လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျားကန်နေရတဲ့ စစ်ကောင်စီတပ်တွေ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၈ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၄
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျားကန်နေရတဲ့ စစ်ကောင်စီတပ်တွေ
မြေပြင်မှာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ၊ တပ်စခန်းတွေ၊ စကခ ဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်တွေကို ထိန်းသိမ်းထားနိုင်ဖို့ နဲ့ ထိုးစစ်ဆင်လာတဲ့အခါ ထိခိုက်သေဆုံးမှု နယ်မြေဆုံးရှုံးမှု သက်သာရာရဖို့အတွက် နေ့စဥ် စစ်ကောင်စီတပ်က တိုက်လေယာဥ်၊ လေ့ကျင့်ရေးသုံး လေယာဥ်၊ ရဟတ်ယာဥ်တွေ ဒါဇင်နဲ့ချီ အသုံးပြုပြီး မြန်မာနိုင်ငံ တောင်ဖက်ဖျား တနင်္သာရီတိုင်းကနေ မြောက်ဖက်ဖျား ကချင်ပြည်နယ်၊ အရှေ့ဘက် ရှမ်းပြည်နယ်၊ အနောက်ဘက် ရခိုင်ပြည်နယ်တွေ အထိ နိုင်ငံ တနံတလျား လေကြောင်းကနေ တိုက်ခိုက်ပြီး ခုခံကာကွယ်နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ရှမ်းမြောက်မှာ ကွတ်ခိုင်၊ လောက်ကိုင်၊ သိန္နီ၊ မူဆယ် အစရှိတဲ့ နယ်မြေတွေမှာ ၄င်းတို့ လက်လွှတ် ဆုံးရှုံးထားရတဲ့ မြို့တွေက ရုံးတွေ၊ စျေးတွေနဲ့ ဘာသာရေး အဆောက်အဦလို လူစုဝေးတဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေပြီး မြေပြင်က ပေးပို့လာတဲ့ ထောက်လှမ်းရေး အချက်အလက်တွေအရ ပစ်မှတ်ကို ရွေးချယ် အချိန်ကိုက်တိုက်ခိုက်တာလား သို့မဟုတ် ထိလိုရာထိစေ၊ ၄င်းတို့ လက်လွှတ်လိုက်ရတဲ့ မြို့မှာ အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး နဲ့ အခြားသော ပုံမှန်အခြေအနေလိုမျိုး မရောက်စေရအောင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခြောက်ခြားစေဖို့ ကြိုးစားနေတာလား ရှင်းရှင်းလင်းလင်း မရှိတဲ့ အနေအထားဖြစ်ပါတယ်။ အချို့သော လေကြောင်းတိုက်ခိုက်မှု ဖြစ်ရပ်တွေက မြေပြင်က သတင်းအချက်အလက် ရရှိပုံရသော်လည်း အချို့သော တိုက်ခိုက်မှုတွေက စစ်ရေးနဲ့ လက်နက်ကိုင် အဖွဲ့စုဝေးတဲ့ နေရာမျိုးမဟုတ်ဘဲ လူအများစုဝေးတဲ့ ဈေးလိုနေရာမျိုးကို ဗုံးကြဲတိုက်ခိုက်တာမျိုးက မြေပြင်သတင်းအချက်အလက် ကြောင့် မဟုတ်ဘဲ မြို့ကို ပုံမှန်အခြေအနေ မရောက်အောင် ကြောက်လန့်နေအောင် ရည်ရွယ်ပြီး တိုက်ခိုက်တဲ့ သဘောလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေက မြောက်ပိုင်းလက်နက်ကိုင်တွေ တခု လုပ်လို့ သက်ဆိုင်တဲ့ အဖွဲ့က ထိန်းချုပ်ထားတဲ့ နယ်မြေထဲက မြို့ကို တချက် ပြန်လုပ်တဲ့ သဘော၊ တခုချင်း လက်စားခြေ တိုက်ခိုက်တဲ့ သဘောလည်း ဆောင်တာတွေ့ရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် လားရှိုးမြို့ သိမ်းတိုက်ပွဲ ပြင်းထန်နေစဥ် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က စစ်ဆေးရုံကို MNDAA က တိုက်ခိုက်သိမ်းယူတဲ့ အဖြစ်အပျက်အတွက် လောက်ကိုင်မြို့က ဆေးရုံကို ဗုံးကြဲတဲ့ ဖြစ်စဥ်၊ ကျောက်မဲ တိုက်ခိုက်မှု အတွက် ကွတ်ခိုင်မြို့ရဲ့ နေရာအချို့ကို ဗုံးကြဲတဲ့ အဖြစ်အပျက်တွေက တခုချင်း လက်တုံ့ပြန် တိုက်ခိုက်တဲ့ လုပ်ရပ်တွေလို့ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင် အနေအထားမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ လေကြောင်း ပစ်ကူကို အသုံးပြုခဲ့ပေမယ့် အခုကာလလို နေ့စဥ်နဲ့အမျှ လေတပ်မှာ ရှိတဲ့ တိုက်လေယာဥ် ၊ ရဟတ်ယာဥ် တိုက်ခိုက်ရေးမှာ အပြည့်အဝ အသုံးချနေရတဲ့ ကာလမျိုး မရှိခဲ့ဖူးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ လေကြောင်းပျံသန်းတိုက်ခိုက်မှု ဘယ်လောက်များသလဲဆို ၃ နှစ်ကျော်ကာလအတွင်း မတော်တဆမှုကြောင့် ဖြစ်ဖြစ်၊ တဖက်လက်နက်ကိုင်က ရှိတဲ့ လက်နက်ကိုအသုံးချပြီး ရဟတ်ယာဥ်၊ တိုက်လေယာဥ်တွေကို ပစ်ချလို့ဖြစ်ဖြစ် ထိခိုက်ပျက်စီးမှုနဲ့ တိုက်လေယာဥ်မှူး သေဆုံးမှု ကိန်းဂဏန်းလည်း အမြင့်ဆုံး ရောက်ရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ မကြာသေးတဲ့ ရက်အတွင်းက လေတပ်က စစ်ဗိုလ်ချုပ်တယောက် ရဟတ်ယာဥ်ပျံတက်စမှာ မတော်တဆဖြစ်ပြီး ရဟတ်ယာဥ်ပျက်ကျ သေဆုံးခဲ့ရတဲ့ အထိဖြစ်ပွားနေတာပါ။
စစ်ကောင်စီ အနေနဲ့ နိုင်ငံရဲ့ အခွန်အကောက်ကရတဲ့ ဘဏ္ဍာငွေ၊ သယံဇာတက ရတဲ့ ဘဏ္ဍာငွေတွေ အများစုကို စစ်စရိတ်အဖြစ် အသုံးချနေရာမှာ လေကြောင်းတိုက်ခိုက်မှု အတွက် အသုံးပြုရတဲ့ ပမာဏက ပြီးခဲ့တဲ့ ၃ နှစ်ဝန်းကျင် ကာလအတွင်း တရှိန်ထိုးမြင့်တက်နေမှာ အသေအချာပင်ဖြစ်ပါတယ်။ လေယာဥ် လောင်စာဆီ၊ လက်နက်ခဲယမ်း အတွက် ဝယ်ယူသုံးစွဲရတဲ့ ဘဏ္ဍာငွေပမာဏက မနည်းလှတဲ့ ပမာဏ ဖြစ်ပါလိမ့်မယ်။
ရှမ်းမြောက်ဒေသက မြို့တွေကို လတ်တလော လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာပြီးနောက်မှာ သြဂုတ်လ ၆ ရက်နေ့ နေ့စွဲနဲ့ မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ က ခုရက်ပိုင်းအတွင်း ထုတ်ပြန်ချက် တခု ထုတ်ပြန်ပြီး တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အစိုးရတွေကို တားဆီးပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမဟုတ်တဲ့ မြို့တွေ၊ ဒေသတွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တာဖြစ်တယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံကိုသာ နာမည်တပ်ရည်ညွှန်းပြီး တားဆီးပေးဖို့ မေတ္တာရပ်ခံတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားတာဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ လေယာဥ်ဆီ ဝယ်လို့မရအောင် ပိတ်ဆို့မှုတွေ လုပ်ဖို့ နှိုးဆော်တာတွေ ရှိနေပေမယ့် ထိရောက်တဲ့ အနေအထားတော့ မတွေ့ရသေးပါဘူး။ အချို့သော နိုင်ငံတွေအနေနဲ့ မရောင်းချသည့်တိုင် အာဆီယံနိုင်ငံတွေထဲက နိုင်ငံတချို့ကတော့ စစ်ကောင်စီကို ရောင်းချပေးနေတဲ့ အနေအထားတည်း တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ အရပ်ဘက်ခရီးသည် လေယာဥ်တွေအနေနဲ့ လေယာဥ်ဆီကို ချွေတာ သုံးစွဲနေရတဲ့ အနေအထားမျိုး ကြားသိရပေမယ့်လည်း စစ်ဘက်သုံး လေယာဥ် ရဟတ်ယာဥ်တွေ အနေနဲ့ ချွေတာနေရတဲ့ အနေအထားတော့ မမြင်တွေ့ရသေးပါဘူး။ ခုနှစ်ကာလတွေအတွင်း လေကြောင်း တိုက်ခိုက်မှုတွေက နေ့စဥ် နဲ့အမျှ ၊ မိုးလင်းမိုးချုပ်၊ ည သန်းခေါင်ကျော် အချိန် စသဖြင့် ၂၄ နာရီပတ်လုံး အချိန်မရွေး တဖက်မှာ ရှောင်တိမ်း ပြင်ဆင်ချိန်မရအောင် ရည်ရွယ် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ် တားဆီးနိုင်တဲ့ နောက်နည်းလမ်းတခုကတော့ လေယာဥ်ပစ် လက်နက်တွေ ရရှိဖို့ နည်းလမ်းဖြစ်ပါတယ်။ အကုန်အကျများပြီး လေ့ကျင့်မှုလည်း လိုအပ်တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်စွက်ဖက်မှု ကြီးကြီးမားမား မရှိရင် မဖြစ်နိုင်တဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာစခန်းတွေနဲ့ စစ်ဌာနချုပ် သိမ်းယူရရှိရာမှာ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ သိမ်းယူရရှိကောင်း ရရှိနိုင်ပါတယ်။ သို့မဟုတ် စခန်းတွေ မကျဆုံးမီ အဆိုပါ လက်နက်တွေကို သုံးစွဲလို့မရအောင် ဖျက်ဆီးခဲ့တာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လက်ရှိ အနေအထားမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခိုင်ခိုင်မာမာ ခုခံကာကွယ်နိုင်တဲ့ အနေအထား မရှိသေးဘူးလို့ ဆိုရမယ့် သဘောဖြစ်ပြီး စစ်ကောင်စီ အနေနဲ့ နယ်မြေတွေ ပြန်မသိမ်းနိုင်သည့်တိုင် မတည်ငြိမ်အောင် ရည်ရွယ်ချက်နဲ့ ဒုက္ခပေးနေဦးမယ့် အနေအထားလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar