရိုဟင်ဂျာတွေ ရာနဲ့ချီ သေဆုံးမှုရဲ့ AA အပေါ် သက်ရောက်နိုင်ခြေ

အာရက္ခ တပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့ သိမ်းတိုက်ပွဲ ဖြစ်ပွားစဥ်ကာလကတည်း ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ လူမျိုးတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ အဖြစ်အပျက်တွေကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်၊ ရိုဟင်ဂျာ အချို့ကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ စတင်ပေါ်ထွက် လာခဲ့ပြီးနောက် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ မောင်တောမြို့သိမ်းတိုက်ပွဲ စတင်လာချိန်မှာ မောင်တောမြို့နဲ့ မြို့အနီးက ကျေးရွာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံရိုဟင်ဂျာ တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ 

အခု လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ သိမ်းဖို့ ပြင်ဆင်နေတဲ့ မောင်တောမြို့နယ်ထဲ စစ်ဘေးတိမ်းရှောင်သူတွေ အစုအဝေးကို လက်နက်ကြီး၊ ဒရော့ဗုံး ကျရောက်မှုကြောင့် သေဆုံးကြရတဲ့  ရိုဟင်ဂျာ သေဆုံးမှု အရေအတွက်က အနည်းဆုံး ၇၀ ကနေ အများဆုံး ၂၀၀ အထိ ရှိနိုင်တာဖြစ်ပြီး သတင်းမီဒီယာ အချို့ကို ဒေသခံတွေက ပြောဆိုရာမှာ AA တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့်လို့ ပြောဆိုမှုတွေ ပေါ်ထွက်လာပြန်တာ ဖြစ်ပါတယ်။ တဖက်နိုင်ငံကို စစ်ဘေးရှောင်ဖို့ စုဝေးနေတဲ့ ရိုဟင်ဂျာ ကျေးရွာသူ ကျေးရွာသားတွေ အသက်ဆုံးရှုံးရတာလို့ ဆိုပါတယ်။ 

AA အနေနဲ့ မောင်တောမြို့ သိမ်းယူဖို့ တိုက်ခိုက်နေရာမှာ မြို့နေလူထု၊ မောင်တောမြို့နယ်ထဲက လူထုကို အချက် ၅ ချက်ပါတဲ့ ထုတ်ပြန်ချက်နဲ့ သတိပေးတယ်လို့ AA ဘက်က ဆိုပါတယ်။  ထုတ်ပြန်ချက်မှာပါရှိတဲ့ အချက်တွေထဲက နံပါတ် ၁ အချက်က ဒေသခံတွေ အနေနဲ့ စစ်ဘေးကြောင့် အန္တရာယ်ရှိတဲ့ နေရာဒေသတွေဆီ စွန့်စားထွက်ပြေး တိမ်းရှောင်ခြင်းထက် AA ထိန်းချုပ်ရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်ဖို့ ဖြစ်ပြီး၊ အကယ်၍ ထွက်ပြေး ဖို့ အခြေအနေမရှိတော့တဲ့ အနေအထား မြို့တွေ၊ ကျေးရွာတွေထဲ ဆက်လက်နေထိုင်နေရတဲ့ အနေအထားမှာ လုံခြုံတဲ့ နေရာမှာ နေဖို့၊ တဖန် စစ်ကောင်စီတပ်တွေရဲ့ လူသားဒိုင်းအဖြစ် အသုံးချမခံကြအောင် ရှောင်ရှားဖို့၊ စစ်ကောင်စီ အကြွင်းအကျန် လက်နက်ကိုင်တွေက စစ်ဘေးရှောင်သူတွေနဲ့ ရောနှောလိုက်ပါလာတာတွေ့ရင် ၄င်းတို့ထံ သတင်းပေး အကြောင်းကြားဖို့ အစရှိတဲ့ အချက်တွေပါဝင်တာတွေ့ရပါတယ်။ 

ဒီလို ထုတ်ပြန်ချက်တွေကို ဇူလိုင်လလယ်မှာ တကြိမ်နဲ့ ယခုလ ၇ ရက်နေ့မှာ တကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ 

ရိုဟင်ဂျာတွေ အနေနဲ့ လက်နက်ကိုင် ပဋိပက္ခကနေ တိမ်းရှောင်ကြရာမှာ နတ်မြစ်တဖက်ကမ်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ပိုမိုစိတ်သန်ကြတာတွေ့ရမှာ ဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ဒုက္ခသည်တွေ နဲ့ ပတ်သက်လို့ လိုလိုလားလား စောင့်ရှောက်ပေးတဲ့ မူဝါဒမျိုး မရှိသည့်တိုင် စစ်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့ရွာတွေ ထက်ကို ပိုမိုလုံခြုံတယ်လို့ ယူဆပြီး အိမ်နီးချင်း နိုင်ငံကို ဦးတည်ပြီး သွားကြတာမျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 

အခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံဖို့သွားမယ့် သူတွေကို ဒရော့ဗုံး၊ လက်နက်ကြီး နဲ့ ပစ်ခတ်တယ် ဆိုတဲ့ အချက်က AA အဖွဲ့ကသာ အမှန်တကယ် ကျူးလွန်ခဲ့တယ်ဆိုရင် AA အနေနဲ့ အခု ဖြစ်ရပ်တွေက သမိုင်းမှာ ဖြေရှင်းဖို့ မလွယ်ကူတဲ့ စစ်ရာဇဝတ်မှုလိုမျိုးကို ရင်ဆိုင်ရနိုင်ခြေလည်း ရှိနေတဲ့ သဘောဖြစ်ပါတယ်။ 

နိုင်ငံသားဖြစ်မှုကို ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာတွေအပေါ်  စစ်တပ်က ခေတ်အဆက်ဆက် ခွဲခြားဖိနှိပ်ပြီး ၂၀၁၇ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုလို စွပ်စွဲချက်နဲ့ စစ်တပ်က တာဝန်ရှိသူ စစ်အရာရှိကြီးတချို့နဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာခုံရုံး ICJ လိုမျိုးမှာ တရားစွဲဆိုခံနေရချိန်မှာ AA လက်နက်ကိုင်အဖွဲ့အနေနဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်လို့ မှန်ကန်ကောင်းမွန်တဲ့ မူဝါဒနဲ့ ကျင့်သုံးမှုတွေ ကျင့်သုံးနိုင်ခဲ့ပေမယ့် အခုလို ရခိုင်ပြည်နယ်ရဲ့ မြို့တွေ၊ နယ်မြေတွေ သိမ်းယူဖို့ အပြင်းအထန် ကြိုးစားကြတဲ့ အရေးကြီးတဲ့ အချိန်သမယမှာ အစုလိုက် အပြုံလိုက် သေဆုံးအောင်၊ လက်နက်ကြီး၊ ဒရော့ဗုံးတွေနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ 

ဒီကာလ၊ ဒီအဖြစ်အပျက်တွေ မဖြစ်ပွားမီ အခြေအနေမှာ AA အနေနဲ့ ရခိုင်လူမျိုးတွေ နဲ့ ရိုဟင်ဂျာ လူမျိုးအသိုင်းအဝိုင်းအကြား သဟဇာတ ဖြစ်ရေး၊ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေးမူ ချပြီး AA အနေနဲ့  ရိုဟင်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေကို အုပ်ချုပ်တဲ့အခါ ရိုဟင်ဂျာလူမျိုးတွေကို ပဲ အုပ်ချုပ်ရေးမှူးခန့်ပြီး အုပ်ချုပ်စေတာ စတဲ့ လုပ်ဆောင်မှုတွေက အသိုင်းအဝိုင်း နှစ်ခုအကြား သဟဇာတဖြစ်ဖို့ အထောက်အကူဖြစ်စေခဲ့တဲ့ သာဓကတွေ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းချိန်ကစလို့ စစ်ကောင်စီဘက်က ရိုဟင်ဂျာ လူမျိုးတွေကို စစ်သားစုဆောင်းပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ၄င်းတို့ဘက်က တိုက်ခိုက်စေခဲ့ရာက AA နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းအကြားက တည်ဆောက်နေဆဲ သဟဇာတ ဖြစ်မှုက ပျက်ပြားခဲ့ရတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ 

စစ်ကောင်စီ အနေနဲ့ လူမျိုးရေး ပဋိပက္ခနဲ့ စစ်ရေး အင်အားစုဆောင်းမှုတို့ကို တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို အသုံးချခဲ့ပြီး ရိုဟင်ဂျာတွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းခံရတဲ့ အခြေအနေကလည်း AA နဲ့ ရန်ဘက်ဖြစ်လာစေဖို့ အကြောင်းခံလာတာ ဖြစ်ပါတယ်။ 

ဒီအနေအထားက ရိုဟင်ဂျာ လူမျိုးတွေနဲ့  AA အကြား နားလည်မှု လွဲမှားစေဖို့ အစပျိုးခဲ့သလိုဖြစ်ပြီး မေလ ကနေ အခုလတ်တလော အချိန်ထိ AA တပ်ဖွဲ့တွေ အနေနဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားကာ ဖမ်းဆီးသတ်ဖြတ်တာ၊ တိုက်ခိုက်မှု လုပ်ဆောင်တာ၊ နေအိမ်တွေ မီးရှို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပြောဆိုမှုတွေကို ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။ 

AA အနေနဲ့ လတ်တလောမှာ နယ်မြေ စိုးမိုးနိုင်ရေး၊ စစ်အောင်နိုင်ရေးက ကျန်တဲ့အချက်အားလုံးထက် အရေးကြီးတယ်လို့ ခံယူထားတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး လတ်တလော ပေါ်ထွက်လာတဲ စစ်ရာဇဝတ်မှုလို ၊ စစ်ဘေးရှောင် အရပ်သားတွေကို သေဆုံးစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စွပ်စွဲချက်တွေကို အရေးမထားတာ၊ ကိုင်တွယ် ဖြေရှင်းခြင်း မပြုတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့ပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အခုလို ပြဿနာ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စ၊ အလေးထားစရာ ကိစ္စအဖြစ် ရှုမြင်ကြတယ်ဆိုတဲ့ အချက်ကလိုလည်း သတိပြုမိဖို့ လိုအပ်တာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar