Breaking News

မောင်တူး - ရှစ်လေးလုံးမှာရေးကဗျာများ

 ရှစ်လေးလုံးမှာ ရေးကဗျာများ 
မောင်တူး
(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၄

ညီညာစုရုံး၊ ရှစ်လေးလုံးသည်
မနက်ဆီက၊ ဖြစ်ခဲ့ကြသို့
တွေးထင်လို့လေ၊ အိပ်မက်နေတုန်း
သုံးဆယ့်ခြောက်နှစ် ဖြစ်တကား။

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ၃၆ နှစ်မြောက်ကာလသို့ ရောက်ပြီ။

ပြောရဦးမယ်။ နေ့လည်က ဈေးမှာသွားပြီး လိုအပ်တဲ့ ၈၈၈၈ နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ကွန်ပြူတာဆိုင်တွေမှာ သွားထုတ်တော့ ဘယ်ဆိုင်ကမှ လုပ်မပေးကြဘူး။ နောက်ဆုံး ဈေးထောင့်ဆုံးက ချောင်ကျကျဆိုင်တဆိုင်က လုပ်ပေးလိုက်တယ်။ ဒါပေမဲ့ ပရင့်ထုတ်ခတွေ၊ မိတ္တူကူးခတွေကို ဆိုင်ရှင်အကိုကြီးက မယူလိုက်ဘူး။ ၈၈၈၈ (၃၆) နှစ် စာရွက် စာတမ်းတွေမို့ မယူဘူးတဲ့။ ပြီးတော့ ပြောသေးတယ် ၈၈၈၈ တုန်းက ကမာရွတ်မှာ သူက အစာငတ်ခံဆန္ဒပြခဲ့တာတဲ့။ ကျနော်တို့ ၃၆ နှစ်ပွဲကိုလည်း လာခဲ့ဖို့ သူ့ကို ဖိတ်ခဲ့သေးတယ်။

အဲ့သည်ကပြန်လာတော့ ကျနော်စဉ်းစားနေမိတာက ၈၈၈၈ တုန်းက အစာငတ်ခံဆန္ဒပြကြတဲ့ အကြောင်းပါ။ အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့အထိ ငါတို့တွေ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်တွေကို လိုချင်ခဲ့ကြပါလားလို့ပါ။ ရန်ကုန်တက္ကသိုလ်ပင်မရှိရာ ကမာရွတ်မြို့နယ်က ကျောင်းသားတွေ အစာ ငတ်ခံ ဆန္ဒပြခဲ့ကြတာကို ကဗျာဆရာကြီးစာဆိုတော်ကြီး မင်းသုဝဏ် လာကြည့်ပြီး စိတ်မကောင်း ဖြစ်သွားခဲ့ဖူးတယ်။ မျက်ရည်ကျ သွားခဲ့ဖူးတယ်။ အဲ့သည်အကြောင်းကို ကဗျာဆရာကြီး မောင်စွမ်းရည်က ပြန်ပြောပြဘူးပါတယ်။ အဲ့သည်အချိန်က မောင်စွမ်းရည်ရဲ့ တောင်းပန်ချက်ကြောင့် ဆရာ ကြီး မင်းသုဝဏ်က ရှစ်လေးလုံးကာလ အစာငတ်ခံကြသူတွေကို ဂုဏ်ပြုကဗျာ ရေးပေးခဲ့ပါတယ်။ ဒီ သမိုင်းဝင် ကဗျာလေးကို ၈၈၈၈ (၃၆) နှစ်ပြည့်မှာ ပြန်လည်ဖတ်ရှု့ကြည့်ကြပါဦး။

# ကမာရွတ်ပြည်လမ်းဆုံအစာငတ်ခံဆန္ဒပြသူများသို့

ဇာနည်နွယ်ဖွား၊ သမီး သားတို့
အမိုးမရှိ၊ လွင်တိတိတွင်
အမိမနီး၊ ဖမနီးနှင့်
ရေစီးထဲမှာ ထိုင်နေပါသည်။
ဇာနည်နွယ်ဖွား၊ သမီး သားတို့
အစာမစား၊ လွန်စွန့်စားကြ။

အစာမစား၊ လွန်စွန့်စားသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
စိတ်အားကိုမွေး၊ မိုးအေးအေး၌
မငေးမငိုက်၊ မေးခိုက်တုန်လျက်
ပြုံးလိုက်ကြည်ရွှင်၊ နေသည်မြင်သော်
ငါ့ရင်ကွဲမျှ၊ ခံစားရလည်း
မြန်မာ့သတ္တိ၊ တန်ခိုးရှိဟု
သိရသောအခါ၊ ငါ ဝမ်းသာသည်
ဇာနည်နွယ်ဖွား၊ သမီး သားတို့
ကိုယ်စိတ်နှစ်ပါး၊ အေးစေသားဟု
တောင်းဆုခြွေလိုက်ရပါ၏ဗျား။ ။

မင်းသုဝဏ်
၁၆-၉-၈၈
မနက် ၆ နာရီ၊ ထွန်းလင်းရိပ်သာ

# ကဗျာဆရာကြီးတင်မိုးရဲ့ရှစ်လေးလုံးရာဇဝင်ကဗျာ

"ရှစ်လေးလုံး ရာဇဝင်"

အသစ်ရေးလို့ မဆုံးနိုင်တဲ့
ရှစ်လေးလုံး ရာဇဝင်။

အသင်းအဖွဲ့တွေ အလိုက်
မင်းမဲ့စရိုက်တွေ လွှမ်းလို့
ဓားထမ်းပြီး ခေါင်းဖြတ်
အငတ်တွေ အသတ်တွေ အနန္တလို့
တချို့က မြင်။

ညီမှု အရေးစုံတဲ့
ပြည်သူ့ အရေးတော်ပုံကြီးပါလား
ကမ္ဘာတုန်အောင် ပြည်သူညီတဲ့
ဒီမိုကရေစီ တိုက်ပွဲများလို့
အားပါးတရ မော်ကွန်းတင်
အာဏာရှင်စနစ် အမြစ်ဖြုတ်ပွဲ။

အရေးတော်ပုံမှာ
သွေးမတုန်သူတွေ သိန်းသန်း
ကိန်းဂဏန်း ချလို့တောင် မရ
ပျပျရေးရေး ခဏမျှမှေးနေတဲ့
ဒို့အရေး ဒို့အခန်း
ဖြောင့်တန်းမှာပဲ။ ။

တင်မိုး
၈၊ ဩဂုတ်၊ ၁၉၉၉ တနင်္ဂနွေနေ့ နံနက်ခင်း

၈၈၈၈ အရေးတော်ပုံကြီးကိုတောင် စစ်အာဏာရှင်တွေက ၈၈ ခုနှစ်က ဆူပူအုံကြွ မင်းမဲ့စရိုက်ဆန်ဆန်ပြုမူမှုတွေဆိုပြီး သေးသိမ်အောင်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ကိုယ်တိုင် ပါ ဝင်ခဲ့ကြတဲ့ သမိုင်းဝင်ပြည်သူ့အရေးတော်ပုံကြီးပါ။ ရဟန်း သံဃာ အလုပ်သမား လယ်သမား ဝန် ထမ်း ကျောင်းသား စသဖြင့် လှည်းနေလှေအောင်း မြင်းဇောင်း မကျန် အားလုံး ပါဝင်ခဲ့ကြတာပါ။ ဒါကို မြင်ပြီး ကဗျာဆရာကြီး မင်းသုဝဏ်က ၈၈၈၈ ဂုဏ်ပြုကဗျာရေးခဲ့သလို ကဗျာဆရာကြီး တင်မိုးကလည်း ၈၈၈၈ အရေးတော်ပုံမှာ သွေးမတုန်သူတွေ သိန်းးသန်း" လို့ ဂုဏ်ပြု ဖွဲ့ဆိုခဲ့ပေါ့။ ၈၈၈၈ ကို ဂုဏ်ပြုကဗျာရေးခဲ့သူ နောက်တဦးကတော့ ကဗျာဆရာကြီး မောင်စွမ်းရည်ပါ။

# မောင်စွမ်းရည်ရဲ့ရှစ်လေးလုံးအရေးတော်ပုံကဗျာ 

"ရှစ်လေးလုံးအရေးတော်ပုံ"

တို့ဗမာပြည်၊ ပြည်သူစုရုံး
ရှစ်လေးလုံးကား၊ နှစ်သုံးဆယ်ပင် တိုင်ခဲ့ပြီ။
ရှမ်း ချင်း ကချင်၊ ကရင် ကယား
မြန်မာ ရခိုင်၊ တရုတ် ကုလား
ကျောင်းသား ရဟန်း၊ ဗန်းရွက်သီလရင်
မျက်မမြင်ရော၊ မျက်မြင်ရော
တူ တံစဉ်ရော၊ ပေါက်ပြားရော
လေးရော မြားရော၊ တုတ်ဓားရော
တောရော မြို့ပါ၊
ဗမာတပြည်လုံး၊ ခြိမ့်ခြိမ့်ချုန်းတဲ့
မဆုံးနေ့ည၊ သွေးတော်ကြသည်
သည်လိုတိုင်ဖောက်၊ လက်သီးမြှောက်ချီ
သည်လိုဟစ်ကြွေး၊ သွေးစည်းသည်။
"စစ်အာဏာရှင် အလိုမရှိ အလိုမရှိ"
"တပါတီစနစ် တိုက်ဖျက်ပြစ် တိုက်ဖျက်ပြစ်"
"ဒီမိုကရေစီ ရရှိရေး၊ တို့အရေး တို့အရေး"
"လူ့အခွင့်အရေး ရရှိရေး၊ တို့အရေး တို့အရေး"
တို့အရေးလို၊ ဟစ်ကြွေးလူထု
တောင်းဆိုမှုသည်၊ လေထု ရေထု
မြေထုတုန်ဟီး၊ တော်လည်းမြည်ဟိန်း
လူ့သန်းသိန်းတို့၊ မချိန်းမချက်
လမ်းပေါ်တက်ကြ၊
ထွက်လော့ ထွက်လော့ တပါတီ
ထူလော့ ထောင်လော့ ဒီမိုကရေစီ
အရေးတော်ပုံ အောင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
တို့တိုက်ပွဲ ဆင်နွှဲရှေ့သို့ချီ
အရေးတော်ပုံ အောင်ရမည်။ ။

မောင်စွမ်းရည် 
* (၈၈၈၈) အရေးတော်ပုံကြီး နှစ် ၃၀ ပြည့်တွင် ရေးသည်။

# ရှစ်လေးလုံးကဗျာတိုကလေးများ

ဖုန်းမော်
ပြုံးပျော်ကာ သေသွား …။
မေ့မရခဲ့ဘူး
လွမ်းမျက်ရည် ကြွေပါပေါ့လား။ ။

ဒီကဗျာလေးရဲ့ခေါင်းစဉ်ကို ရှာမတွေ့ပါ။ ဒါပေမဲ့ RIT ကျောင်းသား ကိုဖုန်းမော်ကျဆုံးတဲ့နှစ်ပတ်လည်ပွဲတွေမှာ ဒီကဗျာလေးကို ရွတ်ကြတယ်။ ဒီကဗျာခေါင်းစဉ်ကို မသိရသလို ကဗျာတပိုင်းတစလား။ သို့မဟုတ် ကဗျာတိုလေးလားဆိုတာ မသဲကွဲပါ။ ဒါပေမဲ့ ဒီကဗျာကလေးကို နံရံကပ် ရေးထားလျှင် ဖတ်မိသူ ကျနော်တို့ ကျောင်းသားတွေဟာ ရင်နင်အောင် ခံစားလာရတတ်ပါတယ်။ ဒီကဗျာကြောင့် တောခိုသွားကြသူတွေလည်း ရှိခဲ့ပါတယ်။ နောက်ထပ်ကဗျာတိုလေးတပုဒ်ကတော့ ...

"ရှစ်လေးလုံး"

တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မယ်။

မင်းကိုနိုင်

သည်ကဗျာလေးကလည်း ကိုမင်းကိုနိုင်ရဲ့ ၈၈၈၈ ကဗျာတပိုင်းတစပါပဲ။ ကျနော်တို့ ဆန္ဒပြကြတဲ့အခါ၊ ကျောင်းသားတပ်မတော်မှာ တိုက်ပွဲတွေ တိုက်ကြရာမှာ ကျောင်းနံရံတဝိုက် ဒေါင်းအလံ ပြန်စိုက်မယ်လို့ ရွတ်ဆို ခွန်အားယူကြရတဲ့ထိ ပါဝါကြီးတဲ့ကဗျာတိုလေးပေါ့။ ကိုမင်းကိုနိုင်ရဲ့ ၈၈၈၈ ကဗျာနောက်တပုဒ်ကတော့ "သစ္စာ" ကဗျာပါ။ ၈ ရက် ၈ လ ၁၉၈၈ မတိုင်ခင် ရက်ပိုင်း အလိုမှာပဲ ဒီကဗျာဟာ တနိုင်ငံလုံးကို ပြန့်နှံ့သွားခဲ့တယ်။ ကျနော်တို့ကိုယ်တိုင်လည်း ကူးဖြန့်ခဲ့ကြတယ်။ ကျနော်တို့အတွက်တော့ ပထမဆုံး ၈၈၈၈ သမိုင်းဝင်ကဗျာ ဖြစ်ပါရဲ့။

#သစ္စာ

အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏ ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ဝိညာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာပြုမိပါလျှင်
အသင်တို့၏ မညွတ်ပျောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတဝက်မှ
ပေးဆပ်ရလည်း
လူဘုံလမ်းခွဲ ဝမ်းမနည်းဘဲ
တာဝန်တရပ် ကျေပွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဉာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့် ကြိုဆိုကြပါလေ ။ ။

မင်းကိုနိုင်

ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း ကဗျာတွေများစွာရှိပါတယ်။ အခုဆို ရှစ်လေးလုံးအရေး တော်ပုံကြီးဟာ ၃၆ နှစ်ရှိပါပြီ။ ဒီလိုနှစ်ပတ်လည်ကာလမှာ လက်လှမ်းမီသမျှကိုသာ ရေးသား ဖော် ပြလိုက်တာပါ။ ဒါကြောင့်မို့ ၈၈၈၈ ကဗျာကောင်းတွေ များစွာ ကျန်နေပါသေးတယ်။ ဘာပဲပြောပြော ၈၈၈၈ ဟာ အင်အား ကောင်းခဲ့ပါတယ်။ ဂုဏ်ရောင်ပြောင်ခဲ့ကြ။ သတ္တိပြခဲ့ကြ၊ စွန့်လွှတ်ခဲ့ကြ၊ အနစ်နာခံခဲ့ကြပေါ့။ အလားတူ ထို့ထက်ပိုစွာသော နွေဦးတော်လှန်ရေးကြီးကလည်း ၈၈၈၈ (၃၆) နှစ်မှာ လှိုင်လုံးကြီးပမာရိုက်ခတ်လို့ပေါ့။ ဒါကြောင့်လည်း နွေဦးအင်အားစုတွေနဲ့ ၈၈ အင် အားစုတွေ ပေါင်းစည်းပြီး မဟာအင်အားအကြီးမားဆုံးအချိန်ကို ၃၆ နှစ်ပြည့်ကာလမှာ ရောက်ရှိနေနှင့်ပြီ။ ၈၈၈၈ က သွေးကြွေး ၂၀၂၄ မှာ အတိုးရင်းပေါင်း ဆပ်ချိန်ရောက်နေပြီ စစ်အာဏာရှင်တို့ရေ့။ အလှည့်ကြတော့ မနွဲ့ကြစတမ်းပေါ့။ ။

မောင်တူး
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar