Breaking News

လတ်တလော လူထုရဲ့ အခက်အခဲတွေ ဘယ်သူတွေ ဖြေရှင်းဖို့ တာဝန်ရှိလဲ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၆ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၄


လတ်တလော လူထုရဲ့ အခက်အခဲတွေ ဘယ်သူတွေ ဖြေရှင်းဖို့ တာဝန်ရှိလဲ

စစ်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွေမှာ အသက်ဘေးကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့ရွာတွေကနေ တိမ်းရှောင်ရတဲ့ အန္တရာယ် အပြင် သဘာဝဘေးအန္တရာယ်၊ စားသောက်ကုန်၊ ခရီးသွားလာရေးနဲ့ စိုက်ပျိုးရေးတို့မှာပါ သုံးစွဲရတဲ့ လောင်စာဆီ၊ ဆေးဝါး စတာတွေကို သယ်ယူခွင့်မပြုပဲ ပိတ်ဆို့ထားတာတွေကြောင့် ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်တဲ့ အကျပ်အတည်းတွေ ကို လူထုအနေနဲ့ ခါးစည်းခံစားနေကြရတာ ဖြစ်ပါတယ်။ 

ဘေးဒုက္ခတွေ အန္တရာယ်တွေ အထဲမှာ အသက်ဘေးအန္တရာယ်ကတော့ ထိပ်ဆုံးမှာရှိတာမှန်ပေမယ့်လို့ ရှင်သန်နေထိုင်ရတဲ့ ဘဝတွေက ခက်ခဲလွန်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနေတာကြောင့် အသက်ဆုံးရှုံးရခြင်းက အခက်အခဲ အကျပ်အတည်းတွေကနေ လွတ်မြောက်သွားတဲ့ အဖြစ်မျိုးတောင် ထင်မြင်ယူဆ လာနေကြတာကို ကြားသိနေရပါတယ်။ 

ဒုက္ခတွေ အခက်အခဲ အကျပ်အတည်းတွေကို အဆိုးဆုံးကနေ တန်းစီရေးချကြည့်မယ်ဆိုရင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ထဲ ကျန်ရစ်ခဲ့တဲ့ အရပ်သားတွေ  လက်နက်တွေ၊ ကောင်းကင်က ကျလာတဲ့ လက်နက်ကြီး နဲ့ ဗုံးတွေကြောင့် ထိခိုက်သေဆုံးကြရတဲ့ အဖြစ်တွေ၊ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရပေမယ့် ကုသမှုခံယူနိုင်တဲ့ ဆေးရုံတွေဆီ မသွားနိုင်တဲ့ အဖြစ်အပျက်တွေ၊ ရှမ်းမြောက်ဒေသပြီးနောက် ရခိုင်ပြည်နယ် မောင်တောမြို့ နဲ့ အနီးအနားက ကျေးရွာတွေက ရိုဟင်ဂျာ ဒေသခံတွေရဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကလည်း ရှမ်းမြောက်ဒေသ လားရှိုးမြို့က အဖြစ်အပျက်တွေထက် မလျော့ဘဲ ကြီးမားတဲ့ အသက်အန္တရာယ် ကျရောက်နေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

မောင်တောမြို့ သိမ်းတိုက်ပွဲ ဖြစ်ပွားလုဆဲဆဲ အခြေအနေမှာ မောင်တောမြို့နဲ့ မြို့အနီးအနားက ကျေးရွာတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် တိမ်းရှောင်ဖို့ စုဝေးနေကြတုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ဘေးရှောင် ၂၀၀ ထက်မနည်း အသက်ဆုံးရှုံးရတယ် ဆိုတဲ့ သတင်းတပုဒ်လည်း ယနေ့ နေ့စွဲနဲ့ ဖော်ပြထားတာ တွေ့ရှိရပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သတင်းတွေ ထပ်မံထွက်ပေါ်ကောင်း ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။ 

အခုလို ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွေကို တိမ်းရှောင်ကြတဲ့ ရိုဟင်ဂျာတွေကို ပစ်ခတ်တဲ့ အဖွဲ့အစည်းက Arakan Army က ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့  ဖေဖေါ်ဝါရီလ စစ်မှုမထမ်းမနေရ ဥပဒေ အသက်ဝင်တယ်လို့ ကြေညာပြီးနောက်မှာ ရိုဟင်ဂျာ လူငယ်နဲ့ လူလတ်ပိုင်းတွေကို စစ်ကောင်စီဘက်က အတင်းအဓမ္မစစ်သားစုဆောင်းခဲ့ရာကနေ AA နဲ့ ရိုဟင်ဂျာ လူမှုအသိုက်အဝိုင်းအကြား ဆက်ဆံရေး အခြေအနေကျဆင်းခဲ့ပြီး စုဆောင်းခံရတဲ့ ရိုဟင်ဂျာ လူငယ်တွေ၊ ပြည်သူ့စစ်၊ သို့မဟုတ် စစ်မှုထမ်းတွေအပေါ် AA အနေနဲ့ ရန်သူ လက်နက်ကိုင်တွေ အဖြစ် သတ်မှတ်ခဲ့ပြီး ဘူးသီးတောင် ဒေသ၊ မောင်တောဒေသတွေမှာ ရိုဟင်ဂျာတွေရဲ့  နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်၊ ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း ထွက်ပေါ်လာတဲ့ အကြောင်းအရာကတော့ အထက်က ဖော်ပြခဲ့တဲ့ စစ်ဘေးကနေ တိမ်းရှောင်ဖို့ စုဝေးနေတဲ့ ရိုဟင်ဂျာတွေ၊ နတ်မြစ်ကို လှေနဲ့ ဖြတ်ကူးဖို့ လုပ်နေတဲ့ ရိုဟင်ဂျာတွေကို ဒရော့ဗုံး၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံးစတာတွေ နဲ့ ပစ်ခတ်ခဲ့တယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ 

အခုလို တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တဖွဲ့က အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့ရင် ဘယ်လို ကာကွယ်ကြမလဲ၊ ဖြေရှင်းကြမလဲ ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပြီး ဒီလို အဖြစ်အပျက်တွေ နောက်ထပ် မဖြစ်ပွားအောင်၊ တာဝန်ခံမှုရှိဖို့ ကြားဝင်ဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်း စနစ်တွေလည်း ရှိမနေတာ တွေ့ရမှာပါ။ 

ယခင်နှစ်ကုန်ခါနီးကစပြီး ရခိုင်ပြည်နယ်နဲ့ အခြားဒေသတွေအကြား စားသောက်ကုန်၊ လောင်စာဆီ၊ ဆေးဝါး စတဲ့ ကုန်ပစ္စည်းတွေကို လွတ်လပ်စွာ သယ်ယူခွင့်မပေး၊ အရပ်သားတွေကို ခရီးသွားလာခွင့်မပေးပဲ ပြည်နယ်တခုလုံး အနေအထားနဲ့ ပိတ်ဆို့ထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကလည်း လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး လ၊ နှစ်ပေါက်လုနီး ပိတ်ဆို့ထားခြင်းကို အတိုင်းအတာတခုထိ ပြေလည်နိုင်မယ့် နည်းလမ်းက အိန္ဒိယနယ်စပ်ကနေ ပလက်ဝမြို့နယ်ကို ဖြတ်ပြီး ရိက္ခာ၊ လောင်စာဆီတွေ တင်သွင်းတဲ့ နည်းလမ်း ဖြစ်ပါတယ်။ သို့ပေမယ့် AA ထိန်းချုပ်ထားတဲ့ ပလက်ဝ ဒေသနဲ့ ပတ်သက်လို့ အငြင်းပွားမှု မကြေလည်မှုတွေ ဖြစ်ပေါ်ပြီး အိန္ဒိယနိုင်ငံဘက်က အရပ်ဖက် အဖွဲ့အစည်းတွေက ကန့်သတ်မှုတွေ ချမှတ်ခဲ့တာကြောင့် ရခိုင်ပြည်နယ်ရဲ့ အနေအထားက တခုမကတဲ့ ပြဿနာတွေကို တပြိုင်နက်တည်း ဖြေရှင်းရတဲ့ အဖြေရှာဖို့ ကြိုးစားနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင် တပ်နဲ့ တော်လှန်ရေး တပ်တွေအကြား လက်နက်ကိုင် ပဋိပက္ခ တခုထည်းမဟုတ်တဲ့ သဘော၊ တပြိုင်နက်တည်းမှာ တန်းတူရေး၊ အခြားသော လူမျိုးစုအခွင့်အရေးကို လေးစားလိုက်နာရေး စတဲ့ ပြဿနာတွေကိုလည်း တပြိုင်နက်တည်း အဖြေရှာနိုင်ဖို့  တွန်းအားတွေ ဖြစ်ပေါ်လာနေတာ တွေ့ရပါတယ်။ 

ပြည်သူတွေ အဖို့ စစ်ဘေးအပြင် အခြား ဘေးအန္တရာယ်က ရေကြီးတဲ့ ဘေးအန္တရာယ်၊ အရေးပေါ် ကယ်ဆယ်ရေး အကူအညီ၊ လူသားချင်းစာနာမှု အကူအညီ စတာတွေ လုပ်ဆောင်နိုင်ဖို့ လက်နက်ကိုင် တိုက်ပွဲ၊ စစ်ရေး အောင်နိုင်ဖို့က ပထမ၊ ဒုတိယ၊ တတိယ လို့ဖြစ်နေချိန်မှာ အရေးပေါ် ကယ်ဆယ်ရေးနဲ့  လူသားချင်းစာနာမှု အကူအညီကိစ္စက တိမ်မြုပ်သွားတဲ့ လက္ခဏာတွေ ဖြစ်ရပ်တွေ မြင်တွေ့နေရတာပါ။ 

မြို့သိမ်းတိုက်ပွဲနဲ့ ရေကြီးတဲ့ ဘေးအန္တရာယ် တပြိုင်ထည်း ကျရောက်ခဲ့တဲ့ မြို့လို့ဆိုရင် သံတွဲမြို့ကို ညွှန်ပြရမှာ ဖြစ်ပါတယ်။ ရေစတင်မြင့်တက်လာချိန်နဲ့ လက်နက်ကိုင် တိုက်ပွဲ အရှိန်မြင့်လာချိန် တပြိုင်နက်ထည်းလိုလို ဖြစ်ပြီး မြို့ကလူနေရပ်ကွက်တွေ နေအိမ်တွေ ရေနစ်မြုပ်နေချိန်မှာတော့ မြို့ပေါ်မှာ လူမရှိသလောက် နည်းပါးနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ သံတွဲ အပြင် ကုလားတန် မြစ်နဘေးက ကျောက်တော်မြို့လိုမှာလည်း ရေဘေး ကြုံတွေ့ကြရပြီး ကယ်ဆယ်ရေး ကူညီရေး လုပ်ဆောင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်တာမျိုး မတွေ့ကြရဘဲ၊ ရေဘေးဒုက္ခကို မိမိတို့ တတ်နိုင်သလောက် ခွန်အားနဲ့ ခါးစည်းခံစားကြရတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်လို အလားတူ ရေဘေးနဲ့ လက်နက်ကိုင် တိုက်ပွဲ တပြိုင်နက်တည်း ဖြစ်ပွားနေတဲ့ ဒေသတွေက တနင်္သာရီတိုင်းက တနင်္သာရီမြို့ ရေကြီးမှု ဖြစ်ပါတယ်။ 

လက်နက်ဘေး၊ ဖမ်းဆီးသတ်ဖြတ်ခံရမယ့် ဘေး၊ သဘာဝဘေးအန္တရာယ်တွေ ကျရောက်နေတဲ့ အခုလို အခြေအနေအောက်မှာ မြန်မာနိုင်ငံဒေသအများအပြားက လူထုအဖို့ ကယ်ဆယ်ကူညီမယ့် အဖွဲ့အစည်း ၊ စနစ်ယန္တရား ဘာမျှ မရှိတဲ့ အနေအထားအောက် အသက်ရှင်သန်ရခြင်းက သေဆုံးခြင်းထက် ခက်ခဲနေတယ်လို့တောင် တင်စားရင် လွန်မယ် မထင်ပါဘူး။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar