Breaking News

ကိုနီတွတ် - ပြည်သူ့ပါဝါ

Art by Than Htay Maung
ပြည်သူ့ပါဝါ
ကိုနီတွတ်
(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၄

တချိန်တခါက ကမ္ဘာ့နေမဝင် အင်ပါယာ ကမ္ဘာ့နံပါတ်တစ် နိုင်ငံ၊ အင်္ဂလန်။ 

သူတို့တိုက်ခိုက်သိမ်းပိုက်ခံရသည့်နိုင်ငံများကား ကမ္ဘာ့အနှံအပြား။ အလွန်ပါဝါအင်အားကြီးမားခဲ့သည့်ထိုနိုင်ငံကြီးသည်လက်အောက်ခံနိုင်ငံများ၏ ပြန်လည်တွန်းလှန်တိုက်ခိုက်မှုကြောင့် သူပိုင်နိုင်ငံများဆုံးရှုံးခဲ့ရာ ယခုအချိန်တွင် ဓနသဟာယနိုင်ငံအနည်းငယ်ဖြင့်ဖွဲ့စည်းထားသည့် ကမ္ဘာ့အစိတ် အပိုင်းတစ်ခုအနေသာ ရှိတော့သည်။ သူ့လိုပင် အင်အားကြီးမားခဲ့သည့် ပြင်သစ်စစ်တပ်ကြီးသည်လည်း ဒိန်ဗင်ဖူးခံတပ်တိုက်ပွဲတွင် လက်ကျန်စစ်သည်အင်အား ၃ သောင်းကျော်ရှိလျက် ဗီယက်နမ်ဆိုသော တက်သစ်စနိုင်ငံငယ်လေးကို ဆုံးရှုံးခဲ့ရဖူးသည်။ ကမ္ဘာ့နေမဝင်အင်ပါယာနိုင်ငံအောက်က လွတ်မြောက်ခဲ့သည့်နိုင်ငံတိုင်း ပြည်သူပြည်သားတို့၏စုစည်းမှုက အဓိကကျခဲ့သည်။ ပြင်သစ်စစ် တပ်ကိုအနိုင်တိုက်ခဲ့သည့် ဗီယက်နမ်သည်လည်း ပြည်သူပြည်သားအားလုံးက ပြောက်ကျားစစ်သားစစ်သမီးများ။ အခြားလူသူလက်နက်အင်အားကြီးမားပါသည်ဆိုသော စစ်တပ်ကြီးများ သည်လည်း ပြည်သူပြည်သားတို့၏ညီညွှတ်မှုအားကိုမခံနိုင် အရှုံးပေးခဲ့ရသည့်သမိုင်းသက်သေ သာဓကများ ရှိခဲ့ကြသည်မဟုတ်လော။

1027 operations ပထမလှိုင်းကတည်းက ကျရှုံးရန်တည်းတည်းလေးကျန်ခဲ့သည့် လားရှိုး အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကျောက်မဲ စကခ (၁)။ နည်းဗျူဟာကျကျ၊ အရှိန်အဟုန်ပြင်းစွာသောတော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများအောက် တစ်စခန်းပြီး တစ်စခန်း၊ တစ်ဗျူဟာပြီး တစ်ဗျူဟာ၊ တစ်မြို့ပြီး တစ်မြို့ ကျရှုံးခဲ့သည်မှာ မယုံနိုင်စရာ၊ ထူးထွေသည့် အံရာသောဝ်။

ကမ္ဘာ့အဆင့် ၃၅/၃၈ အဆင့်ရှိပါသည်ဆိုသော​​​​​​ မြန်မာ့တပ်မတော်၊ ကြည်း ရေ လေ ဟန်ချက်ညီတိုက်ခိုက်နိုင်သည်ဆိုသော တပ်မတော်၊ လူသူလက် နက်အင်အား အဆင့်အတန်းမြင့်မားပါသည်ဆိုသော တပ်မတော်၊ နိုင်ငံတနိုင်ငံတွင် အစိုးရတရပ်သာအုပ်ချုပ်ရမည်ဖြစ်ပါလျက် စင်ပြိုင်အစိုးရသဖွယ် နိုင်ငံ၏ ပြည်ထဲရေး၊ ကာကွယ်ရေး အဓိကဌာနတို့ကိုချုပ်ကိုင်ထားသည့်တပ်မတော်၊ ဘက်ဂျက်အသုံးစရိတ်ကို လိုသလောက်သုံးစွဲနိုင်ပြီး စာရင်းစစ်ကင်းလွတ်ခွင့်ရ အခွင့်ထူးခံ တပ်မတော်၊ လက်နက်များအဆက်မပြတ် ထုတ်လုပ်နိုင်သည့် စက်ရုံ ၂၄ ရုံရှိထားသော တပ်မတော်၊ နိုင်ငံ၏ အကြီးအကဲသမ္မတဖြစ်လျက် ပြည်ထဲရေး၊ ကာ ကွယ်ရေးဌာနတို့ကို ဘာမှပြောဆိုခွင့်မရှိပဲ ညွှန်ချုပ်အဆင့်လောက်သာ ရာထူးအင်္ဂါစဉ်ရှိသူက ထိန်းချုပ်ထားသည့် တပ်မတော်၊ အား လုံးသောလုပ်ငန်းများနိုင်ငံပိုင်ဖြစ်ရမည်ဖြစ်လျက် တပ်ပိုင်၊ ဦးပိုင် လုပ်ငန်းအဖြစ်အမည်ခံကာ မောင်ပိုင်စီးခွင့်ရနေသည့် မြန်မာ့တပ်မတော်။ ရသည့်လစာ ၂/၃ သိန်းသာဖြစ်လျက် ဘီလျံနာသူဌေး ဗိုလ်ချုပ်များရှိနေသည့် တပ်မတော်။ နိုင်ငံ၏အရာထမ်း၊ အမှုထမ်းများကိုနိုင်ငံရေးမလုပ်ရ၊ နိုင်ငံရေးနှင့်ကင်းရှင်းရမည်ဥပဒေထုတ်ဆင့်ထားသော်လည်း နောက်ခံပါတီထောင်ကာ နိုင်ငံရေးကိုချယ်လှယ်နေပြီး လက်တလုံးကြားလှည့်ကွက်များဖြင့် နိုင်ငံကိုမောင်ပိုင်စီးထားသည့် တပ်မတော်။ ဥပဒေကိုချိုးဖောက်သည်မှာ ထင်ထင်ရှားရှားဖြစ်ပါလျက် ထိုသူသည် တပ်မတော်သားဖြစ်လျှင် အရပ်ဖက်တရားရုံးမှ တရားစီရင်ပိုင်ခွင့်မရပဲ တပ်မတော်ကသာ လျှော့ပေါ့သောပြစ်ဒဏ်များချမှတ်ခွင့်ရှိနေသည့် တပ်မတော်။ တချိန်လုံးတပ်မတော်သားဖြစ်ပါလျက် သူတို့ပိုင်ဆိုင်သည့်ပိုင်ဆိုင်မှုများ လက်ညိုးထိုးမလွဲရှိနေသည့် တပ်မတော်။ ထိုတပ်မတော်ကြီးကိုဦးစီးရန် ဗိုလ်သင်တန်းကျောင်းများမှ ဗိုလ်များ စဥ်ဆက်မပြတ်မွေးထုတ်ပေးနေသည့် မြန်မာ့တပ်မတော်။ တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ တပ်သားစုဆောင်းရေးတပ်၊ လေ့ကျင့်ပေးနေသည့်တပ်၊ ကိုယ်ပိုင်တပ် မတော်ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များရှိသည့်တပ်မတော်။ ပြည်ပနိုင်ငံများသို့ စစ်ပညာတော်သင်များအမြဲမပြတ်လွတ်ကာ နိုင်ငံ့သားကောင်းဗိုလ်များမွေးထုတ်ပေးနေသည့် တပ်မတော်။တစ်သုတ်ပြီးတစ်သုတ် စဥ်ဆက်မပြတ်လေ့ကျင့်ပေးနေသည့် ထိုမြန်မာ့တပ်မတော်ကြီး။ အရာရာ အခြေ အနေအားလုံး ပြီးပြည့်စုံနေသည့် မြန်မာ့တပ်မတော်ကြီး။

ပြည်သူပြည်သားအားကျစရာ အပေါ်ယံအခြေအနေများသည် ထိုတပ်မတော်ကြီးတွင် အပြည့်အဝ။ မည်သည့် EROs အဖွဲ့အစည်းလက်နက်တပ်မဆို တိုက်၍မနိုင်ခဲ့သော ထိုတပ်မတော်ကြီးသည် ခပ်တည်တည် မာန်သွယ် ဟန်ထည်ပြနေသည်မှာ ပြည်သူပြည်သားများ ယုံကြည်အား ကိုးစရာ။

မြန်မာ့စစ်တိုင်းဌာနချုပ်အင်္ဂါစဉ်အလိုက် တတိယအကြီးဆုံးနှင့် ယခင်အချိန်များက ပြောင်မြောက်စွာတိုက်ခိုက်နိုင်ခဲ့သည့် တိုက်ပွဲသမိုင်းမှတ်တမ်းများရှိခဲ့သည့် ရမခစစ်တိုင်းဌာနချုပ်ကြီး လားရှိုး။ အခိုင်အမာ တည်ဆောက်ထားသည့် ခံတပ်။ ပြည်ပကျူးကျော်စစ်ကို ကြိုတင်ရှေးဦးတိုက်ခိုက်ရန်ဖြစ်သည့် ခံတပ်ကြီး။ လေ့ကျင့်မှုပြည့်ဝနေသော စစ်သားများဖြင့် အမြဲအသင့်ဖြစ်နေသည့် ရမခ။ အထက်ဖော်ပြပါအချက်များဖြင့် ရှိနေသည့် မြန်မာ့တပ်မတော်ကြီး၏ လက်အောက်ခံစစ် ဌာနချုပ်ကြီး။ 

တဖန် အထူးခေါင်းမာနေသည့် ကျောက်မဲ စကခ (၁)။ ထိုကျန်နေသည့်တပ်အားလုံးတို့သည် 1027 operations ပထမလှိုင်းက ဟိုင်ဂင်စာချုပ်ကြောင့်မကျရှုံးခဲ့ပဲ နဂိုအနေအတိုင်းရှိခဲ့ရာ လူသူလက် နက် စိတ်ကြိုက်အားဖြည့်ဆည်းချိန် ၆ လခန့် ရခဲ့သည်။ ထိုကြောင့်ပင် တက်ရဲတဲ့ကောင် တက်ခဲ့၊လုံးဝမကျစေရဘူးစသဖြင့် ဂုဏ်ဆာအစွယ်ပြ လက်သီးပုန်းပြနေခဲ့သည်။ တကယ်လည်း ထိုစစ် ဆင်ရေးအဆက် ဒုတိယလှိုင်းလည်းစရော သူတို့၏သမိုင်းကောင်းများသည် စာရွက်ပေါ်မှာသာဖြစ်နေပါကြောင်းပေါ်လွင်ကုန်သည်။ စစ်လော်ဘီများ၏ သွေးထိုးလှုံဆော်မှုများကြောင့်လည်းကောင်း ကောင်း၊ မအလနှင့် အပေါ်ယံဗိုလ်ချုပ်တစု၏ ခေါင်းမာနေမှုများကြောင့်လည်းကောင်း၊ လက်တွေ့အောက်ခြေအခြေအနေမှန်နှင့်ကင်းဝေးနေသည့်အဖြစ်အပျက်များကို မပြုပြင်နိုင်ပဲ ဇွတ်တရွတ် ဒရွတ်ဆွဲခံစစ်ပြင် ခံစစ်ဇုံထဲကတိုက်နေသည်မှာ ယင်းတို့၏ပြောင်မြောက်လှသောဗျူဟာများလော။ အိမ်တအိမ်ထဲတွင်နေကာ အိမ်အပြင်ဖက်ကသူများနှင့် တိုက်နေပုံက တူတော့သည်။ အိမ်ထဲကနေ အိမ်အပြင်ဖက် အကြောင်းအကြောင်း အရာများမသိရှိရပဲ ရူးနှမ်းစွာတိုက်နေသည်နှင့် တူတော့ သည်။ ထို့ကြောင့်ပင် ကျရှုံးစခများ မြင်မကောင်း။ လက်နက်ချ အလံဖြူထောင်သူများထောင်ချီ ရာချီ။ ထွက်ပြေးပုန်းရှောင်းနေသူများလည်း အများအပြား။ CDM လုပ်သူများလည်း မနည်း မနော။ UWSA နှင့် SSPP စသည့် EROs တပ်များနှင့် ထိုတပ်မတောကြီးအပေးအယူသဘောတူညီချက်လုပ်မထားလျှင် ထိုရမခနှင့် စကခတို့သည် ဆောလျင်စွာ ကျရှုံးမည်ဖြစ်သည်။

ထို လားရှိုး ရမခနှင့် ကျောက်မဲစကခ (၁) တို့သည် သာကောကြီးခြေထိုးမှုဖြင့် ၆ လခန့်ပြင်ဆင်ချိန်များရခဲ့သည်။ လူသူလက်နက်အင်အား ထပ်မံဖြည့်ဆည်းခဲ့သည်ဖြစ်ရာ အပေါ်ယံအပြင်ပန်းအနေဖြင့် အလွန်ကြောက်စရာကောင်းသည်။ မြေပြင် ကြည်းကြောင်းအပြင် လေတပ်ကပါ ကူညီနိုင်သလို ဒရုန်းတပ်အသစ်စက်စက်ကိုလည်း အင်အားဖြည့်ထားခဲ့ကြသည်။ သို့သော် တော်လှန်ရေးတပ်များ၏သတင်းကို​ ဂဃနဏ မရခဲ့။ ဘယ်ပြညာချီ သတင်းများ မသိကြ။ ယုန်တောင်ပြေး ခွေးမြောက်လိုက် သတင်းများသာ ရကြသည်။ အဘယ်ကြောင့်ပါနည်း။ အစဥ်အလာကြီးမားပါသည်ဆိုသောမြန်မာ့တပ်မတော်ကြီးသည် တိုက်ပွဲဖြစ်လျှင် ပြည်သူတို့၏ နေ အိမ်တိုက်တာများအပေါ် ဗုံးကျဲချသည်။ လက်နက်ကြီးများဖြင့် ထိချင်ရာထိ ပစ်သည်။ မီးရှိုးဖျက်ဆီးသည်။ လုယက်ဓမြတိုက်သည်။ လူသတ်အကြမ်းဖက်သည်။ လူသားတံတိုင်းလုပ်သည်။ သူပုန်အားပေးဟု စွပ်စွဲဖမ်းဆီးသည်။ အကြမ်းဖက် ကူညီသူများဟု ရှုမြင်သည်။ မိမိတို့ပြည်သူ ပြည်သား၊ နိုင်ငံသူ နိုင်ငံ သားဟု မယူဆ၊ မသတ်မှတ်။ သူပုန်အားပေးလျှင် ဤသို့ခံရမည်ဟုဆိုသော အကြမ်းဖက်ဝါဒကို ဆွဲကိုင်သည်။ လူမကျန်လည်းနေ မြေကျန်လျှင်ရပြီဟူသော မူဝါဒ ဆိုးများဖြင့် ပြည်သူများကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်သည်။ ပြည်သူကို ရန်သူသတ်မှတ်သည်။ပြည်သူအင်အားကို အလေးမထား။ ပြည်သူထောက်ခံအောင် မလုပ်။ မိမိတို့လုပ်ရပ်အကျိုးအကြောင်းကို မဆန်းစစ်။ အရာရာ ပြည်သူ့အပြစ်ပုံချကာ ကလိမ်ကျစ်ဥာဏ်ဖြင့် အနိုင်ကျင့်သည်။ မည်သည့်ပြည်သူက ထိုသို့သောအဖွဲ့အစည်းကို ထောက်ခံပါမည်နည်း။ သတင်းပို့ပါမည်လော။ ဘက်တူချင်ပါမည်နည်း။ မျက်စိမှိတ် ထောက်ခံပါမည်နည်း။ UWSA ၏ကူညီမှုကြောင့် လားရှိုးရမခကြီး အနည်းငယ်သက်သာရာရခဲ့သည်။ လက်နက်ချစစ်ဗိုလ်အကြပ်တပ်သားနှင့် မိသားစုများ အသက်ချမ်းသာရရခဲ့သလိုလူသားဆန်စွာ လူ့အခွင့်အရေး ရခဲ့သည်။ ရမခကြီးကျပြီး ကျောက်မဲ စကခသည်လည်း SSPP ၏ ကြားခံစေ့စပ်ပေးခဲ့မှုကြောင့် ၆.၈.၂၀၂၄ နေ့လည်တွင် SSPP တပ်များနှင့် တော်လှန်ရေးတပ်များ၏အစောင့်အရှောက်ဖြင့်ကား ၄၂ စီးစာ ရှမ်းတောင်ဖက်သို့ ကျွဲကုန်၊ ပုံဝိုး၊ ရပ်စောက်လမ်းမှအန္တရာယ်ကင်းစွာ ထွက်ခွင့်ရခဲ့သည်။ ခေါင်းဆက်မာနေပါက အသက်နှင့်အိုးစား ကွဲဖို့သာရှိတော့သည်။

ပြည်သူမကြည်ဖြူသော မည်သည့်အဖွဲ့အစည်းမဆို မည်မျှအင်အားကြီးမားပါစေ၊ အနှေးနှင့်အမြန် ကျရှုံးပျောက်ကွယ်သွားမည်မှာ သေချာသည်။ သင်ခန်းစာယူစရာသမိုင်းအဖြစ်အပျက်များလည်း ကမ္ဘာ့သမိုင်းတွင် ဒုနှင့်ဒေး။ ယခုလည်း သင်ခန်းစာယူစရာအဖြစ်အပျက်တစ်ခု တိုးလေပြီ။ ထိုအရာကား မြန်မာ့တပ်မတော်ဆိုသော စခတပ်ကြီး၏ စစ်တိုင်းဌာနချုပ်များအနက် တတိယအကြီးဆုံး လားရှိုး ရမခစစ်တိုင်းကြီး၏ ကျဆုံးခန်း။ 

မကြာသောအချိန်ကာလများတွင်လည်း အမ်း၊ မြစ်ကြီးနား၊ မန္တလေး စစ်တိုင်းဌာနချုပ်များအနက် မည်သည့်စစ်တိုင်း ကံစမ်းမဲပေါက်လေမည်မသိ။ ပြည်သူတို့ထောက်ခံမှုရှိသော တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို အင်အားကြီးမားပါသည်ဆိုသော ဘယ်စစ်တပ်က ခံနိုင်ပါမည်နည်း။ ညီညာလျှင် ပြည်သာ ရသည်မဟုတ်လော။ နွေဦးတော်လှန်ရေးပန်းတိုင်ကား နီးသည်ထက်နီးလာလေပြီ။   
ကိုနီတွတ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar